တနင်္သာရီမြို့ဟာ မြိတ်ခရိုင် တနင်္သာရီမြို့နယ်ရဲ့ ရုံးစိုက်ရာမြို့ ဖြစ်ပါတယ်။
တနင်္သာရီမြစ်ငယ် နဲ့ မြစ်ကြီးဆုံရာ အရပ်မှာ တည်ရှိပြီး တနင်္သာရီ တိုင်းဒေသကြီး အတွင်း နယ်မြေဧရိယာ အကျယ်အဝန်းဆုံး မြို့နယ် ဖြစ်တယ်လို့ ဆိုပါတယ်။
တနင်္သာရီ မြို့ပေါ်ရှိ လူဦးရေမှာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း အရ ၅,၅၁၄ ဦး ဖြစ်ကြောင်း သိရပါတယ်။
ဗမာလူမျိုး နဲ့ ကရင်လူမျိုး အများဆုံး ဖြစ်တယ်လို့ မှတ်တမ်း တချို့မှာ ဖော်ပြပါတယ်။
ရန်ကုန်မြို့ကနေ ကမ်းရိုးတန်းမိုင် ၄၁၄ မိုင်၊ မြိတ်မြို့ကနေ ရေလမ်း ၄၅ မိုင်၊ ကားလမ်း ၅၂ မိုင် အကွာအဝေးမှာ တနင်္သာရီမြို့ ရှိတယ်လို့ ဆိုပါတယ်။
တနင်္သာရီ မြို့နယ် အကျယ် အဝန်းမှာ ၄ဝ၃၃ စတုရန်းမိုင် ဖြစ်ကြောင်း သိရပါတယ်။
တနင်္သာရီ မြို့နယ်ဟာ မြန်မာနိုင်ငံရဲ့ အရှေ့တောင်ဘက်၊ တနင်္သာရီ ကမ်းရိုးတန်းဒေသ တောင်ဘက်မှာ တည်ရှိပါတယ်။
မြို့နယ်ရဲ့ နယ်နိမိတ်မှာ မြောက်ဘက်မှာ ပုလောမြို့နယ်၊ အရှေ့ဘက်မှာ တနင်္သာရီ မြစ်ငယ်၊ တောင်ဘက်မှာ ဘုတ်ပြင်း မြို့နယ်၊ အနောက်ဘက်မှာ အိန္ဒိယ သမုဒ္ဒရာတို့ ဖြစ်ပါတယ်။
တနင်္သာရီမြို့နယ် ဆက်စပ် နယ်နိမိတ်များမှာ မြောက်ဘက်မှာ ထားဝယ်ခရိုင် မေတ္တာ မြို့နယ်ခွဲကနေ မိုင် ၃ဝ၊ အနောက်ဘက်မှာ ပုလောမြို့နယ် ၄၉ မိုင်၊ မြိတ်မြို့နယ် ၃၃ မိုင်၊ ကျွန်းစုမြို့နယ် အရှေ့ဘက်မှာ ထိုင်းနိုင်ငံ ၁၅၉ မိုင်၊ တောင်ဘက်မှာ ဘုတ်ပြင်းမြို့နယ် ၄၈ မိုင် ဆက်စပ်လျက် ရှိတယ်လို့ ဆိုပါတယ်။
တနင်္သာရီရဲ့ ဝန်းရံ နယ်နိမိတ်တွေကတော့ အရှေ့၊ မြောက် နဲ့ အနောက်ဘက် တို့မှာ ချောင်းငယ်မြစ် နဲ့ ချောင်းကြီး မြစ် တို့ ဝန်းရံထားပြီး တောင်ဘက်မှာ လုံးခရမ်းတောင်၊ ကြယ်ခြွေတောင် နဲ့ တနင်္သာရီတောင် တို့ ဝန်းရံထားပါတယ်။
မြို့ရဲ့ ဧရိယာကို အရှေ့တောင်ဘက်မှာ တပ်ဦးကွင်း၊ နတ်ကူတောင်၊ အနောက်တောင်ဘက်မှာ ဒါးသွေးချောင်း အထိ သတ်မှတ် ထားကြောင်း သိရပါတယ်။
တနင်္သာရီမြို့နယ် ဧရိယာ အကျယ်အဝန်းမှာ စတုရန်းမိုင် ၄၃၀၀ ကျော် (၄၃၈ဝ ဒသမ ဝ၅ မိုင်) (၂၈ဝ၃၂၉၆ ဧက) ဖြစ်ပြီး မြောက်ကနေ တောင်ကို ၁၄၃ ဒသမ ၃ မိုင်၊ အရှေ့ကနေ အနောက်ကို ၅၈ ဒသမ ၂၄ မိုင် ကျယ်ဝန်းတယ်လို့ ဆိုပါတယ်။

တနင်္သာရီမြို့ နဲ့ ၈၂ မိုင် အကွာက မြန်မာ နဲ့ ထိုင်းနယ်စပ်ရှိ မောတောင်ဟာ ပေ ၄ဝ၄ဝ မြင့်ပြီး နယ်ခြား မှတ်တိုင် နဲ့ တောင်ကြားလမ်း ရှိကြောင်း သိရပါတယ်။
တနင်္သာရီ ဆိုတဲ့ ဝေါဟာရမှာ မွန် ဘာသာစကားကနေ ရွေ့လျားလာတယ်လို့ ဆိုပါတယ်။
ခရင်းသေလို့ စတင် ခေါ်ဆိုရာမှ တရင်းသေ၊ တိန်းန် သရေ၊ တနိန်းသရေ တနင်းသာရေ၊ တနင်္သာရီ လို့ အဆင့်ဆင့် ပြောင်းလဲ ခေါ်ဝေါ်လာခဲ့တယ်လို့ ယူဆကြပါတယ်။
တိန်းန်သရေ (မွန်၊ ပါဠိ) တိန်းန်မှာ မြို့၊ သရေ=သရီ၊ ဩီ=သီရိ= ကျက်သရေ လို့ မြန်မာပြန်ပါက ကျက်သရေ ရှိတဲ့မြို့ ဆိုပြီး အဓိပ္ပာယ်ရကြောင်း သိရပါတယ်။
နောက်တမျိုးမှာ မြန်မာ ဘာသာစကားများ အတွင်း ရောက်ရှိ နေတဲ့ လူမျိုးခြား တို့ရဲ့ စကားများမှာ မလေး (ပသျူး) လူမျိုးတို့ (ရောင်စုံပန်းများ ပွင့်ရာမြေ၊ သံပရာသီး ပေါရာမြေ) တာနာဆာရီ၊ တာနားသရိ၊ အဲဒီကမှတဆင့် တနင်္သာရီ လို့ ခေါ်ဆိုကြောင်း၊ မွန်တို့ကတဆင့် ရောက်ရှိသွားတဲ့ စကားလုံးများ ဖြစ်နိုင်ကြောင်းလည်း အဆိုရှိပါတယ်။
ထိုင်း (ယိုးဒယား) ဘာသာစကား အရ ယိုးဒယားတို့ ဝင်ရောက် လွှမ်းမိုးလာတဲ့ နောက်ပိုင်းကျမှ ယိုးဒယား တို့က တနင်္သာရီကို ထနောင်စီ (ထနောင်ဆီရီ-ထနောင်သီရိ) လို့ အသံထွက် ခေါ်ဝေါ်ကြရာ ရွှေပေါရာမြေ လို့ အဓိပ္ပာယ် ရကြောင်း သိရပါတယ်။
ထိုင်းတို့ရဲ့ စာသားနဲ့ အသံထွက်မှာ အလောင်းဘုရား ထိုင်း တို့ကို တိုက်ထုတ်ခဲ့တဲ့ ထိုင်း-မြန်မာ စစ်ပွဲ (၁၇၅၉-၁၇၆၀) မတိုင်ခင်က ထိုင်းတို့က နှစ်ပေါင်း ၄၀၀ နီးပါး အုပ်ချုပ်ခဲ့တဲ့ ထိုင်းပိုင်နက် ဖြစ်စဉ်က အသံထွက် ဖြစ်တယ်လို့ ဆိုပါတယ်။
ကမ်းရိုးတန်း ထွက်ပေါက် ရေတပ် အင်အားတိုးချဲ့နိုင်ဖို့ အလောင်းဘုရားဟာ ဘုရင့်နောင် မင်းတရားလို တတိယ မြန်မာနိုင်ငံတော်ကို ထူထောင်ခဲ့ခြင်းသာ ဖြစ်ကြောင်း သိရပါတယ်။
ဗြိတိသျှတို့က Tenasserim လို့ ခေါ်ဆိုခဲ့ရာမှ တနင်္သာရီ တွင်လာတယ် လို့လည်း ဆိုပါတယ်။
ဗြိတိသျှတို့ဟာ ၁၈၂၆ ခုနှစ်မှာ မြန်မာနိုင်ငံ အောက်ပိုင်းကို သိမ်းယူခဲ့ပါတယ်။
အဲဒီနောက် တနင်္သာရီမြို့ အမည်ကို အစွဲပြုကာ တနင်္သာရီတိုင်းကို ဖွဲ့စည်းခဲ့ရာ တနင်္သာရီ တိုင်းမြို့တော်ဟာ ကျိုက္ခမီမြို့ ဖြစ်ပြီး တနင်္သာရီမြို့ဟာ တနင်္သာရီတိုင်း အတွင်းမှာ ထားဝယ်ပြီးရင် ရှေးအကျဆုံး မြို့ ဖြစ်ခဲ့တယ် လို့လည်း ဆိုပါတယ်။

တနင်္သာရီမြို့ကို ခရစ်နှစ် ၁၃၇၃ ခုနှစ်မှာ ယိုးဒယား တို့ကလည်း သိမ်းယူခဲ့ကြောင်း၊ ဒါပေမယ့် ခရစ် ၁၇၅၉ ခုနှစ်မှာ အလောင်းဘုရားက တနင်္သာရီ မြို့ကို အပြီးအပိုင် သိမ်းပိုက်ကြောင်း သိရပါတယ်။
တနင်္သာရီမြို့ဟာ တနင်္သာရီ ကမ်းရိုးတန်းမှာ ကုန်သွယ်မှု အချက်အချာကျတဲ့ နေရာမှာ တည်ရှိပါတယ်။
တနင်္သာရီ လို့ လူသိများခြင်းရဲ့ အရင်းခံဇစ်မြစ်မှာ တနင်္သာရီ ဆိုတဲ့ သမိုင်းဝင် ရှေးဟောင်းမြို့ အမည်ကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
တနင်္သာရီမြို့ဟောင်းဟာ တနင်္သာရီမြို့ပင်ဖြစ်ပြီး မြို့ဟောင်းအတွင်းမှာ ချောင်းကြီး ရပ်ကွက်နဲ့ ချောင်းငယ် ရပ်ကွက် တည်ရှိပါတယ်။
အဲဒီ ရပ်ကွက်နှစ်ခုမှာ ၂၀၁၄ ခုနှစ် လူဦးရေ စာရင်းအရ အိမ်ခြေ ၁၈၆၅ အိမ်၊ အိမ်ထောင်စု ၁၁၂၆ စုရှိကာ လူဦးရေ ၅၅၁၄ ဦး နေထိုင်ကြောင်း သိရပါတယ်။
အုတ်မြို့ရိုးများ ကျန်ရှိနေတဲ့ တနင်္သာရီမြို့ဟောင်းကို အရှေ့ဘက်မှာ မြဝတ်ဆင် တောင်တန်း၊ အနောက်ဘက် နဲ့ မြောက်ဘက်မှာ မရင်းကြီး တောင်တန်းများက တနင်္သာရီမြစ် နဲ့ ချောင်းငယ်မြစ် ခြားကာ ဝန်းရံနေပြီး တောင်ဘက်မှာ လုံးခရမ်းတောင်၊ ကြယ်ကြွေတောင် နဲ့ တနင်္သာရီ တောင်တန်းများ ရှိပါတယ်။
မြို့ဟောင်းမှာ ဝင်ပေါက် ၈ ပေါက်၊ မလွယ်တံခါး ၂ ပေါက်ရှိပြီး လက်ရှိ တနင်္သာရီ မြို့ဟောင်း အကျယ်အဝန်းဟာ ၁ ဒသမ ၀၈၉ စတုရန်းမိုင် ဖြစ်ကြောင်း သိရပါတယ်။
မြို့ဝင်ပေါက် ၈ ပေါက်အနက် မြို့ဟောင်းရဲ့ အရှေ့ဘက်မြို့ရိုး၊ အနောက်ဘက်မြို့ရိုး နဲ့ မြောက်ဘက်မြို့ရိုး တို့မှာ မြို့ဝင်ပေါက် နေရာများဟာ ထင်ထင်ရှားရှား ကျန်ရှိနေပြီး မြောက်ဘက်မြို့ရိုးရှိ ဝင်ပေါက် ၂ ခုဟာ အခြားဝင်ပေါက် များထက် ပိုမို ကျယ်ဝန်းပါတယ်။
တနင်္သာရီမြို့ဟောင်း အရှေ့ဘက်မြို့ရိုးဟာ ပေ ၁၄၅၀၊ အနောက်ဘက်မြို့ရိုးဟာ ပေ ၁၈၀၀၊ တောင်ဘက်နဲ့ မြောက်ဘက်မြို့ရိုးဟာ ပေ ၂၂၅၀ စီ ရှည်လျားကြောင်းလည်း သိရပါတယ်။
အရှေ့တောင်ထောင့် မြို့ရိုးဟာ အမြင့်ပေ ၆၀ ကျန်ရှိနေကာ မြို့ရိုး တည်ဆောက်ရာမှာ အသုံးပြုခဲ့တဲ့ အုတ်များ အရွယ်အစားဟာ အလျား ၁ ပေ၊ အနံ ၆ လက်မခွဲ နဲ့ အထူ ၂ လက်မခွဲ ဖြစ်တယ်လို့ ဆိုပါတယ်။
ရွှေလိပ်ပြာ ရေဆိပ်လို့ ခေါ်ကြတဲ့ မြို့ဟောင်း အနောက်ဘက်မြို့ရိုး ဝင်ပေါက်ဟာ ၁၉ ပေ ၆ လက်မ ကျယ်ကာ ၈ ပေ ၇ လက်မမြင့်ပြီး မြို့ရိုးအထူသည် ၉ ပေ ၆ လက်မ ဖြစ်ပါတယ်တဲ့။
မြို့ရိုး ထောင့်များကို ဂဝံ ကျောက်များနဲ့ ထောင့်ချုပ်များ ပြုလုပ်ထားကြောင်း၊ အနောက်ဘက် မြို့ရိုးမှာပင် ရွှေလိပ်ပြာ ရေဆိပ် ရဲ့ မြောက်ဘက် ပေ ၃၀၀ မှာ မြို့ဝင်ပေါက် တခုရှိပြီး အဲဒီ နေရာကနေ အလျား ၁၆ လက်မ၊ အနံ ၈ လက်မ နဲ့ အထူ ၃ လက်မရှိ အုတ်များကို တွေ့ရှိခဲ့ကြောင်း သိရပါတယ်။

မြောက်ဘက်မြို့ရိုးရှိ မာန်လည် ရေဆိပ်နေရာမှာ ၃၃ ပေကျယ်ပြီး ၈ ပေမြင့်တဲ့ မြို့ ဝင်ပေါက် တခုရှိကာ မြို့ရိုးရှိ အခြား ဝင်ပေါက်တခုဟာ ပေ ၃၀ ကျယ်ပြီး ၆ ပေမြင့်တယ်လို့ ဆိုပါတယ်။
တနင်္သာရီ အကြောင်းကို မွန်-မြန်မာ ရာဇဝင် သမိုင်းများမှာ လက်လှမ်းမီသမျှ စာစောင် အသီးသီးကလည်း ဖော်ပြကြပါတယ်။
မုဒုံမြို့ ကန်ကြီး စေတီသမိုင်းမှာ မွန်ဒေသ ဖြစ်တဲ့ တနင်္သာရီ လို့ တွင်လာတဲ့ နေရာဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅ဝဝ ကျော် လောက်ကပင် ရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။
ခရစ် မပေါ်ခင် နဲ့ ခရစ်နှစ် ဆယ်စုနှစ်များ အထိ ပင်လယ် ဆိပ်ကမ်းမြို့ ဖြစ်ခဲ့တယ် လို့လည်း ဆိုပါတယ်။
ထားဝယ် ရာဇဝင်တော်ကြီးမှာ သုဝဏ္ဏဘူမိ သထုံပြည် နရုတိမင်းဟာ တနင်္သာရီမြို့က လှေပျက်ပြီး ရောက်လာကြတဲ့ တနင်္သာရီသား ၅ ယောက်ကို လမ်းပြစေလျက် သာသနာပြုသက် ၁၇ ခုနှစ်မှာ ဒူကရတိုင်း၊ အောင်သာဝတီပြည်၊ ကလိန်အောင်မြို့ ကို တည်ထောင်တယ်လို့ သိရပါတယ်။
ကလိန်အောင်မြို့က ဓမ္မသေနမင်း၊ တနင်္သာရီမြို့က ကောရမ္ဘမင်း၊ နဂါးမင်း တို့ဟာ သာသနာ နှစ် ၂၃၈ ခုနှစ်၊ တပေါင်း လပြည့်မှာ ထားဝယ်မြစ်ဝ ရှင်မော်တောင်မှာ အံတော်စေတီကို တည်ကြရာမှ ကောရမ္ဘမင်းဟာ ကနက်သီရိ မြို့ ကို တည်ထောင်ပြီး ခေတ္တ စိုးစံခဲ့တယ် လို့လည်း ဆိုပါတယ်။
တကောင်းခေတ် မတိုင်ခင် လွန်ခဲ့တဲ့ နှစ် ၃ဝဝဝ ခန့်က ပျူနိုင်ငံ ရှိခဲ့ပါတယ်။ ပျူမင်းပေါင်း ၁၃၉၃ ပါး ရှိခဲ့ပြီး ပျူနိုင်ငံ လက်အောက်ခံမှာ တနင်္သာရီ ပါဝင်တယ်လို့ ဆိုပြန်ပါတယ်။
ရှေးဟောင်း ပျူခေတ် နောက်ပိုင်းမှာလည်း တနင်္သာရီ ရှေးဟောင်းမြို့တော် နဲ့ ဆက်နွယ်မှုများ ရှိခဲ့ကြောင်း သိရပါတယ်။
ပုဂံ မင်းဆက်ပေါင်း ၅၅ ဆက် ပုဂံသက္ကရာဇ် ၇၃ဝ၊ မြို့သက် ၁၂၆၁ နှစ် ရှိခဲ့ရာမှာ သမုတိရာဇ်မင်း ကစပြီး ရေတွက်ရင် စတုတ္တ ပုဂံခေတ် ၄၂ ဆက်မြောက် အနော်ရထာမင်း (အေဒီ ၁ဝ၄၄-၁ဝ၇၇) လက်ထက် သထုံ ကနေ ဆက်ပြီး တနင်္သာရီ အထိ သိမ်းသွင်းကာ နိုင်ငံတော် အတွင်း သိန်းပြုမြို့များ တည်ထောင်ခဲ့တယ် လို့လည်း ဆိုပါတယ်။
တနင်္သာရီ ဒေသဟာ တောင်ထူထပ်ပြီး သစ်တောများ ဖုံးအုပ်လျက်ရှိတဲ့ ဒေသ ဖြစ်ပါတယ်။
ဒေသနေပြည်သူများမှာ လယ်ယာစိုက်ပျိုးခြင်း အလုပ်ကို လုပ်ကိုင်ကြကြောင်း၊ လမ်းပန်း အဆက်အသွယ် လွယ်ကူမှု မရှိကြောင်းလည်း သိရပါတယ်။ ။
ကိုးကား-
၁။ မြန်မာ့ စွယ်စုံကျမ်း အတွဲ- ၄၊ ၁၉၇၅ ခုနှစ်၊ စတုတ္ထ အကြိမ်၊ အင်္ဂလန်။
၂။ တနင်္သာရီမြို့ဟောင်းသို့၊ မောင်သာ (ရှေးဟောင်းသုတေသန)
၃။ Wikipedia