စစ်ထောက်လှမ်းရေး အရာရှိကြီး တဦးဖြစ်တဲ့ ဗိုလ်မှူးကြီးဟောင်း လှမင်း အင်္ဂလိပ် ဘာသာနဲ့ ရေးသားတဲ့ “The Way I See It : Myanmar and Its Evolving Global Role (1988-2025)” ဆိုတဲ့ ဝါဒဖြန့် (Propaganda) စာအုပ်ကို ပြင်ဆင် တည်းဖြတ်ပြီး မေလကုန်ပိုင်းက ပြန်လည် ထုတ်ဝေလာတာကို နိုင်ငံပိုင် သတင်းစာများမှာ ကြော်ငြာ အညွှန်း ဖတ်ရပါတယ်။
၂၀၁၄ ခုနှစ်က မြန်မာ-အင်္ဂလိပ် ၂ ဘာသာ နဲ့ ထုတ်ခဲ့တဲ့ “မြန်မာ့နိုင်ငံရေး လက်ရှိအခြေအနေနှင့် ကျွန်တော့်အမြင် ၁၉၈၈ – ၂၀၁၄” စာအုပ်ကို ပြန်ထုတ်တာ ဖြစ်ပါတယ်။
၂၀၂၅ ခုနှစ်မှာ ၃၁ ကြိမ်မြောက် ပြင်ဆင် ဖြည့်စွက် ထုတ်ဝေထားခြင်း ဖြစ်တယ်လို့လည်း စာအုပ် ကြော်ငြာမှာ ဖော်ပြ ထားပါတယ်။
စာအုပ်ထဲမှာ မြန်မာနိုင်ငံရဲ့ ပထဝီ အနေအထား၊ လူမျိုး၊ ဘာသာ၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ရိုဟင်ဂျာ အရေး နဲ့ ဒီနေ့ ကြုံတွေ့နေရတဲ့ နိုင်ငံရဲ့ လက်ရှိ အခြေအနေတွေကို ရေးသားထားတာ ဖြစ်ပါတယ်။
နိုင်ငံတကာ နဲ့ ပတ်သက်လို့လည်း အထူးသဖြင့် အမေရိကန် နဲ့ UK တို့ကို ဝေဖန် ရေးသားထားပါတယ်။
နိုင်ငံသားများနဲ့ လူငယ် စာဖတ် ပရိသတ်များ သိသင့်တဲ့ ဖြစ်ရပ်မှန်များ ပါဝင်လို့ ဖတ်သင့်တဲ့ စာအုပ်ကောင်း တအုပ် လို့လည်း တိုက်တွန်းထားပါသေးတယ်။
အဲဒီ ဝါဒဖြန့် စာအုပ်ကို ဗိုလ်မှူးကြီးဟောင်း လှမင်းဟာ သူထောက်လှမ်းရေး အရာရှိဘဝက စတင်ရေးသားခဲ့တာ ဖြစ်ပါတယ်။

၂၀၀၄ ခုနှစ်မှာ စစ်ထောက်လှမ်းရေးကို ဖြိုခွဲ ရှင်းလင်းရေး လုပ်တဲ့အခါ သူလည်း ဖမ်းဆီး ထောင်ချခံရကာ ထောင်ထဲမှာ ၇ နှစ် နေရပြီး ၂၀၁၁ ခုနှစ်မှာ ပြန်လွတ်လာခဲ့ကာ ၂၀၁၄ ခုနှစ်မှာ အခု စာအုပ်ကို ထုတ်ဝေခဲ့တာ ဖြစ်ပါတယ်။
စစ်ဘက်မှာ ဗိုလ်ချုပ်ကြီး အဆင့်ကနေ ဒု ဗိုလ်မှူးကြီး အဆင့်အထိ၊ ဝန်ကြီးချုပ် ကနေ ဝန်ကြီး၊ အစိုးရ ပြောရေး ဆိုခွင့်ရှိသူ စတဲ့ စစ်ဗိုလ်ဟောင်းများ ဖြစ်ကြတဲ့ ဦးစိုးသိန်း၊ ဦးရဲထွဋ်၊ ဦးဝေလွင် (ဝေလွင်မောင်)၊ မှော်ဝန်းသား ဦးခင်ညွန့်၊ ဗိုလ်ထွန်းကြည် (မုံရွာ)၊ တင့်ဆွေ (ဖျာပုံ) စသူတို့ရဲ့ ဝါဒဖြန့် စာအုပ်တွေလည်း ထွက်ရှိကြပါတယ်။
ဦးနေဝင်း ခေတ်မှာတော့ ဒေါက်တာ မောင်မောင် ရဲ့ “သားမောင် စစ်သည်သို့”လို စာအုပ်ထွက်ရှိခဲ့ပါတယ်။
ဒေါက်တာ မောင်မောင်ဟာ ၁၉၈၈ သြဂုတ်လ ၁၉ ရက်ကနေ စက်တင်ဘာ ၁၈ ရက်အထိ တလတာ မြန်မာနိုင်ငံရဲ့ သတ္တမမြောက် သမ္မတ လုပ်ခဲ့သူ ဖြစ်ပါတယ်။
စစ်ထောက်လှမ်းရေး ဗိုလ်မှူးကြီးဟောင်း လှမင်း အပါအဝင် အဲဒီလူတွေဟာ ရာထူး တာဝန်တွေ မတူကြပေမယ့် အမှန်တရားကို ဖုံးကွယ်ထိန်ချန်ပြီး လက်နက်ကိုင် စစ်တပ်နဲ့စစ်အာဏာရှင် ဘက်က ရပ်တည်ကာ ဝါဒဖြန့် စာအုပ်တွေကို ရေးသား ထုတ်ဝေကြတာပါ။
တချို့ စာအုပ်တွေကတော့ လူငှားနဲ့ ရေးသား ထုတ်ဝေတာလို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ ၁၉၈၈ ခုနှစ် လူထု အုံကြွမှုကို ဖြိုခွဲကာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဗိုလ်ချုပ်ကြီး ခင်ညွန့် ခေါင်းဆောင်တဲ့ စစ်ထောက်လှမ်းရေး အဖွဲ့ဟာ တဖြည်းဖြည်း သြဇာအာဏာ ကြီးမား ကျယ်ပြန့်လာခဲ့ပါတယ်။
လက်နက်ကိုင်များ လွှမ်းမိုးထားတဲ့ အဲဒီ ထောက်လှမ်းရေး အဖွဲ့က ပုံမှန် သတင်း ထောက်လှမ်းရေးများ အပြင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နယ်ပယ်များ၊ နိုင်ငံတကာ ဆက်ဆံရေးများမှာပါ ထိုးဖောက် တွင်ကျယ်လာပါတယ်။
ထောက်လှမ်းရေး အဖွဲ့ဟာ နိုင်ငံရဲ့ နား၊ မျက်စိတွေ ဖြစ်တယ်လို့ ဗိုလ်ချုပ် ခင်ညွန့် ကိုယ်တိုင်ကလည်း ပြောဆိုထား ပါတယ်။
အဲဒီ အချိန်က နိုင်ငံတော် ငြိမ်းဝပ် ပိပြားမှု တည်ဆောက်ရေး အဖွဲ့ (နဝတ)၊ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ (နအဖ) စစ်အစိုးရများ ကိုယ်တိုင်လည်း စစ်ထောက်လှမ်းရေးကို အားကိုးရတဲ့ အခြေအနေ ဖြစ်လာနေပါတယ်။
စစ်ထောက်လှမ်းရေး ရဲ့ အဓိက အလုပ်တခုမှာလည်း ပြည်တွင်းရော ပြည်ပကိုပါ လက်ရှိ အုပ်ချုပ်သူ စစ်ခေါင်းဆောင် တွေရဲ့ လုပ်ရပ်တွေဟာ မှန်ကန် ကောင်းမွန်ကြောင်း ဝါဒဖြန့်ချိရတဲ့ အလုပ်ပဲ ဖြစ်ပါတယ်။
ဝါဒဖြန့်ချိခြင်း လုပ်ငန်းဟာ မြန်မာနိုင်ငံမှာ လွတ်လပ်ရေး ကြိုးပမ်းမှု ကာလ ဂျပန်ခေတ် ကတည်းက ရှိခဲ့တာပါ။
လွတ်လပ်ရေး ရပြီးနောက် ဝါဒဖြန့်ချိရေး
လွတ်လပ်ရေးရပြီး ပြည်တွင်းစစ်ကာလ ကွန်မြူနစ်ဝါဒ အားကောင်းချိန် ဖဆပလ အစိုးရ ဝန်ကြီးချုပ် ဦးနု ကိုယ်တိုင် “လူထုအောင်သံ” ဆိုတဲ့ ပြဇာတ်ကိုရေးပြီး ဒီမိုကရေစီ ပြန့်ပွားရေး အသင်းက ထုတ်ဝေကာ ဗမာပြည် ကွန်မြူနစ် ပါတီ ဆန့်ကျင်ရေး ဝါဒဖြန့်ခဲ့ပါတယ်။
ဒါအပြင် အမေရိကန် အကူအညီနဲ့ ဒီပြဇာတ်ကို ရုပ်ရှင်အဖြစ် ရိုက်ကူးပြီး မင်းသား ဗိုလ်ဗကိုနဲ့ အသက်သွင်းခဲ့ရာ အနုပညာ ဘက်မှာသာမက ဝါဒဖြန့်ချိရေး အပိုင်းမှာပါ အောင်မြင်မှု ရခဲ့တယ်လို့ ဆိုရမှာပါ။
ဒါဟာ စာပေဗိမာန် လူထုစာစဉ် ဆိုတာမျိုး မဟုတ်ဘဲ ပထမဆုံးအကြိမ် အစိုးရကိုယ်တိုင် ဝါဒဖြန့်ချိရေးလို့ ဆိုနိုင် ပါတယ်။
ပြည်တွင်းငြိမ်းချမ်းရေး ခေါင်းစဉ်အောက်မှာ နိုင်ငံရေးနည်းနဲ့တဖုံ ထိုးစစ်နဲ့တမျိုး လုပ်ဆောင်နေပေမယ့် တပြိုင်တည်း မှာပဲ “ခေတ်ရေး” လို ဝါဒဖြန့်စာစောင်တွေ ထုတ်ဝေကာ “ရဲဘော် မသေစေရဘူး” ဆိုတဲ့ ဗိုလ်ဗကိုရဲ့ မျက်ရည်ကျ လောက်တဲ့ အပြောနဲ့ ရေဒီယို အသံလွှင့် ဇာတ်လမ်းတွေဟာလည်း ဗမာပြည်ကွန်မြူနစ် ပါတီဝင်တွေကို အစုလိုက် အပြုံလိုက် လက်နက်ချလာအောင် လုပ်နိုင်ခဲ့တဲ့ အရာတွေဖြစ်ခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ ဒီလို ဝါဒဖြန့်ချိရေးကို တပ်မတော် ပြည်သူ့ ဆက်ဆံရေးနဲ့ စိတ်ဓာတ်စစ်ဆင်ရေး ဌာန ကိုယ်တိုင် လုပ်ဆောင်လာတာကို တွေ့ရပါတယ်။
ရှေးခေတ်ရဲမက်တွေ ဆောင်းတဲ့ မောက်တိုမှာ ကလောင်တံကပ် အမှတ်တံဆိပ်နဲ့ မြဝတီမဂ္ဂဇင်းကို တည်ထောင်ပြီး ဦးမေအောင်လို လက်ယာယိမ်း ပုဂ္ဂိုလ်ကြီးတွေရဲ့ ကွန်မြူနစ် အန္တရာယ် သတိပေးတဲ့စာတွေ ကြားမှာ မင်းရှင်နောင်၊ တင့်တယ်၊ ခင်နှင်းယု (ဗိုလ်မှူးကျော်သောင်း ဇနီး၊ ဝန်ကြီးချုပ် ဦးနု၏ နှမ)၊ သန်းဆွေ၊ ကြည်အေး တို့လို နာမည်ကြီး စာရေးဆရာတွေရဲ့ အနုပညာအသားပေး ဝါဒဖြန့်ချိရေး ပုံစံမျိုး လုပ်ဆောင်လာတာကို တွေ့ရပါတယ်။
ဦးနေဝင်း ၁၉၆၂ မတ်လ ၂ ရက်က အာဏာသိမ်းလိုက်တဲ့အခါ ထောက်လှမ်းရေးဟာ အာဏာထက်လာကာ ဦးနေဝင်း ရဲ့ နားနဲ့ မျက်စိ အခရာတွေလည်း ဖြစ်လာပြီး စသုံးလုံးလို အဖွဲ့ကြီးထက် အရက်စက်ဆုံးနဲ့ အထိရောက်ဆုံး ထောက်လှမ်းရေး အဖွဲ့ကို လူတိုင်းလိုလို ကြောက်လန့်ခဲ့ရတယ်လို့ ဆိုရမှာပါ။
ဦးနေဝင်း ခေတ်အစမှာတော့ နှုတ်ခမ်းမွေးလွင်လို့ သိကြတဲ့ ဗိုလ်မှူးကြီးလွင်က (NLD ပါတီက ဦးလွင် မဟုတ်ပါ) ထောက်လှမ်းရေး အကြီးအကဲ ဖြစ်ပေမယ့် အဲဒီ ဝါဒဖြန့် အလုပ်တွေကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) လက်အောက်ရှိ ပြည်သူ့ ဆက်ဆံရေးနဲ့ စိတ်ဓာတ် စစ်ဆင်ရေး ညွန်ကြားရေးမှူးရုံးက တာဝန်ယူ ဆက်လက် လုပ်ဆောင်ပါတယ်။
ဗိုလ်မှူးကြီး လွင် လက်ထက် ဗမာပြည် ကွန်မြူနစ် ပါတီ ဗဟိုကော်မတီဝင် သခင်တင်မြကို ရန်ကုန်မြို့မှာ မြေအောက် လုပ်ငန်းတွေ လုပ်နေတုန်း မိလိုက်တဲ့အခါ ဦးနေဝင်းရဲ့ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီ (မဆလ) ကို ထောက်ခံတဲ့ “သမိုင်းတခေတ်သစ်ခဲ့ပြီ” လို စာအုပ်မျိုးရေးစေခဲ့ပြီး စစ်တပ်ဝါဒ ဖြန့်ချိရေးကို တဖက်တလမ်း အကျိုးပြုတာမျိုးလည်း ရှိပါတယ်။
ဒါပေမယ့်လည်း တပ်မတော် ထောက်လှမ်းရေးမှူးသစ် ဗိုလ်မှူးကြီး ချစ်ခင် လက်ထက်မှာ စစ်တပ်ရဲ့ အဓိကရန်သူ ပဲခူး ရိုးမက ဗမာပြည် ကွန်မြူနစ် ပါတီ အမြစ်ပြုတ်ဖို့ရာ ခပ်ပါးပါးပုတ် ဝါဒဖြန့်နေတာထက် ပိုလုပ်ဖို့လိုတာကြောင့် ဗဟို ထောက်လှမ်းရေးတပ် (ရေကြည်အိုင်) က ဒုဗိုလ်မှူးကြီး တင်ဦး (နောင် မျက်မှန်ကြီး၊ လန်ဘား တင်ဦးလို့ လူသိများ) ကို ခေါ်ပြီး တောပြန်၊ လက်နက်ချများ နဲ့ ပေါင်းကာ ဝါဒဖြန့်ချိရေးသစ် လုပ်စေပါတယ်။
အဲဒီ ဒုဗိုလ်မှူးကြီး တင်ဦးဟာ ဦးနေဝင်းရဲ့ မဆလ ထိပ်ပိုင်း နံပါတ် (၂) နဲ့ စစ်ဘက် ဆိုင်ရာ အကြံပေးအထိ ဖြစ်ခဲ့ပါတယ်။
မြရာပင် ခေတ်
ကွန်မြူနစ်ပါတီဗဟို အခြေစိုက်ရာ ပဲခူးရိုးမကို အစွဲပြုတဲ့ “မြရာပင်” စာပေကို ထောင်ကာ ဗိုလ်မှူးကြီးချစ်ခင်၊ ဒုဗိုလ်မှူးကြီး တင်ဦး၊ လက်နက်ချ ရဲဘော် ဘခက်တို့ သုံးဦးပေါင်းကာ“ရဲဘော်အောင်ခိုင်” ဆိုတဲ့ အမည်နဲ့ တောတွင်း အဖြစ်အပျက်များကို ဖော်ထုတ်ရေးသား ထုတ်ဝေပြီး ထောက်လှမ်းရေးရဲ့ စိတ်ဓာတ်စစ်ဆင်ရေး စတင်ခဲ့ပါတယ်။

အရင်က မြရာပင် စာပေမှာ လက်နက်ချထဲက ရဲဘော်ဘခက်သာ ရှိပေမယ့် နောက်ပိုင်းမှာ ဗဟိုကော်မတီဝင် ရဲဘော်မြ၊ ပီကင်းပြန် ရဲဘော် တင်ရှိန် တို့ပါ ရောက်လာတဲ့အတွက် “မြခက်ရှိန်” ဆိုကာ အတွဲညီပြီး “သုံးပါတီ ညီညွတ်ရေး” အမည်နဲ့ အလံဖြူ၊ အလံနီ ကွန်မြူနစ်တွေ ပြည်သူ့ရဲဘော်တွေ အကြောင်း ဇာတ်လှန်သလို ကရင် လက်နက်ချတွေနဲ့ ပေါင်းပြီး မြစ်ဝကျွန်းပေါ် အကြောင်း ရေးထားတဲ့ “ပြည်သူစစ် ဒို့စစ်”လို စာအုပ်မျိုးတွေ၊ ဝန်ကြီးချုပ် ဟောင်း ဦးနုနဲ့ ကရင်၊ မွန်လက်နက်ကိုင်တွေ အကြောင်းကို ထောက်လှမ်းရေး သတင်းတွေကို အခြေခံပြီး ရေးတဲ့ “နောက်ဆုံးပေါ် သုံးပါတီ” စာအုပ်တွေကို ထုတ်ဝေခဲ့ပါတယ်။
မြရာပင်စာပေတိုက် ထုတ် စာအုပ်တွေထဲမှာ အထင်ရှားဆုံးနဲ့ လူကြိုက်အများဆုံးကတော့ “သခင်သန်းထွန်း၏ နောက်ဆုံးနေ့များ” ဖြစ်ပြီး ဒီစာအုပ်ကြောင့် ဒီနေ့အထိ လူထုကြား ကွန်မြူနစ်တစ္ဆေ ခြောက်နေဆဲ ဖြစ်သလို ကွန်မြူနစ်တို့ အတွက်လည်း အရိပ်မည်းကြီး ဖြစ်ခဲ့ရပါတယ်။

၁၉၇၅ ပဲခူးရိုးမက နောက်ဆုံးလက်ကျန် ကွန်မြူနစ်ပါတီ ကျဆုံးချိန် ဇင်+ ချစ် နောက်ဆုံး (၂) စာအုပ်ကိုတော့ ရဲဘော်ဘခက်ရဲ့ သပြေဖြူ စာပေက ထုတ်ဝေခဲ့ပြီး မြခက်ရှိန် လို့ သိကြတဲ့ ရဲဘော်မြ၊ ရဲဘော်ဘခက်၊ ပီကင်းပြန် ရဲဘော် တင်ရှိန်တို့ဟာ ရန်ကုန်မြို့ ကုန်းမြင့်သာမှာ အခြေချ နေထိုင်ရင်း မြရာပင်ကို ပြည်ဖုံးကားချခဲ့ပါတယ်။
ထို့ကြောင့် ဤသို့
၁၉၈၈ ခုနှစ် လူထုအုံကြွမှု အပြီးမှာတော့ အာဏာသိမ်း စစ်တပ်ဟာ ထောက်လှမ်းရေး ဗိုလ်မှူးချုပ် ခင်ညွှန်နဲ့ ပြန်ကြား ရေး ဝန်ကြီးဌာနတို့ တွဲဖက်ကာ စာအုပ်နီလို့ လူသိများတဲ့ “ဗမာပြည် ကွန်မြူနစ် ပါတီ၏ နိုင်ငံတော် အာဏာ သိမ်းပိုက် ရေး လှုပ်ရှားမှုများ”၊ စာအုပ်စိမ်းလို့ လူသိများတဲ့ “မြန်မာနိုင်ငံအတွင်းမှ သစ္စာဖောက် ပုဆိန်ရိုးများနှင့် ပြည်ပ ဓားရိုးကမ်း သူတို့၏ အရှုပ်တော်ပုံ” စတဲ့ သတင်းစာ ရှင်းလင်းပွဲ စာအုပ်တွေကို ထုတ်ကာ ထောက်လှမ်းရေးက ဝါဒ ဖြန့်ချိရေး လုပ်ခဲ့ပါတယ်။
အရင် ထောက်လှမ်းရေး ဗိုလ်မှူးချုပ် တင်ဦးရဲ့ ခြေရာအတိုင်း လိုက်ကာ သခင် သန်းထွန်း၏ နောက်ဆုံးနေ့များ စာအုပ်လိုပဲ “ထို့ကြောင့် ဤသို့” အမည်နဲ့ ရေးသား တင်ပြသူ“တောခို ကျောင်းသားဟောင်းများ” ဆိုကာ ၁၉၉၀ ပြည့်နှစ် နဝတ စစ်အစိုးရ လက်ထက်မှာ ပထမ အကြိမ် ထုတ်ဝေခဲ့ပါတယ်။

ဒုတိယ အကြိမ်ကို ၂၀၁၅ ခုနှစ် သြဂုတ်လမှာ ထုတ်ဝေရာမှာတော့ ရေးသား တင်ပြသူတွေဟာ ရဲဘော် ဇင်ထက်၊ ရဲဘော် ထွန်းသိန်း၊ ရဲဘော် အောင်မင်း၊ ဗိုလ်မှူးကြီးဟောင်း စန်းပွင့် ဆိုပြီး ထုတ်ဖော်ပြလာပါတယ်။
ဗိုလ်မှူးကြီးဟောင်း စန်းပွင့်ဟာ စစ်ထောက်လှမ်းရေး အရာရှိ တဦး ဖြစ်ပြီး ၂၀၀၄ ခုနှစ်က ရှင်းလင်းမှုမှာ ဖမ်းဆီး ထောင်ချခံခဲ့ရကာ အကျဉ်းထောင်တွင်း ၇ နှစ်ခန့် နေခဲ့ရပြီးနောက် ပြန်လွတ်လာပါတယ်။
ဗိုလ်မှူးကြီးဟောင်း စန်းပွင့်ဟာ “ရှေးမြန်မာမင်းများ လက်ထက် ထောက်လှမ်းရေး” ဆိုတဲ့ စာအုပ်ကိုလည်း ရေးသား ထုတ်ဝေခဲ့သူ ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် သြဂုတ်လ အတွင်းမှာတော့ ဗိုလ်မှူးကြီးဟောင်း စန်းပွင့် သွေးကင်ဆာ ရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။
၁၉၈၈ နောက်ပိုင်းမှာတော့ ဗိုလ်ချုပ်ကြီး ခင်ညွန့် (အတွင်းရေးမှူး – ၁) ရဲ့ လက်ထက် ထောက်လှမ်းရေးကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် တိုးချဲ့ ဖွဲ့စည်းခဲ့ပါတယ်။ အစိုးရ ယန္တရား ဟာ ထောက်လှမ်းရေးကို မှီခိုခဲ့ရပါတယ်။
ဗိုလ်ချုပ်ကြီး စောမောင် လက်ထက်မှာတော့ Yellow Journalism အဆင့်လို့ပဲ သတ်မှတ်ရမယ့် “မြက်ခင်းသစ် မဂ္ဂဇင်း” ဆိုတာ ထုတ်ခဲ့ပါတယ်။

စီစဉ် တည်းဖြတ်သူက “ဖိုးကံကောင်း” ဆိုသူ ဖြစ်ပြီး ထုတ်ဝေ အမည်ခံက သောင်ရင်း စာပေဝိုင်း ဆိုတာပါ။
ဝါဒ ဖြန့်ချိရေးကို အတုံးလိုက်၊ အတစ်လိုက် လုပ်ခဲ့တဲ့ မဂ္ဂဇင်း တစောင်ပါ။ နောက်ဆုံးမှာတော့ ရပ်သွားခဲ့ပါတယ်။
အဲဒီအချိန်မှာ ပြည်ပ မီဒီယာတွေက မြန်မာပြည် နဲ့ နဝတ၊ နအဖ စစ်အစိုးရ အကြောင်း ရေးတာတွေဟာ မိုးလုံးပြည့် အမှန်တရားတွေပါ။
ဒါတွေကို ဗိုလ်ချုပ်ကြီးတွေ မကြိုက်ဘူး။ တုံ့ပြန်ဖို့ ကြိုးစားရတယ်။ Narrative ကို ပြောင်းဖို့။
နိုင်ငံခြားက PR ကုမ္ပဏီတွေ ငှားရတယ်။ ဒေါ်အောင်ဆန်းစုကြည် ပုံရိပ်ကိုဖျက်၊ အတိုက်အခံတွေရဲ့ ပုံရိပ်ကို ဖျက်ပြီး နဝတ၊ နအဖ ဘက်ကို ပါအောင် လုပ်ကြတယ်။
ဘန်ကောက်က မြန်မာ စစ်သံရုံးမှာ တာဝန်ယူခဲ့ရတဲ့ ဗိုလ်မှူးကြီး သိန်းဆွေဟာ ဒီနေရာမှာ အရေးပါခဲ့တယ်။
စီးပွားရေး ပိတ်ဆို့မှု လုပ်နေတဲ့ US, EU တို့နဲ့ အဆင်ပြေဖို့ ဗိုလ်ချုပ် ခင်ညွန့်ရဲ့ မဟာဗျူဟာ ထောက်လှမ်းရေး ဌာနက အရာရှိကြီး တွေဟာ အတော်ကို လုံ့လ ထုတ်ခဲ့ရတယ်။
ဗိုလ်မှူးကြီး လှမင်းလည်း အပါအဝင် ဖြစ်ပါတယ်။ သူက အနောက်နိုင်ငံမှာ ပညာသင်ခဲ့သူ ဆိုတော့ အင်္ဂလိပ်စာ ကောင်းတယ်။

ရုပ်ရည်ကလည်း ရှိတော့ သူဟာ နိုင်ငံခြား မီဒီယာတွေနဲ့ အင်တာဗျူး ပေးတာတွေ၊ နဝတ၊ နအဖ ရဲ့ ပုံရိပ်ကို ပြောင်းဖို့ ကြိုးစားတာတွေမှာ အရေးပါလာပါတယ်။ ဗိုလ်မှူးကြီး လှမင်းနဲ့ အတူ အခြား ဌာနကြီးမှူးတွေ ဖြစ်တဲ့ ဗိုလ်မှူးကြီး သိန်းဆွေတို့၊ ဗိုလ်မှူးကြီး ခင်မောင်သိန်း (ဂျပန် သံအမတ် ဖြစ်ခဲ့သူ) တို့လည်း ပါကြပါတယ်။
သူတို့တွေဟာ ၁၉၈၀ ကာလတွေက CIA သင်တန်း တက်ခဲ့သူများ ဖြစ်ပြီး အမေရိကန်နဲ့ ဆက်ဆံရေး မပျက်ခဲ့ကြပါဘူး။
ဒါကြောင့်လည်း အမေရိကန် သံတမန်ဟောင်း၊ ကွန်ဂရက် အမတ် ဘီလ် ရစ်ချတ်ဆင် (Bill Richardson) ကို ၁၉၉၄ မှာ နေအိမ်မှာ အကျယ်ချုပ် ကျနေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့် ပေးခဲ့ပါတယ်။ ထောက်လှမ်းရေးရဲ့ ဗျူဟာကျတဲ့ လုပ်ဆောင်ချက်ပါ။
US, Asean နဲ့ ဂျပန် စတဲ့ နိုင်ငံတွေက မြန်မာအပေါ် အမြင်ပြောင်းသွားအောင် ဖော်ဆောင်နိုင်ခဲ့တဲ့ ဗိုလ်ချုပ် ခင်ညွန့် နဲ့ သူ့ထောက်လှမ်းရေး အဖွဲ့ရဲ့ ခြေလှမ်းပဲ ဖြစ်ပါတယ်။
၂၀၂၁ နိုဝင်ဘာ အတွင်းကလည်း ဘီလ် ရစ်ချတ်ဆင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံဖို့ ဖိတ်ခေါ်နိုင်ခဲ့ပါတယ်။
သိမ်မွေ့ ခေတ်မီတဲ့ Propaganda သို့မဟုတ် ဝါဒဖြန့်ချိရေးကို လုပ်ရမယ်လို့ သဘောပေါက်သူ၊ အလင်းရနေသူ ကတော့ ဗိုလ်ချုပ် ခင်ညွန့် ရဲ့ လက်စွဲတော် ဗိုလ်မှူးကြီး သိန်းဆွေပဲ ဖြစ်ပါတယ်။
သူဟာ ဘန်ကောက် တာဝန်တွေ အပြီးမှာ ရန်ကုန်မှာ နိုင်ငံတကာ ဆက်ဆံရေးဌာန ဌာနကြီးမှူး တာဝန်ကို ယူရပါတယ်။
အဲဒီ အချိန်မှာ ဗိုလ်ချုပ်ကြီး ခင်ညွန့်ရဲ့သား ဒေါက်တာ ရဲနိုင်ဝင်းနဲ့ အတူ မဂ္ဂဇင်း ထုတ်ခွင့် လိုင်စင် ရသွားသူကတော့ အတန်းဖော် သူငယ်ချင်း ဒေါက်တာ နေဝင်းမောင်ပဲ ဖြစ်ပါတယ်။
Living Color မဂ္ဂဇင်းကို စတင် ထုတ်ဝေခဲ့ပါတယ်။
ဆင်ဆာ ဖြတ်တောက်ရေးက အလွန်ကို တန်ခိုးထွားနေချိန် ဖြစ်ပါတယ်။ ငွေမင်သုတ်တယ်၊ ဆုတ်ဖြဲတယ် ဆိုတဲ့ ခေတ်ကြီးမှာ ထွက်လာတဲ့ VIP မဂ္ဂဇင်း တစောင်ပဲ ဖြစ်ပါတယ်။
ပြီးတော့ အရှိန်ရလာတဲ့ အခါမှာ ဒေါက်တာ နေဝင်းမောင်က The Voice ဂျာနယ်ကိုလည်း ထုတ်ပါတယ်။ အနောက် သံတမန်တွေရဲ့ အာရုံစိုက်ခြင်းနဲ့ အားပေးခြင်းကိုတောင် ခံခဲ့ရပါတယ်။
ပြည်ပ မီဒီယာများ ရေးတဲ့ မြန်မာပြည်
အဲဒီ အချိန်မှာ ပြည်ပမှာ တန်ခိုးထွားနေတာက ခေတ်ပြိုင် တို့၊ ဧရာဝတီ တို့၊ အင်္ဂလိပ်လို ထုတ်ကြတယ်။
Bangkok Post တို့ The Nation တို့လို သတင်းစာကြီးတွေမှာလည်း မြန်မာနဲ့ ပတ်သက်တဲ့ အကြောင်းအရာ သတင်း ဆောင်းပါးတွေ ဖော်ပြပါတယ်။
အဲဒီ သတင်းစာတွေက ဆောင်းပါးတွေဟာ နဝတ၊ နအဖ ဗိုလ်ချုပ်ကြီးတွေ မနှစ်သက်တဲ့ သတင်းဆောင်းပါးတွေပဲ ဖြစ်ပါတယ်။
၁၉၉၂-၁၉၉၃ ကနေ ၂၀၀၀ ကျော် ဝန်းကျင်အထိ အဲဒီ အချိန်က သြဇာကြီးတဲ့ Bangkok Post နဲ့ The Nation သတင်းစာကြီးတွေမှာ မြန်မာ အကြောင်း အပတ်စဉ် ရေးသားသူတွေ ကတော့ Kavi Chongkittavorn, Yindee Lertcharoenchok, Don Pathan, Larry Jagan တို့နဲ့ အတူ အောင်ဇော် (ဧရာဝတီ သတင်းဌာနကို တည်ထောင်သူ) တို့ပဲ ဖြစ်ပါတယ်။
အဲဒီအချိန် Dominic Faulder ကလည်း Asiaweek မှာ မြန်မာ့အရေးကို အပြိုင်ရေးသားနေပါတယ်။
ဒါ့အပြင် Far Eastern Economic Review – FEER အရှေ့ဖျားဒေသ စီးပွားရေးရာ စာစောင်မှာ ပုံမှန် ဝေဖန် ရေးသားသူ ကတော့ သတင်းစာ ဆရာကြီး ဘာတေးလ် လင့်တ်နာ (Bertil Lintner) ပဲ ဖြစ်ပါတယ်။
သူတို့တတွေရဲ့ ဆောင်းပါးတွေ ကတော့ မြန်မာ စစ်အစိုးရ အတွက် ထိရှစရာတွေ ဖြစ်ခဲ့ပါတယ်။
သူတို့က နိုင်ငံတကာ စာမျက်နှာတွေကို စီးထားပြီး စစ်အစိုးရနဲ့ မြန်မာပြည် အကြောင်း ပုံမှန် ဖွင့်ချရေးသားနေတာကို ထောက်လှမ်းရေးက အတော်ကို ဒေါသ ထွက်ခဲ့ပါတယ်။
ဒါတွေကို တုံ့ပြန်ဖို့ အတွက် စစ်ထောက်လှမ်းရေးဟာ ကိုယ်ပိုင် သတင်းစာထောင်ပြီး အင်္ဂလိပ်၊ မြန်မာ ၂ ဘာသာနဲ့ ထုတ်ဝေတာပါ။ သူတို့ လိုချင်တဲ့ Narrative ကို ပေးဖို့ ဖြစ်ပါတယ်။
မြန်မာတိုင်းမ်ကို ထုတ်ပြီ
၂၀၀၀ မှာတော့ ဗိုလ်မှူးချုပ် ဖြစ်ပြီ ဖြစ်တဲ့ ဦးသိန်းဆွေဟာ “မြန်မာတိုင်းမ်” ဂျာနယ်ကို တည်ထောင် ထုတ်ဝေခဲ့ ပါတယ်။ နာမည်ခံ ကုမ္ပဏီ ကတော့ Myanmar Consolidated Media Co., Ltd. ဖြစ်ပြီး ဦးသိန်းဆွေ ရဲ့ သား ဦးဆန်နီဆွေ (မြတ်ဆွေ) ဦးစီးပါတယ်။

Myanmar Consolidated Media Co., Ltd. ကုမ္ပဏီရဲ့ ဒါရိုက်တာ အဖွဲ့ကို ရော့စ် ဒန်ကလေ (Ross Dunkley) အပါအဝင် ရှယ်ယာရှင်များနဲ့ ဖွဲ့စည်းထားပြီး အဓိက ရှယ်ယာရှင်ကတော့ ဦးဆန်နီဆွေ ရဲ့ ဇနီး ဒေါ်ယမင်းထင်အောင် နဲ့ ရော့စ် ဒန်ကလေ တို့ပဲ ဖြစ်ပါတယ်။ အစပိုင်းမှာ ဦးပြုံးမောင်မောင် တို့လည်း ပါဝင်ခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ သြစတြေးလျ နိုင်ငံသား ရော့စ် ဒန်ကလေ အပြင် နိုင်ငံတကာ ပဋိပက္ခ လေ့လာ စောင့်ကြည့်ရေး အဖွဲ့ (International Crisis Group-ICG) က Thomas Kean နဲ့ Tony Child, Bill Tegjeu တို့လို နိုင်ငံခြားသား တချို့လည်း ပါဝင် လုပ်ကိုင်ခဲ့ကြ ပါတယ်။
ဆင်ဆာတွေ ဆိုးဝါးတဲ့ ခေတ်မှာ မြန်မာတိုင်းမ် ဟာ အထူးအခွင့်အရေးရ သတင်းစာ ဖြစ်တဲ့ အတွက် ဆင်ဆာကို ဖြတ်စရာ မလိုဘဲ ထောက်လှမ်းရေး အရာရှိ ၂ ယောက်က ကြည့်ပေးပြီး ပုံနှိပ်ခွင့် ရပါတယ်။
မြန်မာတိုင်းမ် စာမူတွေကို ဖတ်ပေးရသူကတော့ ဗိုလ်မှူးချုပ်ဟောင်း ဦးသိန်းဆွေနဲ့ ထောက်လှမ်းရေး အရာရှိငယ် တဦးပဲ ဖြစ်ပါတယ်။
တခါတရံမှာ တိုင်းပြည်မှာ အရေးကြီးတဲ့ ဖြစ်ရပ်တွေ ဖြစ်ခဲ့ရင် ဦးသိန်းဆွေ ကိုယ်တိုင် ဝင်ပြီး ရေးပေးတာတွေ ရှိခဲ့ကြောင်း သိရပါတယ်။
အရေးကြီးပြီး Sensitive အကဲဆတ် သတင်း ခေါင်းစဉ်ကြီးတွေကို အရေးမကြီးတဲ့ စာမျက်နှာ ၃၊ ၄ ကို ပို့၊ Narrative ကို ပြောင်းရေး၊ Tone ကို လျှော့။ ဒီလိုမျိုးတွေ လုပ်တာပါ။
မြန်မာတိုင်းမ်ဟာ အောင်မြင်တဲ့ သတင်းစာ တစောင် ဖြစ်ခဲ့ပါတယ်။ စစ်ထောက်လှမ်းရေးရဲ့ အရင်းအနှီး ကြီးတဲ့၊ ရည်မှန်းချက် ကြီးတဲ့ ဝါဒ ဖြန့်ချိရေး ပရော့ဂျက် တခု ဖြစ်ပါတယ်။
သြစတြေးလျ နိုင်ငံသား ရော့စ် ဒန်ကလေ (Ross Dunkley) ကို ငှား၊ မြန်မာ အကြောင်း သိပ်မသိတဲ့ ခပ်စိမ်းစိမ်း၊ ခပ်နုနု နိုင်ငံခြားသား လေးတွေကို ငှားရမ်း လုပ်ကိုင်ခဲ့တာပါ။
သူတို့ကို ဦးနှောက် ဆေးပြီး ထောက်လှမ်းရေး လိုချင်တဲ့ Narrative ကို ရေးခိုင်း၊ ပြောခိုင်းတာပါ။
သူတို့ဟာ ဒီနေ့အထိ မြန်မာပြည် အကြောင်း ရေးရင်၊ ပြောရင် ထောက်လှမ်းရေး ဦးနှောက် ဆေးထားတဲ့ Narrative ကို ပြောနေတုန်းပါပဲ။ ထောက်လှမ်းရေး အောင်မြင်ပါတယ်။

အဲဒီ မြန်မာတိုင်းမ်ဟာ တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံး (ကကလှမ်း) ရဲ့ အမြင်များကို ထင်ဟပ် ပြရန်သာ ဖြစ်ကြောင်း မြန်မာ့ တပ်မတော်အကြောင်း အထူးပြု ရေးသားသူ သြစတြေးလျ နိုင်ငံသား Andrew Selth ကလည်း သူရေးတဲ့ Secrets and Power in Myanmar : Intelligence and The Fall of General Khin Nyunt စာအုပ် (ဉာဏ်သစ် မြန်မာပြန်) ထဲမှာလည်း ဖော်ပြထားပါသေးတယ်။
အဲဒီလို စစ်ထောက်လှမ်းရေး တန်ခိုးအာဏာ ထက်နေချိန်မှာ ထုတ်ဝေခွင့် လိုင်စင်၊ အင်တာနက် လိုင်စင်တွေကို အကြီးအကျယ် ခံစားခွင့် ရသူတွေကတော့ ဗိုလ်ချုပ်ကြီး ခင်ညွန့်သား ဒေါက်တာ ရဲနိုင်ဝင်း (Bagan Cybertech)၊ နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဦးဝင်းအောင် ထောက်လှမ်းရေးဟောင်း ရဲ့သား ဦးသောင်းစုငြိမ်း (7 Day ဂျာနယ် နဲ့ အခြား စီးပွားရေး လုပ်ငန်းများ) နဲ့ ဗိုလ်မှူးချုပ် သိန်းဆွေသား ဦးဆန်နီဆွေ တို့ပဲ ဖြစ်ပါတယ်။
ဒါဟာ “မြရာပင်” စာပေ ပြီးရင် မြန်မာ စစ်ထောက်လှမ်းရေးရဲ့ အလွန်ကို ရည်ရွယ်ချက် ကြီးတဲ့ မီဒီယာ Campaign ပရော့ဂျက်လို့ ပြောလို့ရတယ်။ ပြည်တွင်းတင်မက ပြည်ပကိုပါ ပစ်မှတ်ထားတာ ဖြစ်လို့ ပါပဲ။
ဒါပေမယ့် ၂၀၀၄ မှာတော့ ခေါင်းဆောင်ပိုင်း အာဏာ လွန်ဆွဲပွဲကြောင့် ဗိုလ်ချုပ်ကြီး ခင်ညွန့် ရာထူးက ပြုတ်ပြီး နေအိမ် အကျယ်ချုပ် ကျခဲ့ပါတယ်။
ဗိုလ်မှူးချုပ် သိန်းဆွေနဲ့ သူ့ရဲ့သား ဆန်နီဆွေ အပါအဝင် ထောက်လှမ်းရေး အရာရှိ ကြီးငယ်တွေ ထောင်နန်းစံခဲ့ရ ပါတယ်။ အာဏာ ဖီဆန်မှု၊ အာဏာ အလွဲသုံးစား လုပ်မှု၊ လာဘ်လာဘ အဂတိ လိုက်စားမှုတွေနဲ့ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် အောက်တိုဘာလ အတွင်းကတော့ ဗိုလ်မှူးချုပ်ဟောင်း သိန်းဆွေနဲ့ ဗိုလ်မှူးကြီးဟောင်း လှမင်း တို့ဟာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ခရီးစဉ်မတိုင်ခင် ကြိုတင်ပြီး တရုတ်နိုင်ငံ ဘေဂျင်းကို သွားရောက်ကာ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြတာကို တွေ့ရပါတယ်။

ဗိုလ်မှူးချုပ်ဟောင်း သိန်းဆွေက မြန်မာ မူဝါဒ သုတေသန အဖွဲ့ ပါရာဂွန် အင်စတီကျု (Paragon Institute) ဥက္ကဋ္ဌ၊ ဗိုလ်မှူးကြီးဟောင်း လှမင်းက အထူး အကြံပေးအနေနဲ့ ချာဟာ အင်စတီကျု (The Charhar Institute) ဥက္ကဋ္ဌ နဲ့ ဘေဂျင်းမှာ တွေ့ဆုံခဲ့တာပါ။ အဲဒီနေ့မှာပဲ ဘေဂျင်းရှိ တိုင်ဟဲ အင်စတီကျု (Taihe Institute – TI) က ဝါရင့် တရုတ် သုတေသီများနဲ့လည်း တွေ့ဆုံခဲ့ပါသေးတယ်။
စစ်ကောင်စီက သူတို့ကို သုံးနေတယ် ဆိုတာ ပေါ်လွင် ထင်ရှားပါတယ်။
မြန်မာတိုင်းမ်လည်း ပထမ အသုတ် တပ်ပျက်ပါတယ်။ ပိုင်ရှင် အပြောင်းအလဲလည်း ဖြစ်သွားပါတယ်။
စစ်အစိုးရလူ သုတစွယ်စုံ ထုတ်တဲ့ ဒေါက်တာ တင်ထွန်းဦးက မြန်မာတိုင်းမ် ပိုင်ရှင်သစ် ဖြစ်လာပါတယ်။
ဒေါက်တာ တင်ထွန်းဦးဟာ စွယ်စုံမီဒီယာ ကုမ္ပဏီကို ပိုင်ဆိုင်တဲ့ မီဒီယာစီးပွားရေး လုပ်ငန်းရှင်တဦးဖြစ်ပါတယ်။ စွယ်စုံမီဒီယာကနေ သုတစွယ်စုံ မဂ္ဂဇင်း၊ အာရောဂျံ မဂ္ဂဇင်း၊ ပြည်မြန်မာ ဂျာနယ်၊ Good Health ဂျာနယ် တို့ကို ထုတ်ဝေပါတယ်။
ဒါ့အပြင် ဒေါက်တာ တင်ထွန်းဦးဟာ ၂၀၁၀ ရွေးကောက်ပွဲမှာ စစ်တပ် ကျောထောက်နောက်ခံပြု ပြည်ထောင်စု ကြံ့ခိုင်ရေး နဲ့ ဖွံ့ဖြိုးရေး ပါတီ (ကြံ့ဖွံ့) ကိုယ်စားပြုပြီး ရန်ကုန်တိုင်း ပုဇွန်တောင် မြို့နယ်မှာ ဝင်ရောက် အရွေးခံခဲ့သူ ဖြစ်ပါတယ်။
ဒေါက်တာ တင်ထွန်းဦးဟာ လက်ရှိမှာလည်း အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ သတင်းမီဒီယာ ကောင်စီ ဥက္ကဌလည်း ဖြစ်ပါတယ်။
နောက်ပိုင်းမှာတော့ ပက်စီ (Pepsi) ဦးသိန်းထွန်းက မြန်မာတိုင်းမ်ကို ဒေါက်တာ တင်ထွန်းဦးဆီက ဝယ်လိုက်ပါတယ်။
ဦးသိန်းထွန်းဟာ အသက် ၈၅ နှစ်အရွယ် ၂၀၂၂ ခုနှစ် ဧပြီ ၁၈ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကွယ်လွန်သွားခဲ့ပါတယ်။
ရော့စ် ဒန်ကလေ ကတော့ ပြည့်တန်ဆာမှု၊ ဆေးမှုတွေနဲ့ ထောင်ချခံခဲ့ရပါတယ်။ သူက ရန်ကုန်မှာပဲ ဆက်နေပါတယ်။ ၂၀၁၁ ဖေဖော်ဝါရီမှာတော့ ပြည့်တန်ဆာမလေး တဦးကို ကိုယ်ထိ လက်ရောက် စော်ကားမှု၊ လူဝင်မှု ကြီးကြပ်ရေး ဥပဒေ ချိုးဖောက်မှုတွေနဲ့ ရော့စ် ဒန်ကလေ အရေးယူခံလိုက်ရပါတယ်။ အဲဒီနောက် သူဟာ သြစတြေးလျကို ပြန်သွားခဲ့ပါတယ်။
၂၀၂၁ စစ်အာဏာ သိမ်းချိန်မှာတော့ မြန်မာတိုင်းမ်ဟာ ရပ်ဆိုင်း သွားခဲ့ပါတယ်။
ဦးဆန်နီဆွေကတော့ Frontier Myanmar ကို ဆက်ထောင်လိုက်ပြီး ထုတ်ဝေနေဆဲ ဖြစ်ပါတယ်။
အာဏာသိမ်း စစ်ကောင်စီကလည်း အင်တာနက် အွန်လိုင်း Telegram ကို အသုံးပြုပြီး ဝါဒဖြန့်ချိရေးတွေ ဆက်လက် လုပ်ဆောင်နေပါတယ်။ ။
This article is supported by the Transition Promotion Programme, the Ministry of Foreign Affairs of the Czech Republic.














