အမေရိကန်၏ ပြည်ပအကူအညီ အများအပြားကို ဆိုင်းငံ့ထားရန် သမ္မတထရမ့်၏ အုပ်ချုပ်ရေးအမိန့်ကို မလိုက်နာသောကြောင့်ဟုဆိုကာ ထရမ့်အစိုးရသည် အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (USAID) တွင် တသက်တာလုပ်ကိုင်ခဲ့ကြသည့် အထက်တန်းအရာရှိအများအပြားကို တနင်္လာနေ့ ညနေ ၆ နာရီကျော်တွင် ခွင့်ယူခိုင်းလိုက်သည်။
USAID ခေတ္တအုပ်ချုပ်ရေးမှူး ဂျေဆင်ဂရေးက USAID ဝန်ထမ်းများအားလုံးသို့ပေးပို့သော ရုံးတွင်းအကြောင်းကြားစာတွင် “သမ္မတ၏ အုပ်ချုပ်ရေးအမိန့်နှင့် အမေရိကန် ပြည်သူများ၏ အခွင့်အာဏာပေးအပ်ထားခြင်းကို ချိုးဖေါက်ရန် ရည်ရွယ်ပုံရသည် လုပ်ရပ်အများအပြားကို USAID အတွင်း မိမိတို့တွေ့ရသည်။ ထို့ကြောင့် ထိုလုပ်ရပ်များကို မိမိတို့၏ သရုပ်ခွဲလေ့လာမှု ပြီးစီးအောင်ပြုလုပ်နေစဉ် နောက်ထပ်တစုံတရာ အကြောင်းမကြားမီအထိ လစာနှင့် အကျိုးခံစားခွင့်အပြည့်ဖြင့် အုပ်ချုပ်ရေးခွင့်ယူစေလိုက်သည်” ဟု ထိုအကြောင်းကြားစာတွင် ဖေါ်ပြထားကြောင်း အမေရိကန်သတင်းဌာန NPR တွင် ဖော်ပြရေးသားချက်များအရ သိရသည်။
ဝန်ထမ်းမည်မျှကို ခွင့်ယူခိုင်းလိုက်သည်ကို ထိုအကြောင်းကြားစာတွင် ဖေါ်ပြခြင်းမရှိပေ။ လက်စားချေခံရမည်ကို စိုးရိမ်သောကြောင့် ထိုအကြောင်းကြားစာ အကြောင်းပြောကြားသည့် ဝန်ထမ်းက သူ၏အမည်ကို NPR သို့ ထုတ်ဖေါ်ပြောဆိုခြင်းမရှိပေ။ “တုန်လှုပ်စရာကောင်းတယ်” ဟု ထိုဝန်ထမ်းပြောသည်။ “ကျနော်သိသလောက်တော့ လုပ်ငန်းရပ်ဆိုင်းဖို့အမိန့်ကို တိတိကျကျ လိုက်နာနေကြတယ်” ဟု သူပြောသည်။
အစိုးရသစ်တခု၏ ထိုသို့သော လုပ်ရပ်ကို မကြားဘူးကြောင်း သူပြောသည်။
၁၉၆၁ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး USAID သည် သေနင်္ဂဗျူဟာအရ အရေးပါသည့် နိုင်ငံများသို့ အကူအညီများပေးပြီး ဆင်းရဲနွမ်းပါးမှု၊ ရောဂါတိုက်ဖျက်ရေးနှင့် ကုသရေး၊ လူသားချင်းစာနာမှု လိုအပ်ချက်များ လျှော့ချရန်နှင့် စီးပွားရေးတိုးတက်မှုကို ထောက်ပံ့ရန် ရည်ရွယ်သည်။ ၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် အသုံးစရိတ် ဒေါ်လာ ၄၀ ဘီလီယံကျော်ရှိပြိး ဝန်ထမ်း ၁၀၀၀၀ ကျော်ရှိကာ အများစုသည် ပြည်ပတွင် လုပ်ကိုင်ကြသည်။
ကျမ်းသစ္စာကျိန်ဆိုသည့်နေ့တွင် ထရမ့်သည် ပြည်ပအကူအညီများသည် အစိုးရ၏ ဦးစားပေးများနှင့် ကိုက်ညီခြင်း မရှိမရှိ ပြန်လည်သုံးသပ်ရန်အတွက် ပြည်ပအကူအညီအားလုံးနီးပါးကို ရက်ပေါင်း ၉၀ ရပ်ဆိုင်းရန် အမိန့်ထုတ်ပြန်သည်။ “အမေရိကန် ပြည်ထောင်စု၏ ပြည်ပအကူအညီပေးရေးလုပ်ငန်းနှင့် ဗျူရိုကရေစီယန္တရားသည် အမေရိကန် အကျိုးစီးပွားများနှင့် ကိုက်ညီခြင်းမရှိဘဲ ကိစ္စအများအပြားတွင် အမေရိကန်တန်ဖိုးများနှင့် ဆန့်ကျင်နေသည်” ဟု ထိုအမိန့်တွင် ဖေါ်ပြထားသည်။
ထိုနောက် သောကြာနေ့တွင် နိုင်ငံခြားရေးဝန်ကြီးဌာနသည် လုပ်ငန်းများရပ်ဆိုင်းရန် အမိန့်ထုတ်ပြန်သည် ထိုအမိန့်သည် အနာဂတ်အကူအညီပေးရေး စီမံချက်များကိုသာမက လက်ရှိအစီအစဉ်များကိုလည်း ရန်ပုံငွေ ရပ်ဆိုင်းသာကြောင့် ကမ္ဘာ့ကျန်းမာရေး ကျွမ်းကျင်သူများကိုတုန်လှုပ်စေသည်။
လွန်ခဲ့သောအပတ်ကုန်တွင် စီမံခန့်ခွဲရေးနှင့် ရင်းမြစ်များအုပ်ချုပ်ရေးမှူး၏ လက်ထောက် ကန် ဂျက်ဆင်က ပြည်ပအကူအညီရပ်ဆိုင်းခြင်းသည် လုံးဝရပ်ဆိုင်းခြင်းဖြစ်ကြောင်း၊ အကူအညီ လုပ်ငန်းသည် ထရမ့်၏ အမေရိကပထမ မူဝါဒနှင့်ကိုက်ညီအောင် USAID ဝန်ထမ်းများက ကူညီသင့်ကြောင်းနှင့် ထိုအမိန့်များကို လျစ်လျူရှုသည့် ဝန်ထမ်းများကိုစည်းကမ်းအရ အရေးယူနိုင်ကြောင်း ဝန်ထမ်းများထံ အီးမေးလ်ဖြင့်ပြောသည်။ NPR သည် ထိုအီးမေးလ် မိတ္တူတစောင်ကိုလည်း ရရှိထားသည်။
“ထိုအမိန့် သို့မဟုတ် ယခုအပတ်အစောပိုင်းနှင့် လာမည်အပတ်များတွင် ပေးပို့သည့်မည်သည့် ညွန်ကြားချက်မဆိုကို လိုက်နာရန် ပျက်ကွက်ခြင်းသည် စည်းကမ်းအရအရေးယူမှု ဖြစ်စေမည်။ ထိုမျှော်မှန်းချက်များကို ၎င်းတို့၏ ဝန်ထမ်းများလိုက်နာအောင်လုပ်ရန် ခေါင်းဆောင်များတွင် တာဝန်ရှိမည်ဖြစ်သည်” ဟု ထိုအီးမေးလ်တွင် ဖေါ်ပြထားသည်။
“သမ္မတ၏ရည်မှန်းချက် အောင်မြင်ရေးအတွက် အထောက်အကူပြုရန် မိမိသည် သမ္မတကိုထောက်ခံရန် တာဝန်ရှိသည်။ ထိုသို့လုပ်ရန် မိမိတို့တဦးစီတွင် ပျောပျောင်းမှုရှိရန်၊ မိမိတို့အလေ့အထမရှိသည့် နှုန်းဖြင့် အလုပ်လုပ်ရန်၊ နိုင်ငံခြားအကူအညီနှင့်ပတ်သက်သည့် အခြေခံအယူအဆများကို စိန်ခေါ်ရန်နှင့် အမေရိကန် ပြည်ထောင်စုကို ပိုမိုဘေးကင်း၊ ပိုမိုအင်အားတောင့်တင်းပြီး ပိုမိုကြွယ်ဝချမ်းသာစေမည့် ဆုံးဖြတ်ချက်များချရန် လိုအပ်သည်” ဟုလည်း ထိုအီးမေးလ်တွင် ဆက်လက်ဖေါ်ပြသည်။
အကူအညီအားလုံးနီးပါးရပ်
အမေရိကန် ပြည်ပအကူအညီများကို ချက်ခြင်း သိမ်းကြုံးဆိုင်းငံ့ကြောင်း သမ္မတ ဒေါ်နယ်ထရမ့် ဇန်နဝါရီလ ၂၇ ရက်နေ့တွင် အမိန့်တခုဖြင့် ကြေညာသည်။ နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီရိုက ထိုညွန်ကြားချက်ကို အမေရိကန်သံရုံးများအားလုံးသို့ ကြေးနန်းဖြင့်ပေးပို့ပြီး လက်ရှိအစီအစဉ်များ လုပ်ငန်းရပ်ဆိုင်းရန်နှင့် အကူအညီသစ်များ ဆိုင်းငံ့ရန် အမိန့်ကို အကောင်အထည်ဖေါ်သည်။ ပြည်ပစစ်ရေးအကူအညီမဟုတ်သည့် အကူအညီအားလုံးနီးပါးရပ်ဆိုင်းခြင်းသည် ကျန်းမာရေးအစီအစဉ်များ၊ ပညာရေးအစီအစဉ်များနှင့် ရေဖြန့်ချိရေးအားထုတ်မှုများကို ထိခိုက်စေသည်။
အမေရိကန်ပြည်ထောင်စုသည် ကမ္ဘာ့အကြီးမားဆုံး ပြည်ပအလှူရှင်ဖြစ်သောကြောင့် အကူအညီများကို ရက်ပေါင်း ၉၀ ရပ်ဆိုင်းပြီး ပြန်လည်သုံးသပ်သည့် ထိုညွန်ကြားချက်သည် လူသားချင်းစာနာမှုအဖွဲ့အစည်းများနှင့် အစိုးရအရာရှိများအကြား ကျယ်ပြန့်သော စိုးရိမ်ပူပန်မှုများဖြစ်စေသည်။
ထိုဆုံးဖြတ်ချက်သည် လူသားချင်းစာနာမှုကဏ္ဍတခုလုံးတွင် တုန်လှုပ်သွားစေသည်။ နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၏မဟာမိတ် InterAction က ထိုလုပ်ရပ်ကို ဝေဖန်လိုက်ပြီး မွေးကင်းစကလေးငယ်များကျန်းမာရေးနှင့် ပညာရေးမှသည် မှောင်ခိုလုပ်ငန်း တိုက်ဖျက်ရေးအထိ အားထုတ်မှုများပါဝင်သော အရေးပါသည့် စီမံချက်များကို တားဆီးခြင်းဖြစ်သည်ဟု ပြောသည်။ AIDS ကယ်ဆယ်ရေး သမ္မတ၏ အရေးပေါ်စီမံချက် (PEPFAR) ကဲ့သို့သော အစီအစဉ်များကို ရပ်ဆိုင်းခြင်းသည် အသက်ကယ် HIV ကုသမှုများ ဖြတ်တောက်လိုက်ပြီး လူသန်းပေါင်းများစွာကို အန္တရာယ်ကျရောက်နိုင်စေကြောင်း နိုင်ငံတကာ AIDS အသင်း သတိပေးသည်။
ထိုသို့ ဆိုင်းငံ့ခြင်းသည် ဒေသတည်ငြိမ်ရေးတွင် အမေရိကန် အကူအညီများ အရေးပါသော အခန်းမှပါဝင်သည့် ယူကရိန်း၊ ဆူဒန်နှင့် ဟေတီကဲ့သို့ ပဋိပက္ခဖြစ်ပွားနေသော ဒေသများတွင် အထူးထိခိုက်သည်။ ထိုသို့လုပ်ခြင်းသည် မိခင်ကျန်းမာရေးဝန်ဆောင်မှုများနှင့် ကလေးငယ်များ ကာကွယ်ဆေးကဲ့သို့သော အရေးပါသည့် အစီအစဉ်များ ချက်ခြင်း ဆိုင်းငံ့ခြင်းဖြစ်ကြောင်းပြောပြီး ဖရိုဖရဲဖြစ်အောင် လုပ်ခြင်းဖြစ်သည်ဟု USAID အရာရှိတဦးပြောသည်။
ထိုဆိုင်းငံ့ခြင်းသည် ပြည်ပအကူအညီနှင့် အမေရိကန်အကျိုးစီးပွားကို ပြန်လည်ချိန်ညှိရန် ကျယ်ပြန့်သောအားထုတ်မှုအစိတ်အပိုင်းဖြစ်သည်ဟု ထရမ့်အစိုးရပြောသည်။ သုံးစွဲသည့် ဒေါ်လာတိုင်းသည် အမေရိကကို ပိုမိုလုံခြုံ၊ ပိုမိုအင်အားတောင့်တင်းပြီး ပိုမိုကြွယ်ဝချမ်းသာရေးကို အကျိုးပြုမှုဖြင့် ဆုံးဖြတ်ရမည်ဟု နိုင်ငံခြားရေးဝန်ကြီး ရူဘီရိုက မှတ်တမ်းတခုတွင်ပြောသည်။
သို့သော် ထိုသို့ စဉ်းစားပုံသည် အမေရိကန် သေနင်္ဂဗျူဟာ အကျိုးစီးပွားကို သွယ်ဝိုက်အကျိုးပြုသည့် ထိုအစီအစဉ်များက ပျိုးထောင်ပေးသည့် ကမ္ဘာ့တည်ငြိမ်မှုကို လျစ်လျူရှုကြောင်း ဝေဖန်သူများပြောသည်။ ဂရီဂေါရီ မိခ်နှင့် လွိုက် ဖရန်ကယ် အပါအဝင် ဒီမိုကရက် အောက်လွှတ်တော်ခေါင်းဆောင်များက ထိုအမိန့်၏ တရားဝင်မှုကို စိန်ခေါ်ပြီး ရန်ပုံငွေ ခွဲဝေခြင်းကို ကွန်ဂရက်က ထိန်းချုပ်သည်ဟု ပြောသည်။ သမိုင်းအရ ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံမှုရှိသော ၂ ပါတီလုံးက ထောက်ခံသည့် သမ္မတ၏ ငှက်ဖျားအစီအစဉ် နှင့် PEPFAR ကဲ့သို့သော အစီအစဉ်များအတွက် စိုးရိမ်ကြောင်းလည်း ၎င်းတို့ပြောသည်။
ကမ္ဘာလုံးဆိုင်ရာ ရိုက်ခတ်မှုနှင့် ပထဝီနိုင်ငံရေး အန္တရာယ်
၂၀၂၄ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုသည် ကုလသမဂ္ဂက မှတ်တမ်းတင်ထားသည့် လူသားချင်းစာနာမှု အကူအညီ အားလုံး၏ ၄၂ ရာခိုင်နှုန်း ရှိသည်။ ထိုသို့ဆိုင်းငံ့ခြင်းသည် အကူအညီတွင် အမေရိက၏ ကမ္ဘာ့ခေါင်းဆောင်မှုကို ထိခိုက်စေမည့် အန္တရာယ်ရှိပြီး လက်ခံရရှိသော နိုင်ငံများအနေဖြင့် အခြားရန်ပုံငွေရင်းမြစ်ရှာရန် ဖြစ်စေပြီး ပထဝီနိုင်ငံရေး ပြိုင်ဘက်များ၏ သြဇာကို ပိုမိုခိုင်မာစေနိုင်ကြောင်း လူသားချင်းစာနာမှုအဖွဲ့အစည်းများ သတိပေးသည်။
ဆန့်ကျင်မှုများရှိသော်လည်း ထရမ့်သည် အကူအညီပေးရေးစနစ်ကို ပြုပြင်ပြောင်းလဲရန် ရက်ပေါင်း ၉၀ ပြန်လည်သုံးသပ်ရေးကို အသုံးပြုရန် သူ၏ရည်ရွယ်ချက်ကို ပြသနေသည်။ ထရမ့်အစိုးရသည် အနာဂတ်ရန်ပုံငွေခွဲဝေမှုများသည် ၎င်း၏ အမေရိက ပထမမူဝါဒနှင့် နီးစပ် ကိုက်ညီစေရန် ပိုမိုတင်းကျပ်သည့် စံနှုန်းများချမှတ်ရန် စီစဉ်နေသည်။ သို့သော် ထို သေနင်္ဂဗျူဟာသည် ကမ္ဘာ့ပူးပေါင်းဆောင်ရွက်မှုကို အားနည်းစေပြီး အမေရိကန် အထောက်အပံ့ကို အကြီးအကျယ်မှီခိုရသည့် ဒေသများကို မတည်မငြိမ်ဖြစ်စေမည်ဟု ကျွမ်းကျင်သူများ သတိပေးသည်။
ကိုးကား။ ။ NPR နှင့် Business Standard တို့မှ သတင်းများ
You may also like these stories:
ထရမ့်မူဝါဒကြောင့် ထိုင်းနယ်စပ် မြန်မာဒုက္ခသည်စခန်းမှ ဆေးရုံများ ရပ်တန့်
ဒီမိုကရေစီအတွက် စိုးရိမ်စရာကောင်းတယ် (ရုပ်/သံ)
ထရမ့်၏ မြန်မာမူဝါဒ ဖြစ်နိုင်ခြေကို အမေရိကန်သံတမန်ဟောင်း သုံးသပ်ချက်
မြန်မာ့အရေး အမေရိကန် ကွန်ဂရက်နှင့် ချိတ်ဆက်နိုင်သည့် နည်းလမ်းများ ရှိသည်
ထရမ့် ရင်ဆိုင်ရမည့် ဂါဇာနှင့် ယူကရိန်း အရေး














