မန္တလေး တက္ကသိုလ် အငြိမ်းစား ဒု အဓိပတိ ဦးကိုလေး ပြန်ဆိုသော “သီပေါမင်းနှင့် နယူးယောက်တိုင်း သတင်းစာ” စာအုပ်ကို အပြန်ပြန် ဖတ်ရင်းဖြင့် ယခုအပတ် အချိန် ကုန်သွားခဲ့ရသည်။
အိမ်ကြက်ချင်း အိုးမည်း သုတ်၍ အခွပ်ခိုင်းခံရသော ဘဝ၊ အသားထဲက လောက်ထွက်ရသော ဘဝ၊ နယ်ချဲ့သမား ပြည်ပသားတို့၏ ပရိယာယ် ထောင်ချောက် အတွင်းသို့ ကျဆင်းရသော ဘဝ၊ ဖောက်ပြန်သော သတင်းစာသမားတို့၏ တို့မီး ရှို့မီး လုပ်ခြင်းခံရသော ဘဝ၊ စသည်ဖြင့် ဘဝ ပေါင်းစုံကို ရင်ဆိုင်ကြရကုန်သော မြန်မာနိုင်ငံသားတို့သည် သူ့တိုင်း လက်အောက် ကျွန်သပေါက် ဘဝသို့ ရောက်ခဲ့ကြရသည်။
သို့ကလို ထီးသုဉ်း နန်းသုဉ်း မင်းပါ သုဉ်းရသော လွန့်သည့် နှစ် ၉၀ ခန့်က မြန်မာပြည်၏ ဘဝကို ဦးကိုလေးက မီးမောင်း ထိုး၍ ပြပါသည်။
သမိုင်း အထောက်အထားများကို ပြည်သူများ၏ ရှေ့မှောက်သို့ ချပြရင်း ပစ္စက္ခ မြန်မာနိုင်ငံ အခြေအနေများနှင့် အန္တရာယ် များကိုပါ ထုတ်ဖော် တင်ပြသွားသည်။
သတိ သံဝေဂ ရဖွယ်၊ တော်လှန်ရေး သတိ မလစ်ဟင်းဖွယ် နှိုးဆော်လိုက်သော စာအုပ်ပင် ဖြစ်ပေသည်။
ယနေ့ ပြည်ထောင်စု မြန်မာနိုင်ငံသည် အနည်းနှင့် အများ ဆိုသလို အန္တရာယ် ရှိကြောင်းကို မည်သူမျှ ငြင်းဆိုနိုင်မည် မဟုတ်ချေ။
ယင်းသို့ ပေါ်ပေါက်နေသော အန္တရာယ်များက ပြည်ထောင်စုနှင့် ပြည်ထောင်စုသား တို့၏ အကျိုးစီးပွား မထိပါး မဖျက်ဆီးမီ မှာပင် လိုအပ်သော ကြိုတင် ကာကွယ်မှုများကို တော်လှန်ရေး သတိဖြင့် ပြုလုပ်လာကြရ ချေတော့မည်။
ဦးကိုလေး၏ စာအုပ်ကို ဖတ်ရင်း ပြည်ထောင်စုနှင့် အံမဝင်တော့သူများ၏ အကြောင်းကို မဆီမဆိုင် ကျနော် စဉ်းစား မိသည်။
မည်သို့ ဆိုစေ ပြည်ထောင်စုနှင့် အံမဝင်တော့သူများကား လူနည်းစုမျှသာ ဖြစ်သည်။
ထိုထက် တဆင့်တက်၍ ဆိုရပါမူ လူ့ ရေပေါ်ဆီများ၊ လူ့ မလိုင်ခဲ များသာ ဖြစ်ပါသည်။
တော်လှန်ရေး အစိုးရ တက်လာပြီးသည့် နောက်တွင် ပြည်ထောင်စု မြန်မာနိုင်ငံ အတွင်းမှ ပြည်ပ တနေရာရာသို့ အပြီးအပိုင် ထွက်ခွာ သွားလိုသူများ ပေါ်ပေါက်ခဲ့သည်။ လူများစုကား မဟုတ်ပါချေ။
သူတို့သည် ပြည်ထာင်စု အတွင်း ဆင်နွှဲနေသော ခေတ်ပြောင်း တော်လှန်ရေးနှင့် လားလားမှ မအပ်စပ်တော့ သူများ ဖြစ်သည်။
အကြောင်း အားလျော်စွာ ပေါ်ပေါက်လာသည့် အခိုက်အတန့် အကြပ်အတည်းများကို သည်းမခံနိုင်သူများ ဖြစ်သည်။ တစုံတရာသော အချိန်ကာလ အထိ ခံစားရမည် ဖြစ်သည့် ဒုက္ခကို ရှောင်လွှဲ လိုသူများ ဖြစ်သည်။
သူတို့ ခံစားရမည့် ဒုက္ခဟူသည်မှာ လူလူချင်း ခေါင်းပုံဖြတ်ခွင့် မရသော ဒုက္ခပင် ဖြစ်သည်ဟု ကျနော် သဘောပေါက် နားလည်ပါသည်။
သို့ကလို ပြည်ထောင်စုနှင့် လည်းကောင်း၊ ခေတ်ပြောင်း တော်လှန်းရေးနှင့် လည်းကောင်း၊ ပြည်ထောင်စု သားများ၏ ဓလေ့ စရိုက်များနှင့် လည်းကောင်း အံမဝင် ခွင်မကျတော့သော အခါတွင် ပြည်ထောင်စုကို နည်းမျိုးစုံဖြင့် စွန့်ခွာကြသည်။
စွန့်ခွာရန် ကြိုးစားကြသည်။
အချို့က သက်ဆိုင်ရာ၏ ခွင့်ပြုချက်ကို ရယူပြီး ပြောင်ပြောင်တင်းတင်း ထွက်ခွာသွားကြသည်။
အချို့က ရာဇဝတ်မှု ကျူးလွန်ထားသော ဝရမ်းပြေးလို တိတ်တဆိတ် ထွက်ပြေးကြသည်။ တစုံတခုသော ရာဇဝတ်မှုကို ကျူးလွန်ထားသူများ ဟူ၍ ဆိုလျှင်လည်း ဆိုနိုင်ပါသည်။
သူတို့နှင့် ပတ်သက်၍ ၂ ပိုင်းခွဲပြီး ကျနော် စဉ်းစားမိသည်။
တပိုင်းသည် ပြည်ထောင်စုသား အပေါင်းတို့၏ ချွေးနှင့် သွေးများကို ရင်းပြီး လူတလုံး သူတလုံး ဖြစ်အောင် ပြုစုပျိုးထောင် ပေးထားရသော အတတ်ပညာရှင်၊ အသိပညာရှင်များ ဖြစ်ကြသည်။
နောက်တပိုင်းသည် ပြည်ထောင်စု အနေဖြင့် လက်ညှိုး ထိုးပြလောက်အောင် အရင်းအနှီး စိုက်ထုတ်ခြင်း မပြုရသော ပြည်ထောင်စု အတွက် အကျိုးကျေးဇူး တစုံတရာကို ၎င်းတို့ထံမှ ပြန်လည် မမျှော်မှန်းနိုင်သော သူများ၏ အပိုင်း ဖြစ်သည်။
ပြည်ထောင်စု၏ အရင်းအနှီးဖြင့် အတတ်ပညာရှင်၊ အသိပညာရှင်များ ဖြစ်လာစေရန် ပြုစုပျိုးထောင် ပေးထားရသည့် ပြည်ထောင်စုသားတို့နှင့် ပတ်သက်၍မူ အနည်းနှင့် အများ ဆိုသလို ကျနော်တို့မှာ နစ်နာမှု ရှိပါသည်။
လွတ်လပ်ရေးခေတ် ကျနော်တို့ တိုင်းပြည်သည် ချမ်းသာကြွယ်ဝသော တိုင်းပြည်တခု မဟုတ်။ စစ်ဘေး စစ်ဒဏ်များကို ကြီးမားစွာ ခံစားရရင်း ပြာပုံအတွင်းမှ ကုန်းထနေရသော နိုင်ငံမျှသာ ဖြစ်သည်။
ထိုကြားထဲမှ မစားရက် မသောက်ရက်နှင့် သူတို့တတွေ ဆရာဝန်ကြီးများ ဖြစ်လာအောင်၊ ဗိသုကာကြီးများ ဖြစ်လာအောင်၊ အင်ဂျင်နီယာကြီးများ ဖြစ်လာအောင်၊ ပါမောက္ခကြီးများ ဖြစ်လာအောင်၊ သိပ္ပံပညာသည်ကြီးများ ဖြစ်လာအောင် ကျနော် တို့ သင်ကြားပေးခဲ့ကြသည်။ ပြုစုပျိုးထောင် ပေးခဲ့ကြသည်။
ကျနော်တို့ဘက်က ထိုမျှ ကြီးမားသော အရင်းအနှီးများကို စိုက်ထုတ်ထားပါလျက်နှင့် ကျနော်တို့ ရင်ဝကို ခြေစုံကန်ပြီး တပြည်သား တို့၏ အကျိုးစီးပွား အတွက် သွားရောက်ကာ အလုပ်အကျွေး ပြုမည် ဆိုပါလျှင် ကျနော်တို့ အနေဖြင့် သည်းခံ နိုင်လိမ့်မည် မဟုတ်ပါ။
ချင်း (ဂျင်း) စိမ်းနှင့် မိတ်သလင် သူကြင်မှ ကိုယ်ကြင်မည် ဟူသော သဘောထားမျိုးကို ကျနော်တို့ တားနိုင်ကြမည် မဟုတ်ပါ။
ဒင်းတို့ အနေဖြင့် ကျနော်တို့ အပေါ် စေတနာ ဆိုးလာပြီ ဆိုလျှင် ကျနော်တို့ကလည်း ဒင်းတို့ အပေါ် စေတနာ ပြန် ဆိုးရတော့မည်။
မလွှဲမရှောင်သာဘဲ စေတနာဆိုးကို ထားရခြင်းသာ ဖြစ်ပါသည်။ ထို့ကြောင့် ပြည်ထောင်စု အတွင်းမှ ထွက်ခွာခွင့် မပေးနိုင်။
ရင့်သီးသော စကားလုံးဖြင့် သုံးနှုန်းရပါမူ ပြည်ထောင်စု၏ ခိုင်းနွားများ အဖြစ် ကျနော်တို့ အားရ ကျေနပ်အောင် ခိုင်းချင်ပါသေးသည်။
တခုတော့ ရှိပါသည်။
ပြည်ထောင်စု၏ ခိုင်းနွားအဖြစ် ခိုင်းစေနေဆဲတွင် လူသားတိုင်း ရအပ်သည့် လူ့အခြေခံ တရားများကိုမူ ကျနော်တို့ ရုပ်သိမ်းထားမည် မဟုတ်ပါ။
ပြည်ထောင်စုသား အပေါင်းတို့ ရရှိနေကြသည့် အခွင့်အရေးများနှင့် တန်းတူ ညီတူ ကျောသား ရင်သား မခွဲခြားဘဲ ရရှိကြမည်သာ ဖြစ်ပါသည်။
ပြည်ထောင်စု အတွက် အသုံးမဝင်သော၊ ပြည်ထောင်စုက ကြီးမားသော အရင်းအနှီးများ စိုက်ထုတ်ထားရသည်ဟု မဆိုသာသော၊ ခေတ်ပြောင်း တော်လှန်ရေးနှင့်လည်း အံမဝင် ခွင်မကျတော့သော ဒုတိယ တန်းစားကိုမူ ကျနော်တို့သည် သံယောဇဉ်ကြိုး တမျှင်မျှပင် မထားချင်ပြီ။
ချင်းစိမ်းနှင့် မိတ်သလင် သူကြင်မှ ကိုယ်ကြင်မည် ဟူသော သဘောထားကို ကျနော်တို့ ထားရပါမည်။
မြန်မာပြည် အတွင်း ဆက်လက် နေထိုင်ခြင်း အားဖြင့် ဒင်းတို့သည် ပြည်ထောင်စု၏ အဆိပ်အတောက် များသာလျှင် ဖြစ်ချေသည်။
ပြည်ထောင်စု အတွက် ဆန်ကုန် မြေလေးများ သာလျှင် ဖြစ်ချေသည်။
ကျနော်တို့ တတွေ ကျွဲနှင့် နွားနှင့် ဖက်ပြီး ရုန်းကန်ကာ စိုက်ပျိုးထားရသည့် ဆန်များကို ဒင်းတို့အား မကျွေးလိုပါ။
ကျနော်တို့၏ ချွေးနှင့် သွေးကို အရင်းတည်ကာ ရရှိလာသည့် ရွှေတုံး ရွှေခဲများဖြင့် စက်ပြီး ဝယ်ယူထားရသော နိုင်ငံခြား ပစ္စည်းများကို ဒင်းတို့အား သုံးစွဲခွင့် မပေးနိုင်ပါ။
တော်လှန်ရေး ဟူသည်မှာ လမ်းနှစ်ခွ ရှိစမြဲ မဟုတ်။
ဦးတည်ရာ လမ်းကြောင်း အတိုင်း စိုက်လိုက် မတ်တတ် ချီတက်ရန်သာ အကြောင်း ရှိတော့သည်။ ထို့ကြောင့် ဆန်ကုန် မြေလေးများကို သူတို့ သွားလိုရာ သွားပါစေတော့။ ပြည်ထောင်စု အနေဖြင့် ကိုယ့်လမ်းသာ ကိုယ်လျှောက်ပါတော့မည်။
တော်လှန်ရေး ဒီရေ အဟုန်ကို ကိုယ့်နည်း ကိုယ့်ဟန်ဖြင့် မြှင့်တင်ပါတော့မည်။
ဆန်ကုန် မြေလေးများနှင့် ဝေးရပါစေသတည်း…။ ။
၂၄၊ ၁၊ ၁၉၇၀၊ သတင်းဂျာနယ်
(သတင်းစာဆရာကြီး အထောက်တော် လှအောင် ရေးသားခဲ့သည့် ဤဆောင်းပါးကို ပုဂံ စာပေတိုက်က ၂၀၁၁ ခုနှစ် ဇူလိုင်လတွင် ထုတ်ဝေသော “ကျွန်တော်နှင့် သတင်း” စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီးသည် ၁၉၉၂ ခုနှစ် ဧပြီလ ၇ ရက် အသက် ၅၆ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။)