“မိနု၊ သူ့ကြွေးရှိလျှင် ဆပ်ရလိမ့်မည်”
ရာဇမာန် ကြီးသူ၊ မာန်မာန ထောင်လွှားသူလို့ ၁၉ ရာစု ကုန်းဘောင်ခေတ် မြန်မာသမိုင်းမှာ နာမည်ကြီးတဲ့ နန်းမတော် မယ်နု (ခရစ် ၁၇၈၄-၁၈၄၀) ကို မင်းဆရာ ဖြစ်တဲ့ ဆရာတော်ကြီး ဦးဗုဓ် က မိန့်ဆိုလိုက်တာ ဖြစ်ပါတယ်။
ကုန်းဘောင်မင်းလို့ ခေါ်တဲ့ သာယာဝတီမင်း (ခရစ် ၁၇၈၇-၁၈၄၆) က ပုန်ကန်ဖို့ ကြံစည်တယ် ဆိုတဲ့ စွဲချက်နဲ့ ကွပ်မျက် စီရင်ဖို့ အမိန့် ချလိုက်ပြီးနောက် နန်းမတော် မယ်နုဟာ ဆရာတော် ဦးဗုဓ် ထံ နောက်ဆုံး တွေ့ဆုံ နှုတ်ဆက် လျှောက်ထားဖို့ ရောက်ရှိလာပါတယ်။
နန်းမတော် မယ်နုက ဆရာတော်ကို ဦးချကာ “ဘုရား တပည့်တော်မသည် ကုန်းဘောင်မင်း၏ဘုန်း ဖုံးအုပ်လာ၍ သူ၏ အာဏာစက်ဖြင့် အဆုံးစီရင်ခြင်း ခံရပါတော့မည်။ ဤနေ့ကား ဆရာတော် ဘုရားကို နောက်ဆုံး ဖူးမြော် ကန်တော့ခြင်း ဖြစ်ကြောင်းပါ ဘုရား” လို့ လျှောက်လိုက်ပါတယ်။
ဆရာတော် ဦးဗုဓ်က စာကြည့်နေရာက မယ်နု ရှိရာဘက်ကို မျက်နှာ မူလိုက်ပြီး “မိနု၊ သူ့ကြွေးရှိလျှင် ဆပ်ရလိမ့်မည်” လို့ မိန့်ကြား လိုက်ခြင်း ဖြစ်ပါတယ်။
နန်းမတော် မယ်နုဟာ ကုန်းဘောင်ဆက် ဘကြီးတော်မင်း (စစ်ကိုင်းမင်း) (ခရစ် ၁၈၁၉-၁၈၃၇) နဲ့ အတူ ယှဉ်တွဲ နန်းစံခဲ့တာ ၁၈ နှစ်လောက် နန်းစည်းစိမ် ရှိခဲ့တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။
ဘကြီးတော်မင်း နန်းကျကာ သာယာဝတီမင်း နန်းတက်လာချိန် နန်းမတော် မယ်နု နဲ့ သူ့အစ်ကို စလင်းမြို့စား မောင်အို တို့ပေါင်းပြီး နန်းတွင်း အရှုပ်တော်ပုံတွေ ဖြစ်လာပါတယ်။
မောင်အိုမှာ မာနလည်းကြီး၊ ခက်လည်း ခက်ထန်၊ ရက်စက်လည်း ရက်စက်၊ လက်စားချေလိုစိတ် ရှိသူလည်း ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီ ကာလတွေ အတွင်း နန်းမတော် မယ်နုဟာ သူ့ရဲ့ အတ္တ ကိုယ်ကျိုးစီးပွား သြဇာအာဏာ ရည်မှန်းချက် အတွက် ကြံစည်မှုတွေဟာ အသက်အိုးအိမ် စည်းစိမ် ပျက်စီးစေလို့ လူများစွာကို စိုးရိမ် ထိတ်လန့်မှုတွေ၊ အကြောက် တရားတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။

သူဟာ မင်းမျိုးမင်းနွယ် မဟုတ်ဘဲ သာမန် ထောင်မှူး တယောက်ရဲ့သမီး အရပ်သူမျှသာ ဖြစ်ပါတယ်။
ဒါပေမယ့် သူ အင်းဝ နန်းတွင်းကို ရောက်လာတဲ့ အခါ သူ့ရဲ့ အာဏာစက်ကို ကြောက်ရွံ့ကြပြီး နန်းမတော် မယ်နုဟာ အရပ်သူ ဖြစ်ကြောင်း ဘယ်သူကမှ မပြောဝံ့ကြဘူးလို့ ဆိုပါတယ်။
ရာဇပလ္လင် ပေါ်မှာ မယ်နုက ရှင်ဘုရင်နဲ့ အတူယှဉ်တွဲ စံတော်မှုပြီး ရှင်ဘုရင်အပေါ်တောင် လွှမ်းမိုးမှု ရှိတယ် ဆိုတာမျိုးအထိ ဖြစ်လာပါတယ်။
အဲဒီအချိန်က အင်္ဂလိပ် သံမှူး ကရောဖို့ (Crawford) ရဲ့ အင်းဝ အရှင်နှစ်ပါး ညီလာခံ မှတ်တမ်းမှာ-
“ဘိုးတော်ဘုရား လက်ထက် ရာဇပလ္လင်၌ မိဖုရားကြီးပင် တက်ခွင့် မရှိခဲ့ချေ။ အာရှ ထီးနန်း ထုံးစံတို့၌ အများအားဖြင့် ထိုအတိုင်း ဖြစ်သည်။ ၁၈၂၃ ခု တရုတ်သံများ ရောက်ရှိချိန်တွင် ရှင်ဘုရင်သည် မိဖုရားကြီး မယ်နု နှင့် တွဲ၍ပင် အကန်တော့ ခံတော်မူသည်။ စည်းကမ်းကြီးသော တရုတ်သံတမန်များ အဖို့မူ မမှန်ကန်သော အာရှ ရှုခင်းတခု ဖြစ်ချေမည်။” လို့ ဖော်ပြထားတာ တွေ့ရပါတယ်။
အရင်က ရှင်ဘုရင်နဲ့ မိဖုရားလို့ ခေါ်ဆိုရာမှ နောက်ပိုင်း အရှင်နှစ်ပါးလို့ ခေါ်လာကြရတယ် လို့လည်း ဆိုပါတယ်။
နန်းမတော် မယ်နုမှာ ဆရာတော် ဦးဗုဓ် ရဲ့ ပစ္စည်းလေးပါး ဒါယကာမ ခံယူထားပြီး ဘာသာ သာသနာ အလှူ အတန်း ဘက်မှာ ရက်ရောသူ ဖြစ်လို့ သံဃာတော်များက သဘောကျတယ် ဆိုပေမယ့် ဆရာတော် ဦးဗုဓ်ကတော့ ရဟန်းအလုပ် ရဟန်းလုပ်၊ လူအလုပ် လူလုပ်ဆိုသလို ကျင့်ကြံနေထိုင်ကြောင်း သိရပါတယ်။
မယ်နု အုတ်ကျောင်းလို့ ခေါ်တဲ့ မဟာအောင်မြေဘုံစံ ကျောင်းတော်ကြီးကိုလည်း အင်းဝမှာ တည်ဆောက် လှူဒန်း ခဲ့ပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က ပြင်းအား ၇ ဒသမ ၇ ရှိ ငလျင်ကြီး လှုပ်ခတ်မှုကြောင့် အဲဒီ မယ်နု အုတ်ကျောင်းလည်း ပျက်စီးမှုများ ရှိခဲ့ပါတယ်။
အဲဒီလို လူမျိုး နန်းမတော် မယ်နုဟာ အကြွေး ဆပ်ချိန်တန်လာတော့ အကြွေးဆပ်ရတဲ့ အဖြစ်ကို ရောက်ရှိ လာတာပဲ ဖြစ်ပါတယ်။
အကြွေး ဆိုရာမှာ အသက်သွေးကြွေး၊ သမိုင်းကြွေး၊ ပစ္စည်းဥစ္စာကြွေး၊ ညှဉ်းပန်း နှိပ်စက်မှု ဘဝကြွေးများ ရှိပါတယ်။
ဗုဒ္ဓဘာသာ အယူအဆ အရ သံသရာ ဝဋ်ကြွေး ဆိုတာမျိုး ရှိပါတယ်။ သူတပါးထံမှ အကြွေးယူထားရင် အခုဘဝမှာ အကြေ ဆပ်ကြရပါတယ်။ ခရစ်ယာန်မှာလည်း ကိုယ်စိုက်သမျှ ကိုယ်ရိပ်သိမ်း ရမယ်လို့ ဆိုထားပါတယ်။
လက်ရှိ မြန်မာ ပြည်သူများ ရဲ့ အသက်အိုးအိမ် စည်းစိမ်ကြွေး၊ ညှဉ်းပန်းနှိပ်စက်မှုကြွေး၊ သမိုင်းကြွေး များကို ပြန်ဆပ်ရမယ့် သူကတော့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်မင်းအောင်လှိုင်ပဲ ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာ သိမ်းချိန်က စပြီး အရပ်သား ပြည်သူတွေ အပေါ် လက်နက် အင်အားသုံး ဖမ်းဆီးနှိပ်စက် ညှဉ်းပန်း သတ်ဖြတ်ခဲ့တာ၊ အစုလိုက် အပြုံလိုက် အကြမ်းဖက် သတ်ခဲ့တာတွေဟာ လူထောင်သောင်း မက ရှိနေပါပြီ။

စစ် အာဏာသိမ်းမှုအပြီး နိုင်ငံရေး လှုပ်ရှားသူပေါင်း ၃၀၀၀၀ နီးပါး ဖမ်းဆီးခံရပြီး ၁၅၀၀ လောက် သတ်ဖြတ် ခံရကာ လက်ရှိ ၂၀၀၀၀ နီးပါး အကျဉ်းကျ ခံနေရဆဲဖြစ်ကြောင်း၊ နိုင်ငံပြင်ပကို လူပေါင်း ၆ သန်း လောက် ထွက်ခွာ ခဲ့ရကြောင်း (အခုထက် ပိုများနိုင်) ကုလသမဂ္ဂ အပါအဝင် တရားဝင် အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။
နွေဦးတော်လှန်ရေး ကာလအတွင်း အကြမ်းဖက် စစ်တပ်ကြောင့် သေဆုံးခဲ့ရတဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူများ နဲ့ ပြည်သူ စုစုပေါင်း ဇွန်လ ၂၀ ရက်အထိ ၇၀၀၀ နီးပါး (၆၈၁၀) ရှိတယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ကလည်း ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် အာဏာသိမ်းမှုနောက် နိုင်ငံအနှံ့ ပြည်တွင်းစစ် ဖြစ်ပွားနေရာ စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှု များကြောင့် အရပ်သား ပြည်သူ ကလေးသူငယ်များ၊ သက်ကြီး ရွယ်အိုများ နဲ့ ကိုယ်ဝန်ဆောင် မိခင်များ လည်း သေဆုံးနေကြရပြီး စားနပ်ရိက္ခာ အပါအဝင် အခက်အခဲမျိုးစုံလည်း ကြုံတွေ့နေကြရပါတယ်။
ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန် အစရှိတဲ့ အခြေခံ စားသောက်ကုန် ဈေးနှုန်းများ၊ စက်သုံးဆီဈေးနှုန်းများ၊ နိုင်ငံခြား ငွေဈေး၊ ရွှေဈေးနှုန်း အစရှိတဲ့ အထွေထွေ ကုန်ဈေးနှုန်းများ ကြီးမြင့်မှု၊ လမ်းပန်း ဆက်သွယ်ရေး ခက်ခဲမှု၊ လျှပ်စစ်မီး လုံလောက်စွာ မရရှိမှုများလည်း ဖြစ်ပွားနေပါတယ်။
အာဏာ မသိမ်းခင်က နိုင်ငံခြားငွေ အမေရိကန် ၁ ဒေါ်လာကို ၁၅၀၀ ကျပ်ခန့်သာ ရှိရာမှ ကျပ် ၅၀၀၀ ဝန်းကျင် အထိ မြင့်တက်လာပါတယ်။
ကျန်းမာရေး စောင့်ရှောက်မှု၊ ပညာသင်ကြားမှု ဆိုင်ရာ အခက်အခဲတွေ၊ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးမှု၊ ဝင်ငွေ နည်းပါးမှုတွေ၊ စီးပွားရေး ကြပ်တည်းမှုတွေ အပြင် မြန်မာပြည်သူတွေဟာ လူမှုဘဝ မလုံခြုံမှု များကိုလည်း ရင်ဆိုင်နေကြရပါတယ်။
ဒီလို မြန်မာပြည်သူတွေရဲ့ အခက်အခဲ ဒုက္ခမျိုးစုံ နဲ့ အသက်အိုးအိမ် စည်းစိမ် ပျက်စီး ဆုံးရှုံးရမှုတွေ အတွက် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်မင်းအောင်လှိုင် အပေါ်ကြွေးမြီတွေ ရှိနေပါတယ်။
အခုဆိုရင် ဗိုလ်မင်းအောင်လှိုင် မတရားသဖြင့် အဓမ္မ အာဏာသိမ်းထားတာ ၄ နှစ် ကျော်ခဲ့ပါပြီ။
ပြည်သူ့ အကြွေးတွေကို ဗိုလ်မင်းအောင်လှိုင် သေချာပေါက် ပြန်ဆပ်ရမှာ ဖြစ်ပါတယ်။
နန်းမတော် မယ်နု ကတော့ ဆရာတော် ဦးဗုဓ် ရဲ့ မိန့်ဆိုချက်ကို နာခံပြီးတော့ အကြွေးဆပ်ဖို့ သတ္တိရှိရှိ ရဲရဲရင့်ရင့် ရင်ဆိုင်သွားတယ်လို့ သမိုင်းမှတ်တမ်း ရှိခဲ့ပါတယ်။
မလုပ်ရဲတာ ဘာမှ မရှိဘူး ဆိုတဲ့ ဗိုလ်မင်းအောင်လှိုင် ကရော…။ ။
ကိုးကား-
၁။ ကုန်းဘောင် ရှာပုံတော်- ညိုမြ
၂။ Wikipedia