စစ်တပ်ရဲ့ အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ ထိုးကျသွားခဲ့ပြီး၊ ပြည်သူတွေဟာ နေ့စဉ်စားဝတ်နေရေးအတွက် ကြီးမားတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
ရွှေဈေး၊ ဒေါ်လာဈေးနဲ့အတူ ကုန်ဈေးနှုန်းတွေကလည်း မိုးပျံလို့ နေရာ အာဏာသိမ်းတဲ့ ၃ နှစ်ကျော်အတွင်းမှာတင် ကုန်ဈေးနှုန်း ၃ ဆ ကျော်တက်ခဲ့သလို မြန်မာနိုင်ငံဟာလည်း ၂၀၂၃ ခုနှစ်က ထုတ်ပြန်ခဲ့တဲ့ ကမာ္ဘ့အငတ်ဘေးဆိုက်သော ၁၂၅ နိုင်ငံစာရင်းမှာ အဆင့် ၇၂ နေရာကို ရထားပါတယ်။ မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ ရေဘေးသင့်မှုတွေကြောင့် လာမယ့်နှစ်မှာ ဒီထက်ပိုဆိုးတဲ့အဆင့်ကို ရောက်သွား နိုင်မယ်လို့လည်း ပညာရှင်တွေက ခန့်မှန်းထားကြပါသေးတယ်။
လက်ရှိမှာတင် ရခိုင်ပြည်နယ်က ပြည်သူ ၂သန်းခန့်ဟာ ပဋိပက္ခနဲ့ စစ်တပ်ရဲ့ ပိတ်ဆို့မှုကြောင့် အငတ်ဘေးနဲ့ ရင်ဆိုင်ရတော့မယ်လို့ ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် (UNDP)ရဲ့ သုတေသနပြုမှု အစီရင်ခံစာက မကြာသေးမီက ဆိုပါတယ်။
ဒါတွေရဲ့ အကျိုးဆက်အနေနဲ့ အရင်က ကြက်သား၊ ဝက်သား၊ အမဲသား စားနိုင်ခဲ့တဲ့ မိသားစုတွေတောင် အခုဆို ငါးခြောက်၊ ပဲပုပ်တို့နဲ့ပဲ ရက်ဆက် ဖြတ်သန်းနေကြရပါပြီ။ အရင်က အသားကောင်းကောင်း စားခဲ့ရတဲ့ ပြည်သူတွေဟာ အခုတော့ အရိုးကိုက်ရတဲ့ အခြေအနေ မှာ ရှိနေပါတယ်။ မြန်မာပြည်သူတွေ အငတ်ဘေးဆိုက်ခြင်းက ကာကွယ်နိုင်ဖို့ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ စီမံထားတာတွေရှိ ပေမယ့် အဲဒီအကူအညီတွေဟာ အငတ်ဘေးဆိုက်နိုင်တဲ့ ပြည်သူ ၁၃ သန်းရဲ့ ၁၈ ရာခိုင်နှုန်းဖြစ်တဲ့ ၂.၃ သန်းကျော်ကိုပဲ ပေးနိုင်မှာဖြစ်ပြီး ကျန်တဲ့ ပြည်သူ ၁၀ သန်းကျော်ကတော့ လျစ်လျူရှုခံရမယ့် အနေအထားမှာ ရှိပြီး ကိုယ့်ဝမ်းကိုယ်ကျောင်းရမယ့် အခြေအနေမှာ ရှိပါတယ်။
ကုန်ဈေးနှုန်းမြင့်တက်လာတာ၊ အစားအသောက်ရှားပါးလာတာတွေကြောင့် အငတ်ဘေးတွေ ကြုံလာနိုင်မယ့်အပြင် အာဟာရချို့တဲ့မှုနဲ့ ကူးစက်ရောဂါတွေ ဖြစ်ပွားနိုင်မှုတွေကလည်း တနေ့ထက်တနေ့ တိုးလာနေပါတယ်။
မြန်မာပြည်သူတွေရဲ့ နေထိုင်စားသောက်မှုပုံစံဟာ ဗိုက်ပြည့်ဖို့ကိုသာ အဓိကထားပြီး အာဟာရပြည့်ဝမှု မရှိပါဘူး။ ဒါကြောင့် ပုံမှန် အခြေအနေမှာတောင် အာဟာရချို့တဲ့မှုတွေဖြစ်လေ့ရှိရာ အခုလို အခြေအနေမှာတော့ ပိုဆိုးလာလေ့ရှိပါတယ်။ နိုင်ငံတကာ ကျန်းမာရေး အဖွဲ့အစည်းတွေက ထုတ်ပြန်တဲ့ နောက်ဆုံးစာရင်းတွေအရ မြန်မာပြည်သူတွေဟာ ရှိသင့်ရှိထိုက်တဲ့ အာဟာရတန်ဖိုး ပြည့်ပြည့်ဝဝ မရကြ ပါဘူး။ အာဟာရတန်ဖိုး အလိုအပ်ဆုံးဓာတ်တွေက အသားဓာတ်ခေါ် ပရိုတင်းဓာတ်နဲ့ ကြေးဓာတ်ခေါ် ကော့ပါး ဓာတ်တို့ ဖြစ်ပါတယ်။ အာဟာရ ပြည့်ဝဖို့ထက် မငတ်ဖို့ကိုသာ အဓိကထား စားသောက်နေရတဲ့ အခြေအနေမှာ ရှိနေပါတယ်။
“ဆန်ကြမ်းတောင် ရေစိုထားတဲ့ ဆန်ကြမ်းကို စားရသလို ဆီဆိုရင်လည်း မကောင်းမှန်းသိရက်နဲ့ စားအုန်းဆီကိုတောင် တန်းစီဝယ် နေရတဲ့ အခြေအနေဆိုတော့ အာဟာရဓာတ်ချို့တဲ့တာတွေက မဆန်းကြယ်ဘူးလို့တော့ ထင်ပါတယ်” လို့ ပြည်သူတဦးက ဆိုပါတယ်။
အာဟာရ ချို့တဲ့မှုတွေအပြင် အစားအသောက်မှတဆင့် ကူးစက်ဖြစ်ပွားနိုင်တဲ့ ရောဂါ ၂၀၀ ကျော်ရဲ့ အန္တရာယ်ကလည်း တနေ့တခြား စိုးရိမ်ဖွယ်ရာ ဖြစ်လာနေပါတယ်။ အစားအသောက်တွေကို ဈေးသက်သာစွာ ရောင်းချသူတွေအနေနဲ့ သန့်သန့်ရှင်းရှင်း မစီမံကြလို့ တိရစာ္ဆန်အသေတွေ ပါလာတာတွေက ကူးစက်ရောဂါတွေ ပိုမိုဖြစ်ပွားဖို့ လှုံ့ဆော်ရာလည်း ရောက်ပါတယ်။ ဒါ့ပြင် ပြည့်ဝဆီတွေဖြစ်တဲ့ စားအုန်းဆီကိုပဲ အဓိကထား သုံးစွဲသူတွေမှာ နာတာရှည်ရောဂါတွေ စွဲကပ်နိုင်ပြန်ပါသေးတယ်။
ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဘယ်လိုဖြေရှင်းကြမလဲ
ကုန်ဈေးနှုန်းတွေ မြင့်တက်နေတဲ့အပြင် အာဟာရတန်ဖိုး ပြည့်ပြည့်ဝဝရရှိဖို့နဲ့ ကျန်းမာအောင် နေထိုင်နိုင်ဖို့အတွက် ပြည်သူတွေအနေနဲ့ ကိုယ့်ကိုယ်ကိုယ်သာ အားကိုးစရာရှိပါတယ်။ အဲဒီလို အခြေအနေမျိုးတွေမှာ အောက်မှာ ဖော်ပြမယ့် ဖြေရှင်းနည်းတွေက တဖက်တလမ်း က အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။
အိမ်တွင်း အသေးစား စိုက်ပျိုးခြင်း
အိမ်မှာရှိတဲ့ မြေကွက်လပ်တွေမှာ သီးပင်စားပင်တွေ စိုက်ပျိုးခြင်းက အိမ်နောက်ဖေး ဈေးဆိုင်တည် ဆိုသလို ဈေးဖိုး ကုန်ကျတာကို လျှော့ချနိုင်သလို အာဟာရတန်ဖိုး ပြည့်တဲ့ အသီးအရွက်တွေကိုလည်း စားသောက်နိုင်မှာဖြစ်ပါတယ်။ ငရုတ်ပင်၊ ခရမ်းချဉ်ပင်၊ ဆလတ် အစရှိတာတွေကို အစေ့ချ စိုက်ပျိုးနိုင်သလို ရိုးတံကတဆင့် အပင်ပြန်ပေါက်တဲ့ ဟင်းသီးဟင်းရွက်တွေကိုလည်း စိုက်ပျိုးနိုင်ပါတယ်။ တကယ်လို့ စိုက်စရာ မြေမရှိတာပဲဖြစ်ဖြစ်၊ စစ်ဘေးရှောင်နေရလို့ ပြေးလွှားနေရတယ်ဆိုရင်လည်း Hydropoinc ခေါ် မြေမဲ့စိုက်ပျိုးခြင်း နည်းလမ်းတွေနဲ့လည်း စိုက်ပျိုးနိုင်ပါတယ်။
မြေမဲ့စိုက်ပျိုးနည်း(Hydroponics) ဆိုတာ မြေကြီးမလိုဘဲ ရေထဲမှာ အပင်တွေ စိုက်ပျိုးတဲ့ နည်းလမ်းတစ်ခု ဖြစ်ပြီး အပင်တွေ သန်စွမ်းဖို့ မီးသွေးလိုမျိုး အာဟာရဓာတ်တွေကို ရေထဲ ထည့်ပေးရပါတယ်။ ဒီနည်းလမ်းက IDP စခန်းတွေ၊ မြေမရှိတဲ့အိမ်တွေနဲ့ မြို့ပေါ်ဒေသတွေမှာ အထူးအဆင်ပြေပါတယ်။ နေရာကျဉ်းလေးနဲ့ စိုက်လို့ရတာ၊ လွယ်လွယ်ကူကူ သယ်ယူနိုင်တာ၊ ပိုးမွှားဒဏ် နည်းနည်းပဲခံရတာစတဲ့ အားသာချက်တွေ ရှိပါတယ်။
ခရမ်းချဉ်သီး၊ ဟင်းနုနွယ်၊ ပင်စိမ်းတို့လို ဟင်းသီးဟင်းရွက်တွေကို အများဆုံး စိုက်ကြပြီး မိသားစုဝမ်းစာအတွက် အထောက်အကူဖြစ် စေပါတယ်။ စိုက်ပျိုးရလွယ်ကူပြီး ရှင်သန်မှုကောင်းတဲ့အတွက် အိမ်တွင်းစားဝတ်နေရေးကိုလည်း များစွာ အထောက်အကူ ပြုနိုင်ပါတယ်။
အစားထိုး အာဟာရပြည့် အစားအစာများစားသုံးခြင်း
ကုန်ဈေးနှုန်းကြီးမြင့်လို့ အသားဝယ် မစားနိုင်တာကြောင့် အသားဓာတ် အားနည်းနေတယ်ဆိုရင် ပဲအမျိုးမျိုးကို အစားထိုးစားနိုင်ပါတယ်။ မြန်မာနိုင်ငံဟာ ပဲအမျိုးမျိုး တင်ပို့ရောင်းချမှုများတဲ့ နိုင်ငံ တနိုင်ငံဖြစ်တာကြောင့် ပဲဈေးတွေ မြင့်မားနေတယ်ဆိုရင်တောင် ပြည်သူတွေ လက်လှမ်းမီတဲ့ အခြေအနေတခုမှာ ရှိနေပါသေးတယ်။
ဒါ့ပြင် တခြားသော အာဟာရဓာတ်တွေအတွက်လည်း အစားထိုးအာဟာရပြည့် အစားအစာတွေကို စားသုံးနိုင်ပါသေးတယ်။ ကြက်သားနဲ့ ငါး ဝယ်မစားနိုင်ဘူးဆိုရင်လည်း ကြက်ရိုး၊ ကြက်ခေါင်းတွေအပြင် ငါးခေါင်း တွေကို ကိုယ့် ဒေသချက်ပြုတ်နည်းတွေနဲ့ စိတ်ကြိုက်မွမ်းမံပြီး ပုံစံမျိုးစုံနဲ့ စားသုံးတာမျိုးတွေ လုပ်နိုင်ပါတယ်။ ကြက်ရိုးနဲ့ ငါးခေါင်းတွေကို စားသုံးခြင်းက အသားငါးတွေ စားတာထက်တောင် ပိုလျှံတဲ့ အာဟာရကို ရရှိနိုင်တယ်လို့လည်း အာဟာရဗေဒပညာရှင်တွေက ဆိုပါတယ်။
ဒီလိုစားသုံးမှုပုံစံကို ကျင့်သုံးမယ်ဆိုရင် အာဟာရချို့တဲ့မှု ပြဿနာကို ရင်ဆိုင် ကျော်လွှားနိုင်မှာလည်း ဖြစ်ပါတယ်။
ရာသီပေါ် ဒေသထွက်ကုန်များကို ဝယ်ယူသုံးစွဲခြင်း
နိုင်ငံခြားဖြစ် အစားအသောက်တွေ ဝယ်ယူစားသုံးမယ့်အစား ရာသီပေါ် ဒေသထွက်ကုန်တွေကို ဝယ်ယူ သုံးစွဲမယ်ဆိုရင် ဈေးသက်သာနိုင် တဲ့အပြင် စိုက်ပျိုးရောင်းချသူတွေအတွက်လည်း အကျိုးရှိတာကြောင့် နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းနိုင်ပါသေးတယ်။ ရာသီပေါ် အသီးအနှံတွေက ဈေးသက်သာလေ့ရှိတဲ့အပြင် လတ်လတ်ဆတ်ဆတ်လည်း ရှိတာကြောင့် ကျန်းမာရေးကိုလည်း များစွာ အထောက်အကူ ဖြစ်စေပါတယ်။
ဒါပေမယ့် တခုသတိထားရမှာက စိုက်ပျိုးသူတွေဟာ သီးနှံအထွက်တိုးဖို့နဲ့ ပိုးမွှားကာကွယ်ဖို့အတွက် ပိုးသတ်ဆေးနဲ့ ဓာတ်မြေဩဇာ တွေကို အသုံးပြုလေ့ရှိပါတယ်။ ဒါက ကျန်းမာရေးအတွက် အန္တရာယ်ဖြစ်နိုင်တဲ့အတွက် ဟင်းသီးဟင်းရွက်တွေကို မချက်ပြုတ်ခင် ရေစင်အောင် ဆေးကြောဖို့တော့ လိုအပ်ပါတယ်။
ဓာတုဆေးအကြွင်းအကျန်တွေ ကင်းစင်ဖို့ ဆိုရင်တော့ ဝယ်လာပြီး ဒေသထွက်ကုန်တွေကို ဆားရည်နဲ့ စိမ်တာ ဒါမှမဟုတ် ရှာလကာရေနဲ့ ဆေးကြောတာမျိုးတွေ လုပ်နိုင်ပါတယ်။
အစားအစာ ဖြုန်းတီးမှုကို လျှော့ချခြင်း
မီးဖိုချောင်မှာရှိတဲ့ အမှိုက်တောင်းတွေကို အမှိုက်စွန့်ပစ်မှု အနည်းဆုံးဖြစ်အောင် လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ အစားအစာဖြုန်းတီးမှုကို လျှော့ချတယ်ဆိုတဲ့နေရာမှာ ထမင်းများများစားပြီး ကုန်ကျစရိတ် လျှော့ချတာမျိုး မဟုတ်ဘဲနဲ့ အလေအလွင့်မဖြစ်အောင် လုပ်ဆောင် တာမျိုး ဖြစ်ပါတယ်။ အိမ်မှာပဲ ချက်စားတာကစလို့ ပိုလျှံတဲ့အစားအသောက်တွေကို သေချာသိမ်းဆည်းပြီး နောက်တနေ့ ပြန်စားသုံးတာ၊ ဟင်းသီးဟင်းရွက်တွေ မပုပ်အောင် ဆားရည်စိမ်တာတွေ၊ ဆီစုပ်မှုနည်းတဲ့ အိုးတွေသုံးစွဲတာ၊ ဟင်းသီးဟင်း ရွက်ပြုတ်ရည်ကို ဟင်းရည် အနေနဲ့ ပြန်လည်သုံးစွဲတာ စတာတွေက အစားအစာဖြုန်းတီးမှုကို အများကြီး လျှော့ချနိုင်တယ်လို့ အာဟာရ ဗေဒ ပညာရှင်တွေက ပြောထားပါတယ်။
ရပ်ရွာပတ်ဝန်းကျင်နှင့် ပူးပေါင်းလုပ်ဆောင်ခြင်း
ရပ်ရွာပတ်ဝန်းကျင်နဲ့ ပူးပေါင်းပြီး အစားအသောက်တွေကို ဝယ်ယူမယ်ဆိုရင် အများဈေးဖြစ်တာကြောင့် ဈေးသက်သက်သာသာနဲ့ ဝယ်ယူရရှိနိုင်ပါတယ်။ ဒါ့ပြင် ဈေးသက်သာတဲ့ အစားအသောက် ရနိုင်တဲ့နည်းတွေ၊ တန်ဖိုးနည်း အာဟာရပြည့်ဝ ဟင်းချက်နည်းတွေ မျှဝေတာမျိုးတွေလည်း လုပ်ဆောင်နိုင်ပါတယ်။
စစ်အာဏာသိမ်းမှုနဲ့အတူ ဖြစ်ပေါ်ခဲ့တဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှုတွေကြောင့် မြန်မာပြည်သူတွေဟာ နေရင်းထိုင်ရင်း ထမင်းငတ်ရမယ့်ကိန်း ဆိုက်နေပါတယ်။ ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေရဲ့ စစ်တမ်းတွေမှာသာမက ပြည်သူတွေရဲ့ ပကတိအခြေအနေမှာ ဒီပြဿနာတွေကို ထင်ထင်ရှားရှား မြင်တွေ့ရမှာဖြစ်ပေမယ့်လည်း စစ်ကောင်စီကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး လက်ရှိအချိန်အထိ “အထူးစိတ်ပူစရာ မလိုဘဲ အားလုံးကောင်းပါသည် ခင်ဗျာ”လို့ ပြောနေဆဲပဲ ဖြစ်ပါတယ်။
စောအောင်ထွန်းသည် ဆေးပညာ နှင့် ဇီဝဆေးသိပ္ပံ ပညာရပ်များကို ထိုင်းနိုင်ငံတွင် အထူးပြု လေ့လာနေသူတဦးဖြစ်သည်။
You may also like these stories:
စစ်ပွဲပဋိပက္ခကြား ကလေးငယ်တွေရဲ့ စိတ်ကျန်းမာရေး ပြဿနာများ
မြန်မာဆင်းရဲသားများ အိန္ဒိယသွားပြီး ကျောက်ကပ်များ ရောင်းစားနေ
စိတ်ဒဏ်ရာနှင့် မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေး ရုန်းကန်နေရ