၈။ ကရင်နီ စစ်မျက်နှာ
ကရင်နီတွင် မယ်စဲ့၊ ရှားတော၊ မိုးဗြဲ၊ နန့်မယ်ခုံ၊ မော်ချီး၊ ရွာသစ်၊ ဒီးမော့ဆို မြို့ ခုနစ်မြို့နှင့် စစ်တပ်စခန်း ၆၀ ကျော်အား သိမ်းပိုက်ထားပြီး ကျေးလက်ဒေသအများစုကို ထိန်းချုပ်ထား၏။ ယခင် နယ်ခြားစောင့် တပ်ရင်း နှစ်ရင်းကလည်း စစ်ကောင်စီအား ပြန်လည် ပုန်ကန်ခဲ့၏။ ကရင်နီပြည်နယ်တွင် ကရင်နီအမျိုးသားတိုးတက်ရေး ပါတီ (KNPP)၊ ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ)၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) နှင့် PDF များအပြင် ယခုအခါ ကရင်အမျိုးသားတပ်မတော် (KNA) ဟူသည့်တပ်ဖွဲ့များ များပြားသော်လည်း အချင်းချင်း ပဋိပက္ခ မများဘဲ စည်းလုံးညီညွတ်မှုရှိ၏။
စစ်ရေးအရ ၂၀၂၃ ခုနှစ် ၁ လေးလုံး စစ်ဆင်ရေးဖြင့် လွိုင်ကော်မြို့သိမ်းစစ်ဆင်ရေး ပြုလုပ်ခဲ့သော်လည်း လက်နက်ခဲယမ်း ပြင်ဆင်မှု မလုံလောက်၍ လွိုင်ကော်ဆင်ခြေဖုံးမှ ပြန်ဆုတ်ခဲ့ရသည်။ သို့သော်လည်း ကရင်နီနယ်မြေ အများစုကို ထိန်းချုပ်ထားပြီး စစ်တပ်အား လွိုင်ကော်နှင့် လက်ကျန်မြို့များတွင် ပိတ်ဆို့ထား၏။ လွိုင်ကော်မြို့ပြင်သို့ ထိုးစစ်ဆင်သည့် စစ်ကြောင်းများ၊ ဖယ်ခုံ၊ မိုးဗြဲသို့ ထိုးစစ်ဆင်သည့် စစ်ကြောင်းများနှင့် လမ်းမကြီးများကို ပြန်လည် ထိန်းချုပ်ရန် ကြိုးစားသည့် စစ်ကောင်စီတပ်များကို ကောင်းစွာ ဟန့်တားနိုင်၏။
၂၀၂၄ ခုနှစ်တွင် လွိုင်ကော်မြို့မှ ပြန်လည် ဆုတ်ခွာခဲ့ပြီးနောက် တပ်ဖွဲ့အား ပြန်လည် တည်ဆောက်ပြီး အားဖြည့်နေသည့်အပြင် ကရင်နီရှိ စစ်အင်အား ၃ သောင်းကျော်ခန့်အား တစုတစည်းတည်းသော စစ်ဦးစီးမှုနှင့် ထောက်ပို့စနစ်ကို တည်ဆောက်နိုင်ခဲ့သည်ဟု သိရ၏။ ၂၀၂၅ ခုနှစ်တွင် မြို့သိမ်းတိုက်ပွဲများအပါအဝင် တိုက်ပွဲကြီးများ မြင်တွေ့ရမည်ဖြစ်၏။
၉။ ကရင် စစ်မျက်နှာ
ကရင်ပြည်နယ်တွင် ဖာပွန်၊ ကျိုက်ဒုံ၊ စုကလိ၊ လေးကေ့ကော် မြို့လေးမြို့နှင့် သင်္ဃန်းညီနောင်ဒေသကို ထိန်းချုပ်ထားနိုင်သည်။ ကရင်ပြည်နယ်တွင် ခြေလျင်၊ ခြေမြန် တပ်ရင်းဌာနချုပ် ငါးခုနှင့် လက်ရုံးတပ် တခု စစ်အင်္ဂါစဉ်က ပျောက်ကွယ်သွားပြီဖြစ်၏။ စကခ ၁၂၊ စကခ ၁၃၊ တပ်မ ၄၄၊ စကခ ၈ နှင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ) တိုင်းတပ်များကို အထိနာအောင် တိုက်ခိုက်ထားနိုင်၏။ ကရင်ပြည်နယ်တွင် ရှမ်းမြောက်၊ ရခိုင်၊ ကချင်ကဲ့သို့ အရှိန်ဟုန် မပြင်းသော်လည်း ပုံမှန် တိုက်ခိုက်သွားနိုင်သည်ကို တွေ့ရ၏။

တပ်မဟာ ၆ ဂွင်၌ ဝေါ်လေဗျူဟာမှအပ မြဝတီ၊ ကော့ကရိတ် တောင်ဘက်ခြမ်းအား စိုးမိုးထားနိုင်ပြီး အနန်းကွင်းဗျူဟာကို ပိတ်ဆို့ထားနိုင်၏။
တပ်မဟာ ၇ နယ်မြေတွင် မာနယ်ပလောကို ပြန်လည် သိမ်းပိုက်နိုင်ပြီ ဖြစ်၏။ တပ်မဟာ ၅ ဂွင်တွင် ဖာပွန်မြို့ကို သိမ်းပြီး မြို့ပြင်ရှိ ဗျူဟာကုန်းအား ဝိုင်းပတ်ပိတ်ဆို့ထား၏။ တပ်မဟာ ၃ နယ်မြေတွင် စစ်တောင်းမြစ်တလျှောက် PDF များနှင့်တွဲ၍ လှုပ်ရှားပြီး ညောင်လေးပင်၊ ပဲနွယ်ကုန်း စသည့် ပဲခူးတိုင်းသို့ ထိုးဖောက်နေ၏။
တပ်မဟာ ၇ နယ်မြေတွင် မာနယ်ပလောကို ပြန်လည် သိမ်းပိုက်နိုင်ပြီ ဖြစ်၏။ တပ်မဟာ ၅ ဂွင်တွင် ဖာပွန်မြို့ကို သိမ်းပြီး မြို့ပြင်ရှိ ဗျူဟာကုန်းအား ဝိုင်းပတ်ပိတ်ဆို့ထား၏။ တပ်မဟာ ၃ နယ်မြေတွင် စစ်တောင်းမြစ်တလျှောက် PDF များနှင့်တွဲ၍ လှုပ်ရှားပြီး ညောင်လေးပင်၊ ပဲနွယ်ကုန်း စသည့် ပဲခူးတိုင်းသို့ ထိုးဖောက်နေ၏။
တပ်မဟာ ၅ နယ်မြေ သံလွင်မြစ်မှ တပ်မဟာ ၃ နယ်မြေ စစ်တောင်းမြစ်အထိ အတားအဆီးမရှိ သွားလာနိုင်၏။ တပ်မဟာ ၁၊ တပ်မဟာ ၂ နှင့် တပ်မဟာ ၄ တို့တွင် ပြောက်ကျားတိုက်ပွဲငယ်များရှိ၏။ စစ်ကောင်စီ၏ နိုင်ငံတော်အဆင့် စစ်ဆင်ရေးဆိုသည့် တပ်မ ၅၅ ၏ အောင်ဇေယျစစ်ဆင်ရေး ဆိုသည်ကို ဒေါနတောင်ကြောတွင် ကောင်းစွာ ဟန့်တားနိုင်ပြီး ချေမှုန်းထားနိုင်သကဲ့သို့ မြဝတီကို ပိတ်ဆို့ထားနိုင်၏။
၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းပြီးကတည်းက ၂၀၂၄ ခုနှစ်၊ ဇူလိုင်လအထိ ကရင်အမျိုးသားအစည်းအရုံး (KNU) နယ်မြေအတွင်း စစ်ကောင်စီတပ်စခန်း ၅၃ ခုကို သိမ်းပိုက်ခဲ့ပြီး စခန်း ၈၅ ခု စွန့်လွှတ်သွားခဲ့ကာ စုစုပေါင်းစခန်း ၁၃၈ ခု စွန့်လွှတ်ခဲ့ရသည်ဟု သိရ၏။
၂၀၂၄ ခုနှစ် ဒုတိယနှစ်ဝက် စာရင်းအတိအကျ မရသေးသော်လည်း စွယ်တော်ကုန်း၊ မာနယ်ပလော စသည့် စခန်းကြီးအများအပြား သိမ်းပိုက်ရရှိခဲ့၏။ ကရင်နှင့် ထိုင်းနယ်စပ်အများစုကို KNU က ထိန်းချုပ်ထားနိုင်ခဲ့ကြောင်း တွေ့ရ၏။ ကရင်ပြည်နယ်တိုက်ပွဲများတွင် KNU နှင့်တွဲ၍ PDF များသည် အဓိက တိုက်ခိုက်ရေးအင်အားစုများ ဖြစ်သည်ကို တွေ့ရ၏။
ကရင်ပြည်နယ်တွင် စစ်ကောင်စီ ကောင်းစွာ ထိန်းချုပ်နိုင်သည်မှာ ဘားအံ၊ လှိုင်းဘွဲ့နှင့် ကျုံဒိုးတို့သာ တွေ့ရ၏။ ကရင်စစ်နယ်မြေတွင် အားနည်းချက်ဟုဆိုရမည်မှာ ဖာပွန်ဗျူဟာကို အင်အားနှင့် အချိန်များစွာ အသုံးပြုထားခြင်း ဖြစ်၏။ လက်နက်ခဲယမ်း လုံလောက်မှု မရှိပါက အခြားနည်းဗျူဟာ ပြောင်းလဲသုံးစွဲသင့်၏။ ကရင်နီတွင် လွိုင်ကော်တိုက်ပွဲအား ပြန်လည်သုံးသပ်ပြီး ယာယီ ဆုတ်ခွာပေးသကဲ့သို့ ဖာပွန်တိုက်ပွဲအား ပြန်လည် သုံးသပ်ပြီး ဗျူဟာပြောင်းလဲကျင့်သုံးရန် လို၏။
ကရင်နယ်မြေတွင်း အဓိက အားသာချက်တခုမှာ စစ်တောင်းမြစ်တလျှောက်ရှိ ရွှေကျင်၊ ကျောက်ကြီး၊ မုန်း တို့တွင် KNU တပ်ဖွဲ့ထက် PDF တပ်ဖွဲ့များက အားကောင်းမောင်းသန် လှုပ်ရှားနေပြီး စစ်တောင်းမြစ်နှင့် ရန်ကုန်-မန္တလေး ကားလမ်းဟောင်းကြားပါ ထိန်းချုပ်လှုပ်ရှားနိုင်သည်ကို တွေ့ရ၏။
၁၀။ မွန်ပြည်နယ် စစ်မျက်နှာ
မွန်ပြည်နယ်၏ အဓိက တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ဖြစ်သည့် မွန်ပြည်သစ်ပါတီ (NMSP) က စစ်တပ် အာဏာသိမ်းပြီးနောက် ခုခံတိုက်ခိုက်ခြင်း မပြုသဖြင့် မွန်ပြည်နယ်တွင် စစ်ရေးလှုပ်ရှားမှု အားနည်း၏။
မွန်ပြည်သစ်၏ လှုပ်ရှားမှု မတွေ့ရသော်လည်း စစ်တပ် အာဏာသိမ်းပြီးနောက် မွန်ပြည် လွတ်မြောက်ရေးတပ်တော် (MLA)၊ မွန်ပြည် ကာကွယ်ရေးတပ် (MSDF) နှင့် မွန်ပြည် တော်လှန်ရေးတပ် (MSRF) စသည့် မွန်လက်နက်ကိုင်တပ်ဖွဲ့အသစ်များ ပေါ်ပေါက်လာ၏။

ထို့အတူ ရေးဘီလူးကဲ့သို့ ဒေသခံ ပြောက်ကျားတပ်ဖွဲ့များ ပေါ်ပေါက်လာပြီး တိုက်ပွဲဝင်နေသည်ကို တွေ့ရ၏။ တဖန် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် မွန်ပြည်သစ်ပါတီမှ အတွင်းရေးမှူးနှင့် ဒုစစ်ဦးစီးချုပ်တို့က မွန်ပြည်သစ်ပါတီ / မွန်အမျိုးသားလွတ်မြောက်ရေး တပ်မတော် – စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး (NMSP/MNLA – AD) ဟူ၍ ခွဲထွက်ပြီး စစ်ကောင်စီအား တိုက်ခိုက်ရန် ကြေညာခဲ့၏။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်တွင် MLA, MSDF, MSRF နှင့် NMSP/MNLA – AD တို့ စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အစည်းအဝေး ပြုလုပ်ခဲ့ပြီး မွန်တော်လှန်ရေးတပ်များ အားလုံး ပါဝင်သည့် တခုတည်းသော မွန်တပ်တော် ပေါ်ထွန်းလာရေးကို အကောင်အထည်ဖော်ရန်နှင့် ထိုသို့ ပေါ်ထွန်းလာရေးအတွက် ပထမအဆင့်အနေဖြင့် တပ်ဖွဲ့ လေးဖွဲ့မှ ပူးတွဲစစ်ရေးလှုပ်ရှားမှုများ ပြုလုပ်သွားရန် သဘောတူညီခဲ့သည်ကို တွေ့ရ၏။
သို့ဖြစ်ရာ ၂၀၂၄ ခုနှစ်တွင် စစ်ရေးအောင်မြင်မှုအရ ထူးခြားမှု မရှိသေးသော်လည်း အကွဲကွဲအပြားပြား ဖြစ်နေသော မွန်အင်အားစု လေးခု၏ စုပေါင်းနိုင်ခြင်းသည် ၂၀၂၄ ခုနှစ်အတွင်း မွန်လက်နက်ကိုင်တပ်ဖွဲ့များ၏ အောင်မြင်မှုဖြစ်၏။ လက်ရှိလည်း မွန်ပြည်နယ်တွင် မွန်အင်အားစုများသည် KNU/PDF ပူးပေါင်း စစ်ကြောင်းနှင့်တွဲ၍ မုဒုံ၊ သံဖြူဇရပ်၊ ရေး၊ ထားဝယ်လမ်းကြောင်းကို ထိန်းချုပ်ထားနိုင်သည်ကို တွေ့ရ၏။
သို့ဖြစ်ရာ ၂၀၂၄ ခုနှစ်တွင် စစ်ရေးအောင်မြင်မှုအရ ထူးခြားမှု မရှိသေးသော်လည်း အကွဲကွဲအပြားပြား ဖြစ်နေသော မွန်အင်အားစု လေးခု၏ စုပေါင်းနိုင်ခြင်းသည် ၂၀၂၄ ခုနှစ်အတွင်း မွန်လက်နက်ကိုင်တပ်ဖွဲ့များ၏ အောင်မြင်မှုဖြစ်၏။ လက်ရှိလည်း မွန်ပြည်နယ်တွင် မွန်အင်အားစုများသည် KNU/PDF ပူးပေါင်း စစ်ကြောင်းနှင့်တွဲ၍ မုဒုံ၊ သံဖြူဇရပ်၊ ရေး၊ ထားဝယ်လမ်းကြောင်းကို ထိန်းချုပ်ထားနိုင်သည်ကို တွေ့ရ၏။
၁၁။ တနင်္သာရီတိုင်း စစ်မျက်နှာ
တနင်္သာရီတိုင်းတွင် KNU တပ်မဟာ ၄ ၏ စစ်ရေးလှုပ်ရှားမှုများကို တွေ့ရသကဲ့သို့ KNU က ခွဲထွက်သည့် စောနာဒါးမြ၏ ကော်သူးလေတပ်မတော် (KTLA) တပ်ဖွဲ့၏ လှုပ်ရှားမှုကိုလည်း တွေ့ရ၏။ ထို့အတူ PDF တပ်ဖွဲ့များ၊ ထားဝယ်ဒေသခံ တော်လှန်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှုကိုလည်း တွေ့ရ၏။ KNU တပ်မဟာ ၄ နှင့် KTLA ကြား စစ်ရေးပဋိပက္ခ အချို့ရှိသည်ကို တွေ့ရ၏။
သို့သော်လည်း တနင်္သာရီတိုင်းအတွင်း ထားဝယ်ခရိုင် မောင်းမကန်၊ သရက်ချောင်၊ လောင်းလုံ၊ ရေဖြူမြို့နယ်များတွင်လည်းကောင်း၊ မြိတ်ခရိုင် ပုလော၊ ပလောက်၊ ကျွန်းစု၊ တနင်္သာရီ၊ မောတောင်မြို့နယ်များတွင်လည်းကောင်း၊ ကော့သောင်းခရိုင် ခမောက်ကြီးမြို့နယ်တွင်လည်းကောင်း ပြောက်ကျားလှုပ်ရှားမှုများကို မပြတ်တွေ့ရ၏။
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်နေ့က ထားဝယ်ခရိုင်အတွင်းရှိ PDF နှင့် တော်လှန်ရေးအင်အားစုများ စစ်ရေးအရ တစုတစည်းတည်း စုစည်းပြီးနောက် ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာ ရေကန်တောင်မှ ဆက်သွယ်ရေးစခန်းကုန်း၊ ကံပေါက်အခြေစိုက် ခလရ ၂၇၃ တပ်ရင်း ဗဟိုကင်း၊ လောင်းလုံမြို့တောင်ဘက် မိုင် ၃၀ ခန့်အကွာ ကျောက်နီမော်ရွာ ဘုရားကုန်း၊ လောင်းလုံ ရဲစခန်း စသည့် စခန်းသိမ်းတိုက်ပွဲများ တိုက်လာနိုင်သည်ကို တွေ့ရ၏။
တနင်္သာရီတိုင်းအတွင်း စစ်ကောင်စီကလည်း စစ်ကြောင်းထိုးပြီး အဆက်မပြတ် စစ်ဆင်ရေးဝင်နေသဖြင့် စစ်ရေးတိုက်ပွဲများ မပြတ်ရှိပြီး စစ်ရေးအခြေအနေမှာ ဘတပြန် ကျားတပြန် အခြေအနေဖြစ်၏။ စစ်ကောင်စီအနေနှင့် အသာစီးရပြီး နယ်မြေစိုးမိုးနိုင်သည့် အခြေအနေတွင်တော့ မရှိပေ။
၁၂။ ပဲခူးတိုင်း၊ နေပြည်တော်
ပဲခူးတိုင်းအတွင်း ပြောက်ကျားလှုပ်ရှားမှုများကို ၂၀၂၂ ခုနှစ်ကတည်းက စတင်တွေ့ရ၏။ ပဲခူးတိုင်း အရှေ့ခြမ်း တောင်ငူခရိုင်၊ ပဲခူးခရိုင်တို့တွင် PDF တပ်ရင်း နှစ်ရင်းခန့်စီရှိပြီး စစ်တောင်းမြစ်ရိုး တလျှောက်တွင် အခြေပြု၍ လှုပ်ရှားသည်ကို တွေ့ရ၏။
ပဲခူးရိုးမ အနောက်ခြမ်း၌ ပြည်ခရိုင်တွင် PDF တပ်ရင်း နှစ်ရင်း၊ သာယာဝတီခရိုင်တွင် တပ်ရင်း နှစ်ရင်းရှိပြီး ပဲခူးရိုးမအား အခြေပြုလှုပ်ရှားသည်ကို တွေ့ရ၏။ ယခုအခါ သာယာဝတီခရိုင်တွင် တတိယမြောက် PDF တပ်ရင်း ထပ်မံ ဖွဲ့စည်းနေသည်ကို တွေ့ရ၏။
အလားတူ နေပြည်တော် PDF များ နေပြည်တော်၏ အရှေ့ဘက် ရေတာရှည်မြို့နယ်ထဲတွင် လှုပ်ရှားသည်ကို တွေ့ရ၏။ ပဲခူးရိုးမ အရှေ့ခြမ်းရှိ ရေတာရှည်၊ တောင်ငူ၊ ရွှေကျင်၊ ကျောက်ကြီး၊ ညောင်လေးပင်၊ ပဲနွယ်ကုန်းတလျှောက်တွင် တောင်ငူခရိုင် PDF တပ်ရင်း နှစ်ရင်း၊ ပဲခူးခရိုင် PDF တပ်ရင်း နှစ်ရင်းနှင့် တောင်ပိုင်းတပ်များ လှုပ်ရှားနေသည်ကို တွေ့ရ၏။
သို့ဖြစ်ရာ ပဲခူးရိုးမ အရှေ့ရော အနောက်ပါ ပြောက်ကျားတိုက်ပွဲများ မပြတ်ဖြစ်ပွားနေသည်ကို တွေ့ရ၏။ သာမန် ပြောက်ကျားတိုက်ပွဲများသာမက စစ်ကောင်စီအင်အား ၂၀ မှ ၃၀ ခန့်အထိကို ဖြတ်တောက်ချေမှုန်းပြီး လက်နက်များပါ သိမ်းဆည်းရသည့် ချေမှုန်းရေးတိုက်ပွဲများပါ တွေ့ရ၏။
သို့သော် KNU လွတ်မြောက်ဒေသတွင် ရန်ကုန်တိုင်း PDF တပ်ရင်း နှစ်ရင်းကို ဖွဲ့စည်းလေ့ကျင့်နေပြီး ရန်ကုန်တိုင်းသို့ ပြန်လည် ထိုးဖောက်နိုင်ရန် ပြင်ဆင်နေသည်ကို တွေ့ရ၏။
တောင်ငူလေတပ်နှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) တို့အား မကြာခဏ ရှော့တိုက်ဒုံးများနှင့် ပစ်ခတ်တိုက်ခိုက်နေသည်ကို တွေ့ရ၏။ ပဲခူးရိုးမ အရှေ့ခြမ်းတွင် KNU နှင့်တွဲ၍ မုန်း မြို့သိမ်း၊ စခန်းသိမ်းတိုက်ပွဲများ တိုက်ခိုက်ခဲ့သကဲ့သို့ ပဲခူးရိုးမ အနောက်ခြမ်းတွင်လည်း မြို့သိမ်းတိုက်ပွဲများ တိုက်ခိုက်မည်ဟု သတိပေးထားသည်ကို တွေ့ရ၏။
စစ်တောင်းမြစ်တကြောတွင် တောင်ပိုင်းတိုင်းမှ ပဲခူးရိုးမ စစ်ကြောင်းများ၊ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းသို့ ပြန်လည် ထိုးဖောက်ရန် ကြိုးစားနေသည့် ရန်ကုန်တိုင်း PDF, ဧရာဝတီတိုင်း PDF များပါ ပူးပေါင်းလှုပ်ရှားလာသဖြင့် စစ်ရေးလှုပ်ရှားမှုများ ပိုမြင့်လာသည်ကို တွေ့ရ၏။ စစ်ကောင်စီကလည်း စစ်ကောင်စီကလည်း ပဲခူးရိုးမကို စစ်ကြောင်းထိုးရန် ကြိုးစားလာသဖြင့် တိုက်ပွဲများ မြင့်တက်လာသည်ကို တွေ့ရ၏။
၁၃။ ရန်ကုန်တိုင်း
ရန်ကုန်မြို့ပေါ်တွင် ဆန္ဒပြပွဲနောက်ပိုင်း ကာလကတည်းက မြို့ပေါ် တိုက်ခိုက်မှုများ ရှိသော်လည်း ၂၀၂၄ ခုနှစ်ထဲတွင် ယခင်နှစ်များထက် အကြိမ်အရေအတွက် နည်းပါးလာသည်ဟု ဆိုနိုင်၏။
သို့သော် KNU လွတ်မြောက်ဒေသတွင် ရန်ကုန်တိုင်း PDF တပ်ရင်း နှစ်ရင်းကို ဖွဲ့စည်းလေ့ကျင့်နေပြီး ရန်ကုန်တိုင်းသို့ ပြန်လည် ထိုးဖောက်နိုင်ရန် ပြင်ဆင်နေသည်ကို တွေ့ရ၏။
၁၄။ ဧရာဝတီတိုင်း
ဧရာဝတီတိုင်း PDF များအနက် ယခင်ကကတည်းက ရခိုင်ဘက်ကပ်ပြီး အာရက္ခတပ်တော် (AA) နှင့် တွဲ၍ လှုပ်ရှားနေသည့် ဧရာဝတီ PDF တပ်ရင်း နှစ်ရင်းသည် AA ၏ ရခိုင်တောင်ပိုင်း တိုက်ပွဲများနှင့်အတူ ဂွ၊ ငသိုင်းချောင်းဒေသသို့ ပြန်လည် ထိုးဖောက်လာသည်ကို တွေ့ရ၏။
အဆိုပါ တပ်ရင်း နှစ်ရင်းအား ဧရာဝတီတိုင်းစစ်ဌာန လက်အောက်ခံ အမှတ် ၂၉ ဗျူဟာ ဧရာ PDF အဖြစ် ဖွဲ့စည်းထားပြီး မကြာမီ ဧရာဝတီတိုင်းအတွင်း စစ်ရေးလှုပ်ရှားမှုများကို မြင်တွေ့ရတော့မည် ဖြစ်၏။
ထို့ပြင် ပဲခူးရိုးမအရှေ့ခြမ်း၊ စစ်တောင်းမြစ် တလျှောက်ရှိ ဧရာဝတီတိုင်းတပ်များကလည်း ဧရာဝတီတိုင်းသို့ ပြန်လည် ထိုးဖောက်ပြီး ဧရာဝတီတိုင်းများ ပူးပေါင်းနိုင်ရန် ကြိုးစားနေသည်ကို တွေ့နေရ၏။
၁၆။ ရှမ်းတောင်နှင့် ရှမ်းအရှေ့
ရှမ်းပြည်တောင်ပိုင်း အင်းလေးဒေသတွင် PDF တပ်ရင်းများ လှုပ်ရှားမှုရှိပြီး အင်းတော၊ ကျောက်ကူ၊ ရွာငံဒေသတွင် ဓနုတော်လှန်ရေးတပ်ဖွဲ့များ လှုပ်ရှားမှုရှိ၏။ ဆီဆိုင်၊ မဲနယ်တောင်ကြောတဝိုက်တွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (PNLO) တပ်ဖွဲ့ လှုပ်ရှားမှုများရှိပြီး တိုက်ပွဲဖြစ်ပွားမှုရှိ၏။ သို့သော် ရှမ်းတောင်တခုလုံးအရ ပြောလျှင် အနည်းစုဖြစ်၏။
သို့သော် စစ်ရေးအတွေ့အကြုံနှင့် လက်နက်တပ်ဆင်နိုင်မှုအရ စစ်ကိုင်းတိုင်း တတိုင်းလုံးသည် အားကောင်းသည့် စစ်မျက်နှာဖြစ်လာ၏။ မန္တလေးမြောက်ဘက် ဧရာဝတီမြစ်အရှေ့ခြမ်း တကောင်းမှ မတ္တရာအထိ အားကောင်းသည့် စစ်မျက်နှာဖြစ်လာပြီး မန္တလေးနှင့် ပြင်ဦးလွင်အား ခြိမ်းခြောက်လာ၏။ မန္တလေးတောင်ပိုင်းတွင်လည်း ပြောက်ကျားတိုက်ပွဲများ အားကောင်းလာ၏။
ရှမ်းတောင်တွင် အင်အားအများဆုံးဖြစ်သည့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) တို့ စစ်ကောင်စီကို တိုက်ခိုက် နယ်မြေသိမ်းပိုက်ခြင်း မပြုနိုင်ဘဲ ရှမ်းတပ်အချင်းချင်းတိုက်ပြီး အချိန်ဖြုန်းနေကြသဖြင့် စစ်ကောင်စီအတွက် သက်သာရာရနေ၏။ ထို့ပြင် ဦးအောင်ခမ်းထီ၏ ပအိုဝ်းပြည်သူ့စစ်နှင့် ခိုမုန်းပြည်သူ့စစ်၊ နာရိုင်းပြည်သူ့စစ် စသည့် ရှမ်းပြည်သူ့စစ်များသည် စစ်ကောင်စီနှင့် ပူးပေါင်းနေသဖြင့် ရှမ်းတောင်တွင် စစ်ကောင်စီ အသက်ရှူချောင်သည်။
ရှမ်းအရှေ့တွင်ရှိသည့် UWSA, NDAA မိုင်းလားတို့သည် ၎င်းတို့ရှိ ထိန်းချုပ်ထားသည့် ဒေသနှင့် နှစ်သိမ့်ကျေနပ်နေသဖြင့် စစ်ကောင်စီအား တိုက်ခိုက်ခြင်းပြုပေ။ သို့သော်လည်း တော်လှန်ရေးတပ်ဖွဲ့များနှင့် ရင်းနှီးသောဆက်ဆံရေး ရှိ၏။
အလားတူ ရှမ်းအရှေ့ရှိ ရှမ်းတပ်ဖွဲ့တခုဖြစ်သည့် RCSS သည်လည်း စစ်ကောင်စီကို တိုက်ခိုက်ခြင်း မပြုပေ။ သို့ဖြစ်ရာ ရှမ်းအရှေ့တွင် စစ်ပွဲလုံးဝ မရှိပေ။ စစ်ကောင်စီသည် ရှမ်းအရှေ့မှ တြိဂံတိုင်းတပ်အချို့၊ လားဟူ ပြည်သူ့စစ်၊ အာခါပြည်သူ့စစ်များနှင့် ထိန်းထားပြီး တြိဂံတိုင်း အခြေစိုက်သည့် စကခ ၁၄၊ စကခ ၁၈၊ တိုင်းတပ်အချို့နှင့် သံချပ်ကာ၊ တင့်ကား၊ အမြောက်တပ်အချို့အား အခြားစစ်တိုင်းများသို့ စေလွှတ်နိုင်သည်ကို တွေ့ရ၏။
စစ်ကောင်စီတပ် အခြေအနေ
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းပြီးနောက် နွေဦးတော်လှန်ရေး အင်အားစုများ၊ တိုင်းရင်းသားတော်လှန်ရေး တပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် စစ်ပွဲများစွာ ဆက်တိုက်ရှုံးနိမ့်ပြီး စစ်ကောင်စီတပ် များစွာ အထိနာခဲ့သည်သာမက အောက်ပါ တပ်ရင်းတပ်ဖွဲ့များမှာ မြန်မာစစ်တပ် စစ်အင်္ဂါစဉ်ထဲမှ ပျောက်ကွယ်သွားသည်ကို တွေ့ရ၏။
၁။ တိုင်းစစ်ဌာနချုပ် ၂ ခု
၂။ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) ၁ ခု
၃။ စစ်ဆင်ရေးနှင့်ကွပ်ကဲမှုဌာနချုပ် (စကခ) ၅ ခု
၄။ အခြေချစစ်ဗျူဟာဌာနချုပ် (စဗခ) ၆ ခု
၅။ ခြေလျင်၊ ခြေမြန် တပ်ရင်းဌာနချုပ် ၉၀ ခု
၆။ အမြောက်တပ်ရင်းဌာနချုပ် (အမတ) ၉ ခု
၇။ လေကြောင်းရန်ကာကွယ်ရေး တပ်ရင်းဌာနချုပ် (လကတ) ၁ ခု
၈။ တင့်ကား၊ သံချပ်ကာ တပ်ရင်းဌာနချုပ် ၁ ခု
၉။ တိုင်း စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) ၂ ခု
၁၀။ တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်း (တတက) ၁ ခု
၁၁။ လက်ရုံး/ဝန်ထမ်း/အခြား တပ်ရင်းတပ်ဖွဲ့ ၃၃ ခု
၁၂။ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ) ၁၀ ခု
၁၃။ နယ်ခြားစောင့်တပ်ရင်းဌာနချုပ် (BGF) ၇ ခု
၁၄။ ရေတပ် ၁ ခု
၁၅။ လေတပ်ဆွယ် ၂ ခု
စုစုပေါင်း တပ်ရင်းတပ်ဖွဲ့ ၁၇၁ ခုသည် မြန်မာစစ်တပ် စစ်အင်္ဂါစဉ်ထဲမှ ပျောက်ကွယ်သွားပြီဖြစ်ပြီး ကချင်စစ်မျက်နှာမှ ဗန်းမော်၊ မြို့သစ် ကျသွားပါက နောက်ထပ် တပ်ရင်းတပ်ဖွဲ့ ၂၀ ခန့် စစ်အင်္ဂါစဉ်ထဲမှ ပျောက်ပျက်ဦးမည် ဖြစ်၏။ စစ်တပ်က ရမခ ဌာနချုပ်အား မိုင်းရယ်၊ နပခ ဌာနချုပ်အား စစ်တွေတွင် ပြန်လည် ဖွဲ့စည်းသည်ဆိုသော်လည်း အင်္ဂါမစုံတော့ပေ။
(မှတ်ချက် – ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်တွင် မံစီအခြေစိုက် တပ်ရင်းဌာနချုပ် သုံးခုသည် မြန်မာစစ်တပ် စစ်အင်္ဂါစဉ်ထဲမှ ထပ်မံ၍ ပျောက်ကွယ်သွားပြန်ပြီကို တွေ့ရသည်။)
၂၀၂၅ စစ်ရေးအလားအလာ
၂၀၂၄ ခုနှစ်တွင် စစ်ကောင်စီသည် ရှမ်းအရှေ့မှအပ ကျန်နေရာတိုင်းတွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး တပ်မ၊ စကခ နှင့် တိုင်းတပ်အများစုမှာလည်း အထိနာနေသည်ကို တွေ့ရ၏။

ရှမ်းမြောက်ရှိ MNDAA နှင့် TNLA တို့သည် တရုတ်၏ ဖိအားကြောင့်လည်းကောင်း၊ ၎င်းတို့ ရည်မှန်းချက်နယ်မြေများကို မျှော်မှန်းသည့်ထက် ရရှိပြီဖြစ်၍လည်းကောင်း ၂၀၂၅ ခုနှစ် ရှမ်းမြောက်တွင် အပစ်ရပ်ပြီး စစ်ရှိန်လျော့သွားမည်ဟု ခန့်မှန်းရ၏။
သို့သော် စစ်ရေးအတွေ့အကြုံနှင့် လက်နက်တပ်ဆင်နိုင်မှုအရ စစ်ကိုင်းတိုင်း တတိုင်းလုံးသည် အားကောင်းသည့် စစ်မျက်နှာဖြစ်လာ၏။ မန္တလေးမြောက်ဘက် ဧရာဝတီမြစ်အရှေ့ခြမ်း တကောင်းမှ မတ္တရာအထိ အားကောင်းသည့် စစ်မျက်နှာဖြစ်လာပြီး မန္တလေးနှင့် ပြင်ဦးလွင်အား ခြိမ်းခြောက်လာ၏။ မန္တလေးတောင်ပိုင်းတွင်လည်း ပြောက်ကျားတိုက်ပွဲများ အားကောင်းလာ၏။
ရခိုင်ရိုးမနှင့် ဧရာဝတီမြစ်ကြားရှိ မကွေးတိုင်း ဂန့်ဂေါခရိုင်၊ ပခုက္ကူခရိုင်၊ မင်းဘူးခရိုင်၊ ပဲခူးတိုင်း၊ ပြည်ခရိုင်နှင့် ဧရာဝတီတိုင်းတလျှောက် အနောက်ဘက်စစ်မျက်နှာသည် စစ်ကောင်စီအား ခြိမ်းခြောက်သည့် စစ်မျက်နှာသစ် ဖြစ်လာ၏။
ပဲခူးရိုးမအရှေ့ စစ်တောင်းမြစ်ရိုးတလျှောက်နှင့် ပဲခူးရိုးမအနောက်ဘက် ဧရာဝတီမြစ်ရိုးတလျှောက်တို့တွင် တိုက်အားကောင်းပြီး စစ်ကောင်စီကို ခြိမ်းခြောက်နိုင်သည့် စစ်မျက်နှာသစ်များ ပေါ်ပေါက်လာပြီး ပဲခူးတိုင်းအား အရှေ့ဘက်ရော အနောက်ဘက်မှပါ ညှပ်၍ ထိုးစစ်ဆင်လာနိုင်၏။
တနင်္သာရီတိုင်းတွင် တော်လှန်ရေးအင်အားစုများ စုဖွဲ့မှုနှင့် တိုက်ခိုက်နိုင်စွမ်း မြင့်တက်လာ၏။ ရန်ကုန်နှင့် ဧရာဝတီတိုင်းတို့ကို စစ်ရေးအရ ခြိမ်းခြောက်နိုင်စွမ်းနှင့် ထိုးဖောက်နိုင်စွမ်း၊ ခြိမ်းခြောက်နိုင်စွမ်း ပိုမိုမြင့်တက်လာ၏။
၂၀၂၄ ခုနှစ် ပကတိ စစ်မြေပြင်အခြေအနေများနှင့် စစ်ရေးအောင်ပွဲများသည် ၂၀၂၅ ခုနှစ်တွင် စစ်မျက်နှာအသစ်များ ဖော်ထုတ်ပေးခဲ့ပြီး ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) များနှင့် လေတပ်အခြေစိုက် စခန်းအချို့ကို ခြိမ်းခြောက်နိုင်လာပြီဖြစ်၏။
သို့ဖြစ်ရာ မည်သို့ပင် အခက်အခဲများရှိနေပြီး စစ်ကောင်စီကို အသက်ဆက်ပေးရန် ကြိုးစားမှုများရှိနေစေကာမူ စုဖွဲ့မှုအရ၊ တိုက်ရည်ခိုက်ရည်အရ၊ လက်နက်ခဲယမ်းတပ်ဆင်မှုအရ အားကောင်းမောင်းသန် ဖြစ်လာနေသည့် တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် အင်အားချည့်နဲ့လာနေသော စစ်တပ်အား အောင်ပွဲဆက်လက် ရယူနိုင်မည်မှာ သေချာပြီး ၂၀၂၅ ခုနှစ်တွင် စစ်ရေးအရ အလှည့်အပြောင်းတရပ် ဖြစ်ပေါ်လာမည်ဟု သုံးသပ်ရပေ၏။
(အေးချမ်းဆုသည် နိုင်ငံရေး၊ စစ်ရေး လေ့လာသူတဦး ဖြစ်သည်။)
You may also like these stories:
၂၀၂၄ ခုနှစ်မှာ စစ်ကောင်စီ တပြည်လုံး စစ်ရှုံးခဲ့သည် (အပိုင်း ၁)
ကရင်နီထိုးစစ်မှာ စစ်တပ်ကို ရုရှားပညာရှင်တွေ ကူနေသလား
ဒေါနတောင်ကို မကျော်နိုင်တဲ့ အောင်ဇေယျစစ်ကြောင်းဆုတ်ခွာ (ရုပ်/သံ)
တံတား၂ စင်း ချိုးခံရပြီးနောက် မွန်ပြည်နယ်၌ ကုန်ဈေးနှုန်းတက်
တနင်္သာရီတိုင်းကို အင်အားသုံး စစ်ကြောင်းထိုးနေ (ရုပ်/သံ)
တော်လှန်ရေးအင်အားစုများ ပြန့်ကျဲသတဲ့လား
တိုင်းရင်းသားတပ်တွေ နေပြည်တော်မသိမ်းနိုင်ဘူးတဲ့လား













