ဂျာမနီ ပြည်၌ ဟစ်တလာ၏ နာဇီ အစိုးရ ပေါ်မလာမီက အိုင်းစတိုင်းသည် ပျော်ရွှင်စွာ နေထိုင်ခဲ့သည်။
ကမ္ဘာအရပ်ရပ်မှ လူမျိုး ပေါင်းစုံ ဆုံစည်းရာ ဖြစ်၍ သူ့အဖို့ စိတ်ဝင်စားစရာ ပေါများလှပေသည်။ သူ့မိတ်ဆွေများတွင် သိပ္ပံပညာရှင်များ၊ ဂျာမနီ တောင်ပိုင်းသားများ နှင့် ရေဝတီ (ဂျူးလူမျိုး) များ ပါဝင်၏။
သူ့၌ ရေဝတီ သွေးသား မကင်းသော်လည်း အစ္စရေးပြည်၏ အမျိုးသား ဝါဒကိုကား သူမထောက်ခံချေ။ အာရပ် နယ်မြေတွင် ရေဝတီတို့က ကိုလိုနီ နယ်သစ် ထူထောင်ခြင်းကိုလည်း သူ သဘောမကျချေ။
ကိုလိုနီ ဝါဒ၊ အမျိုးသား ဝါဒ စသည်တို့မှာ လူတို့၏ စားဝတ်နေရေး ကိစ္စလောက် အရေးကြီးသည်ဟု သူမထင်။
ကမ္ဘာ့ လူနေမှု အခြေအနေ တိုးတက်သည်နှင့် တပြိုင်နက် အမျိုးသား ဝါဒများ ကျဆုံးရမည် မလွဲဟု သူယူဆသည်။
ရေဝတီများကို သူထောက်ခံသည်မှာ ဟစ်တလာ၏ သွေးခွဲစနစ်အရ ထိုလူနည်းစုများကို အလွန်အမင်း နှိပ်စက် သတ်ဖြတ်သောကြောင့် သာလျှင် ဖြစ်၏။
ဟစ်တလာ တန်ခိုးထွားချိန်တွင် သတင်းထောက် တဦးက အိုင်းစတိုင်းအား –
“ခင်ဗျား ဟစ်တလာကို ဘယ်လို သဘောရသလဲ” ဟု မေး၏။
အိုင်းစတိုင်းက “ခင်ဗျား ဟစ်တလာ မျက်နှာကို ကြည့်ရှု လေ့လာရင် ကျနော့် သဘောထားကို သိသာမှာပေါ့” ဟု ဖြေဆို၏။
ဖောသွပ်သွပ် မျက်နှာတွင် နှာခေါင်းပွပွ တခု အောက်မှာ သွားပွတ်တံ နှုတ်ခမ်းမွေး တပ်ဆင်ထားသူကို အင်္ဂါရုပ် ကောင်းသည် ဟု မဆိုနိုင်ချေ။
ထိုသတင်းထောက်နှင့် တွေ့ဆုံပြီးနောက် ဂျာမနီပြည်၌ အိုင်းစတိုင်း နေထိုင်ရေးမှာ ပိုမိုကြပ်တည်းလာ၏။
အိုင်းစတိုင်းက နာဇီ ဒေသကို စွန့်ခွာရန် ဝန်မလေးပါ။
သူသည် အမှန်တရား နှင့် လူ့သိက္ခာကို လိုလားသူ ဖြစ်၏။ စိတ်အေး လက်အေး နေတတ်သူအဖို့ လူမိုက်များနှင့် ဝေးလေ ကောင်းလေ ဖြစ်၏။
နာဇီ အန္တရာယ်ကို သူသိ၏။ သို့သော် ကာကွယ်ရန် လုံးဝ မစဉ်းစားပါ။
သူတို့ ဇနီးမောင်နှံသည် အင်္ဂလန်သို့ ခရီးထွက်ရာ ဘယ်လ်ဂျီယံ ပြည်သို့ ဦးစွာရောက်၏။ မိတ်ဆွေ တစုတို့၏ ကြိုတင် အကြောင်းကြားချက်အရ ထိုပြည် ဘုရင်မက အိုင်းစတိုင်းအား စောင့်ရှောက်ရန် စုံထောက် ၄ ဦး ခန့်အပ်ခဲ့သည်။
အင်္ဂလိပ် မိတ်ဆွေများကလည်း သူ့ကို တောရွာ တခု၌ ဝှက်ထားကြရသည်။
နောက်ဆုံး၌ အိုင်းစတိုင်း လင်မယား အမေရိကပြည် နယူးဂျာစီနယ် ပရင့်စတန် (Princeton) တက္ကသိုလ် သို့ ရောက်နေပြီဟု ကြားရမှ သူ၏ ဥရောပ မိတ်ဆွေ အပေါင်းတို့ စိတ်ချလက်ချ ရှိကြလေသည်။
ထိုအချိန် ၁၉၃၉ ခုနှစ်မှ စ၍ ဥရောပ တဝန်းရှိ သိပ္ပံပညာရှင်များသည် အမေရိကသို့ စွတ်ကယ် စွတ်ကယ် သွားရောက် ခိုလှုံကြလေသည်။
၁၉၄၀ ပြည့်နှစ်တွင် အိုင်းစတိုင်းက သမ္မတ ရုစ်ဗဲ့ ထံသို့ အဏုမြူ လက်နက် ထုတ်လုပ်နိုင်သော သိပ္ပံပညာရှင်များ လူစုံ ရှိနေပါပြီဟု စာရေး အစီရင်ခံခဲ့သည်။
အမေရိကန် သမ္မတက ဒေါ်လာ ကုဋေ ၂၀၀ အရင်းတည်ကာ အဏုမြူ စီမံကိန်း ပြုလုပ်ရာမှ ဒုတိယ ကမ္ဘာစစ်ကြီး၌ နာဇီ နှင့် ဖက်ဆစ် ဘက်သားတို့ အရှုံးကြီး ရှုံးခဲ့ကြခြင်း ဖြစ်သည်။ ။
(သတင်းစာဆရာကြီး အိုးဝေ ဦးညိုမြ ရေးသားခဲ့သည့် ဤဆောင်းပါးကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာလတွင် ရာပြည့် စာပေက ထုတ်ဝေသော “နန်းကြာညို လက်ရွေးစင် စာများ ပထမ အကြိမ်” စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီးသည် ၁၉၈၅ ခုနှစ် စက်တင်ဘာလ ၂၉ ရက် အသက် ၇၁ နှစ် အရွယ်တွင် ကွယ်လွန်သွားပါသည်။)














