စစ်ကောင်စီနှင့် တရုတ်က ရှမ်းမြောက်ကုန်သွယ်ရေးလမ်း ပြန်ဖွင့်ရန် ကြိုးစားနေချိန် မြောက်ပိုင်းမဟာမိတ် ညီနောင် ၃ ဖွဲ့က မူဆယ် ၁၀၅ မိုင်နှင့် ကျင်စန်းကျော့နယ်စပ်ကုန်သွယ်ရေးဂိတ်တွင် လာမည့်ဇူလိုင် ၁ရက်မှစ၍ အွန်လိုင်းအခွန် စည်းကြပ်မှုဖြင့် တရားဝင် အခွန်ကောက်ခံသွားမည်ဟု ဇွန် ၁၁ရက်က ထုတ်ပြန်လိုက်သည်။
ကိုးကန့်(MNDAA)၊ ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)နှင့် အာရက္ခတပ်တော် (AA)က ၎င်းတို့ ထိန်းချုပ်ထားသည့် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်၌ ကုန်ကားအဝင်အထွက်များလာ၍ ကျင်းတာကုန်စည်ပို့ဆောင်ရေး ဌာနမှ အွန်လိုင်းကုန်သွယ်မှု အခွန်ဆောင်တင်ပြခြင်းစနစ်ဖြင့် ယာဉ်မှတ်ပုံတင်ခြင်းကို စီမံခန့်ခွဲသွားမည်ဖြစ်သဖြင့် ကုန်စည် ဂိတ်များ၊ ဂျူတီဆောင်ကုမ္ပဏီများ ဇူလိုင်လ ၁ ရက်မတိုင်မီ မှတ်ပုံတင်ရန် ဆိုထားသည်။
ဇူလိုင်လ ၁ ရက် မတိုင်ခင် အခွန်အကောင့်ဖွင့်ခြင်း၊ ယာဉ်အဝင်၊ အထွက် ကြိုတင်မှတ်ပုံတင်ခြင်းနှင့် ကတ်ပြားထုတ်ခြင်း များကို ညီနောင် မဟာမိတ်အဖွဲ့၏ အကောက်ခွန်ဂိတ်က ပြုလုပ်ပေးမည်ဖြစ်သော်လည်း နောက်ပိုင်းရက်များတွင် မိမိကိုယ် တိုင် အွန်လိုင်းမှ အခွန်ဆောင်ရမည်ဟု သိရသည်။
နယ်စပ်ကုန်သည်ကြီးတဦးက “တရားဝင် အခွန်ကောက်မယ့် သဘောပေါ့။ ဒါကတော့ ညှိနှိုင်းချက်အရ ဖြစ်နိုင်တယ်။ စကစရယ်၊ တရုတ်ရယ်၊ အဖွဲ့အစည်းရယ်ပေါ့။ ဘာလို့ဆို သူက တရားဝင်ကြေညာတာကိုး၊ အရင်ကတော့ ဒီအတိုင်းပဲ ပေးတာ”ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ နယ်စပ်ကုန်သွယ်ရေးဂိတ်များသို့ မြန်မာဘက်မှ မြေပဲ၊ နှမ်း၊ ဖရဲ စသည့် ပို့ကုန်တချို့ တရုတ်ဘက်သို့ တင်ပို့ပြီး တရုတ်ဘက်မှလည်း လူသုံးကုန်၊ စားသောက်ကုန် အစရှိသည့် ကုန်ပစ္စည်းတချို့ တင်သွင်းသည်ဟု ၎င်းက ပြောသည်။
“တရားဝင် စကစဘက်က ဖွင့်ထားတာတော့ ဒီဂိတ်တွေ မဟုတ်ဘူး။ ဒီလိုပဲ သွားနေကြတာပေါ့။ အခုကတော့ စကစက လည်း ပို့ကုန် နှစ်ဆ တင်ပို့ဖို့ ပြောနေတာတော့ ဖွင့်ပေးဖို့ များတယ်။ ဘာလို့ဆို တရားဝင်ဖြစ်သွားရင် ပို့ကုန်ရငွေ သူတို့ (စကစ) ဆီ ပြန်သွင်းရမှာလေ”ဟု သူကသုံးသပ်ပြောဆိုသည်။
သို့သော် မြောက်ပိုင်းညီနောင်မဟာမိတ် သုံးဖွဲ့၏ ထုတ်ပြန်ချက်တွင် အခွန်ကောက်ခံမှုနှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်များကို ထုတ်ပြန်ထားခြင်း မရှိသေးပါ။
မူဆယ်ဒေသခံ တဦးက “မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကတော့ မဖွင့်သေးဘူး၊ ခိုးသွား၊ ခိုးလာတွေကတော့ ရှိတယ်။ ကျနော်တို့ နန်းတော်နဲ့ ဆင်ဖြူဂိတ်ပဲ ဖွင့်ထားတာပေါ့။ လာမယ့် စက်တင်ဘာလောက်ဆိုရင် တရားဝင်ဖွင့်လောက် တယ်။ အခုက မိုးတွင်းဖြစ်တယ်။ လမ်းတွေကလည်း မကောင်းတော့ အခုချက်ချင်းကြီး အဆင်မပြေနိုင်သေးဘူး”ဟု ဧရာဝတီ သို့ပြောသည်။
မူဆယ်မြို့နှင့် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်သည် ၇ မိုင်ခန့်သာကွာဝေးပြီး လက်ရှိ စစ်ကောင်စီဘက်မှ တရားဝင် ဖွင့်မည့် အခြေအနေမရှိသော်လည်း သွားလာလှုပ်ရှားသည့် ကုန်သည်တချို့ရှိကာ အများစုမှာ တရုတ်ဘက်မှ တင်သွင်းသည့် ကုန်များဖြစ်ကြောင်း ၎င်းက ဆိုသည်။
၁၀၂၇ စစ်ဆင်ရေးအတွင်း မန္တလေး- မူဆယ် ပြည်ထောင်စုလမ်းမကြီးတွင် ပျက်စီးမှုများ ရှိနေသဖြင့် ဆက်သွယ်ရေး ခက်ခဲ နေပြီး ရှမ်းတောင်မှ မြောက်ပိုင်းသို့ ကွေ့ပတ်ကာ ၍ သွားလာနေရသောကြောင့် ယခင်က မန္တလေး- မူဆယ် တညအိပ် ခရီး မှာ ယခုလမ်းအခြေအနေပေါ် မူတည်၍ လေး၊ ငါး ရက်ကြာမှသာ ရောက်ရှိကြောင်း ကုန်သည်များထံက သိရသည်။
နယ်စပ်ကုန်ကားသမား တဦးက “လောလောဆယ်တော့ ကျင်စန်းကျော့ကနေ ၁၀၅ မိုင်ပေါ့။ ၁၀၅ မိုင်မှာ အခွန်ဆောင်ရ တယ်။ တိုင်းရင်းသားလက်နက်ကိုင်ဘက်ကို အခွန်ဆောင်ပြီး သွားတာပေါ့။ ကုန်ပစ္စည်းပေါ်ကြည့်ပြီး တောင်းတာ အခွန် ကတော့။ ဆန် ဆိုရင် ကုန်စည်ခွန်ပေးရတာများတယ်။ အဖွဲ့နဲ့ ညှိပြီးသွားတယ်။ တရုတ်ဘက်က ပြန်သွင်းလာတဲ့ကုန် ကို တော့ ဒီဘက်လမ်းကြောင်းတွေ ရောက်ရင် တရားမဝင်ကုန်စည်နဲ့ ဖမ်းတာမျိုးတွေ လည်း ရှိတယ်”ဟု ဧရာဝတီသို့ ပြောသည်။
လတ်တလော စစ်ကောင်စီတာဝန်ရှိသူများနှင့် ကုန်သည်များညှိနှိုင်းနေပြီး တရားမဝင် ကုန်စည်ဖမ်းဆီးမှုများ ရှိနေသဖြင့် အခြေအနေကြည့်၍ လုပ်ကိုင်သင့်ကြောင်း ၎င်းက ပြောသည်။
ယခုရက်ပိုင်း မူဆယ် ၁၀၅ မိုင်နှင့် ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးတို့အတွက် အရေးပါသည့် လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ MNDAA တို့ သိမ်းထားသော သိန်နီမြို့ကို တရုတ် ဖိအားကြောင့် စစ်ကောင်စီထံ ပြန်ပေးမည့် သတင်းများ ထွက်နေသလို နောင်ချိုမြို့ကို သိမ်းရန် စစ်ကောင်စီက လုပ်ဆောင်နေသည်။

စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပို့ကုန်များတိုးမြှင့်ရန် ကုန်သည်များကို ဖိအားပေး တိုက်တွန်းနေသလို မြောက်ပိုင်း နယ်စပ်ကုန်သွယ်ရေးဂိတ်များ ပြန်ဖွင့်နိုင်ရန် ပြီးခဲ့သည့် ဧပြီလအတွင်းက တရုတ်အစိုးရ၏ အကူအညီဖြင့် MNDAA ထိန်းထားသော လားရှိုးမြို့ကို ပြန်လည်ရယူကာ မြန်မာ့စီးပွားရေးဘဏ် အပါအဝင် အစိုးရ လုပ်ငန်းတချို့ စတင်လည်ပတ်နေသည်။
ပြည်တွင်းသီးနှံဈေးကွက်အနေဖြင့်လည်း မူဆယ်ဂိတ်ပြန်ပွင့်ပါက စိုက်ပျိုးထုတ်လုပ်သူနှင့် ကုန်သည်များအတွက် အဆင် ပြေနိုင်သလို တရုတ်ဘက်မှလည်း ကုန်သွယ်ရေးအရ အကျိုးအမြတ် ပြန်ရမည်ဖြစ်၍ ပြန်ဖွင့်ရန် ကြိုးပမ်းနေခြင်းဖြစ် ကြောင်း ကုန်သည်များက သုံးသပ်ပြောဆိုသည်။
တရုတ်သို့ ဖရဲသခွားတင်ပို့နေသည့် ကုန်သည်တဦးက “ချင်းရွှေဟော်က သွားတော့ သွားကြတယ်၊ ဒါပေမယ့် ဝယ်လက် ကတော့ အဲဒီဘက်က တရုတ်နယ်စပ်မြို့လေးတွေကပဲ ဝယ်တာပေါ့။ မူဆယ် ၁၀၅ မိုင်ကျတော့ တရုတ်ပြည်မကြီးထဲကို တိုက်ရိုက်ပို့တဲ့ ကုန်သည်ဝယ်လက်တွေများတော့ ကွာတယ်။ ကျနော်တို့ဆီက ဝယ်ပြီးတော့ တခြားနိုင်ငံတွေ ပြန်ပို့တာ ရှိတော့ ပိုရတာပေါ့။ ဒါကြောင့် ကျနော်တို့ကတော့ မူဆယ်ကိုပဲ မျှော်လင့်တာ”ဟု ဧရာဝတီသို့ ပြောသည်။
မြောက်ပိုင်းညီနောင်မဟာမိတ် သုံးဖွဲ့ ထိန်းထားသော မူဆယ် ၁၀၅ မိုင်၊ ကြူကုတ်(ပန်ဆိုင်း)၊ ကျင်စန်းကျော့၊ ချင်းရွှေဟော် တို့သည် နှစ်နိုင်ငံကုန်သွယ်ရေးအတွက် အရေးကြီးသည့် နယ်စပ်ကုန်သွယ်ရေးဂိတ် များဖြစ်ပြီး ၁၀၂၇ စစ်ဆင်ရေးအပြီး စစ်ကောင်စီနှင့် တရားဝင်ကုန်သွယ်မှု ရပ်တန့်သွားသော်လည်း ဒေသအတွင်း ကုန်သွယ်မှုများ ရှိနေသေးသည်။
လားရှိုးမြို့မှ ကုန်သည်တဦးက “ကုန်သွယ်ရေးလမ်း ပြန်ဖွင့်ဖို့တော့ တော်တော်လေး ဆွေးနွေးနေတယ်။ ကျနော်တို့ ကုန် တွေကလည်း တရုတ်ကို အားပြုရောင်းရတယ်။ အခုလို ကုန်သွယ်ရေးပြတ်သွားတော့ တရုတ်ရော၊ မြန်မာရော နစ်နာမှု ရှိတာပေါ့။ တရုတ်လည်း ထုတ်ကုန်တွေကို အရင်လို မြန်မာကို ဖောဖောသီသီရောင်းလို့ မရတော့ ဝင်ငွေမရှိဘူး၊ မြန်မာက ကုန်ကြမ်းတွေ မရတော့ သူတို့ဆီမှာ ထုတ်တဲ့ဟာတွေ ကုန်ဈေးနှုန်းကြီးတာတွေရှိတော့ သူတို့ အကျိုးအတွက် ပြန်ဖွင့်စေ ချင်တာပေါ့။ အခုက လုံးလုံးကြီးမပြတ်ပေမယ့် သူခိုးကြီးလမ်းကြောင်းနဲ့တော့ သွားနေတာပေါ့။ တရားဝင်ဆို သူတို့အတွက် ပိုကောင်းတာပေါ့။ ဒါကြီးဖွင့်မှ ယူနန်လည်း အသက်ရှုချောင်မှာဆိုတော့ မလွဲမသွေ ဖွင့်စေချင်တာ”ဟု ဧရာဝတီသို့ သုံးသပ်ပြောသည်။
ယခုအခါ မန္တလေးမြို့မှ ရှမ်းပြည်မြောက်ပိုင်း ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးသို့သွားမည်ဆိုပါက ရှမ်းပြည် တောင်ပိုင်း လမ်းကြောင်းဖြစ်သော ရွာငံ- ရပ်စောက်- တုံလော- ပန်ကေတု- ကျေးသီး- မိုင်းရယ်- လားရှိုး လမ်းမှ သွားရပြီး ကားကြီး တစီးလျှင် လမ်းကြေး၊တံတားကြေးအပါ ကျပ် သိန်း ၆၅ သိန်းမှ ကျပ် ၇၀ သိန်း အထိရှိကြောင်း နယ်စပ်ကုန်သည်များ ထံက သိရသည်။
MNDAA က မြောက်ပိုင်းနယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသော ချင်းရွှေဟော်၊ ကြူကုတ်(ပန်ဆိုင်း)နှင့် သိန်နီ စရှိသည့် မြို့များနှင့် မုံးကိုး၊ ကွမ်းလုံ၊ လောက်ကိုင်နှင့် ကုန်းကြမ်းမြို့များကို သိမ်းပိုက်ထားပြီး TNLA က မူဆယ်၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အပါအဝင် နမ့်ခမ်း၊ နမ့်ဆန်၊ မန်တုံ၊ မိုင်းငေါ့၊ မိုင်းလုံ၊ နမ္မတူ၊ နောင်ချို၊ သီပေါ၊ ကျောက်မဲနှင့် ကွတ်ခိုင်မြို့ တို့ကို သိမ်းပိုက်ထားသည်။
ပြီးခဲ့သည့် ဧပြီလနောက်ဆုံးပတ်၌ စစ်ကောင်စီနှင့် TNLA တို့ တရုတ်၏ ကြားဝင်မှုဖြင့် ကူမင်းမြို့တွင် တွေ့ဆုံရာ TNLA ထိန်းချုပ်ထားသည့် မန္တလေး-လားရှိုး ပြည်ထောင်စုလမ်းမပေါ်ရှိ နောင်ချို၊ ကျောက်မဲနှင့် သီပေါမြို့များ မှပြန်ဆုတ်ပေးရန် တောင်းဆိုခဲ့ရာ TNLA က လက်မခံသဖြင့် နောင်ချိုမြို့ကို ပြန်လည်ရရှိရန် စစ်ကောင်စီက ထိုးစစ်ဆင်နေသည်။
လားရှိုး-သိန်နီ-ချင်းရွှေဟော်လမ်းကြောင်း၌ MNDAA နှင့် စစ်တပ်သာရှိသော်လည်း လားရှိုး-မူဆယ် ကုန်သွယ်ရေး လမ်းကြောင်းပေါ် TNLA နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တပ်များလည်း ရှိနေသောကြောင့် TNLAဘက်မှ သဘောတူညီမှု မရလျှင် မန္တလေး-လားရှိုး- မူဆယ် ကုန်သွယ်ရေးလမ်းကြောင်း စတင်နိုင်မည့် အခြေအနေမရှိသဖြင့် တရုတ်အစိုးရအကူညီဖြင့် ဖိအားပေးလုပ်ဆောင်နေကြောင်း ဒေသခံများနှင့် ကုန်သည်များထံက သိရသည်။
ရှမ်းပြည်မြောက်ပိုင်းတွင် စစ်ကောင်စီဘက်က လက်ရှိအချိန်ထိ မူဆယ်မြို့ပေါ်နှင့် မူဆယ်နယ်စပ်ကုန်သွယ်ရေးဇုန်ရှိ နန်းတော်ဂိတ်၊ ဆင်ဖြူဂိတ်၊ မန့်ဝိန်းဂိတ်တို့ကိုသာ ထိန်းချုပ်နိုင်သည့် အခြေအနေ ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုစုစုပေါင်း အမေရိကန်ဒေါ်လာ ၂၇ ဒသမ ၂၇ ဘီလီယံ ဆောင်ရွက်နိုင်ခဲ့ပြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ပြီးခဲ့သည့်နှစ်ထက် နှစ်ဆ ကုန်သွယ်မှု ပြုလုပ်ရန် ကြိုးစားနေသည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက ပြီးခဲ့သည့် မေလအတွင်း ပြုလုပ်သော ငလျင်ဘေးအလွန်မြန်မာ့စီးပွားရေးပြန်လည်ကုစားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း သုံးသပ်ဆွေးနွေးပွဲ၌ ပြောဆိုထားသည်။
This article is supported by the Transition Promotion Programme, the Ministry of Foreign Affairs of the Czech Republic.
You may also like these stories:
စစ်တပ်အဖို့ တိုက်ယူရသော လားရှိုး မဟုတ်ခဲ့ပါ
ချင်းရွှေဟော်ဂိတ် ပြန်ဖွင့်သော်လည်း ကုန်သွယ်မှု မလုပ်နိုင်
ရှမ်းမြောက် နယ်စပ်ကုန်သွယ်ရေး ရှမ်းအရှေ့ ပြောင်းပြီလား













