နာမည် ထင်ရှားကျော်ကြားတဲ့ စာရေးဆရာ၊ သတင်းစာဆရာကြီး ဇဝန က ၁၉၄၆ ခုနှစ် ဖေဖော်ဝါရီလမှာ “ဇဝန ဂျာနယ်” စတင် ထုတ်ဝေလိုက်ပါတယ်။
အဲဒီ အခါက မန္တလေးမြို့ကနေ ဦးလေး နဲ့ ဒေါ်ဒေါ် တို့က “လူထု ဂျာနယ်” ထုတ်ဝေနေပြီ။
ဇဝန ဂျာနယ် ထွက်လာတဲ့အခါ ဦးလေး (လူထုဦးလှ) က ဇဝန ဂျာနယ်နဲ့ ပတ်သက်လို့ လူထု ဂျာနယ်ကနေ ဆောင်းပါး တစောင် ရေးတယ်။
လူထု ဦးလှ က “ဇဝန ဂျာနယ် အမှတ် ၁ နှင့် အမှတ် ၂ ထွက်လာသည်မှာ ၁၅ ရက်ခန့် ရှိသွားလေပြီ။ ဂျာနယ် အရွယ်အစား၊ ရေးပုံ၊ စီစဉ်ပုံမှ စ၍ တမျိုးတဘာသာ ထိထိမိမိ လူတိုင်း စွဲငြိလောက်သည့် သတင်းစာ လုပ်ငန်း ပညာသား ပါသော ဂျာနယ် ဖြစ်သည်ဟု မှတ်ချက် ချရပေမည်” လို့ ဝေဖန် ရေးသား မှတ်ချက်ပေးတယ်။
ဒီမှာ “သတင်းစာလုပ်ငန်း ပညာသား ပါသော” ဆိုတဲ့စကားက အလေးအနက် စကား၊ သတင်းစာတရာ တယောက်ရဲ့ စကား ဖြစ်တယ်။
ဟုတ်ပါတယ်။
ဆရာဇဝန ဟာ အဲဒီအချိန်က တိုင်းပြည်ရဲ့ လက်ငင်းအခြေအနေနဲ့ နိုင်ငံရေးကိုပါ စာပြောင်၊ စာသရော်၊ စာအထေ့၊ စာကလိ၊ စာအကော်၊ စာအဆော်တွေ မိုးမွှန် ရေးခဲ့တာပဲ။
ဆရာဇဝန ရဲ့ လက်ရှိဘဝကို ရေးပြရာမှာတော့ ဦးလေးက “ဤမျှ နာမည်ကျော် စာရေးဆရာကြီးသည် သူဌေး ဖြစ်နေပြီလော၊ စိတ်ကား ချမ်းသာပေလိမ့်မည်။ ကိုကား မပြည့်စုံ၊ ကလေး ၅ ယောက် ချစ်ဇနီးနှင့် အတူ တဲအိမ်ကလေး တအိမ်တွင်ပင် နေရသည်။ ပစ္စည်းမဲ့ ဇဝနောစကီးပင်…” တဲ့။
ဆရာဇဝန ရဲ့ ငယ်ဘဝ၊ လူပျိုးဘဝကို ရေးပြရာမှာတော့ ပိုလို့တောင် စိတ်ဝင်စားဖို့ကောင်း၊ မြန်မာ့နိုင်ငံရေးကို စာရေးဆရာ၊ သတင်းစာဆရာတွေနဲ့ ကျောင်းသား ခေါင်းဆောင်တွေ၊ သခင်တွေ၊ သခင်ပေါက်စတွေ ဘယ်လို စိတ်ဓာတ် ခွန်အားဖြည့်ကြတယ်၊ ဘယ်လို ဆင်းရဲ အပင်ပန်းခံကြတယ်၊ ဘယ်လို အတူနေ၊ အတူစား၊ အတူငတ်၊ အတူဝတ်ခဲ့ ကြတယ် ဆိုတာ မျိုးဆက်သစ်တွေ လေ့လာစရာ၊ အတုယူစရာ ကောင်းလှတယ်။
စာနယ်ဇင်းသမားတွေ၊ နိုင်ငံရေးသမားတွေ တိုင်းပြည် လွတ်လပ်ရေး အတွက် တစိတ်တည်း၊ တဝမ်းတည်း အလှမ်းကြီး လှမ်းခဲ့ကြတယ် ဆိုတာ မှန်းဆ ရမ်းဆစရာ မလိုဘဲ အထင်းသား ပေါ်လွင်တဲ့ သမိုင်းကို သိနိုင်တယ်။
ပြီးတော့ စာရေးဆရာ၊ သတင်းစာဆရာ ရေးတဲ့ စာနယ်ဇင်းသမားတွေနဲ့ နိုင်ငံရေးသမားတွေဟာ ရည်မှန်းချက် တူညီပြီး ကိုယ့်တာဝန် ကိုယ် အသီးသီး ထမ်းခဲ့ကြတယ် ဆိုတာကိုလည်း လေ့လာ သိရှိနိုင်ကြပေတယ်။
ကြည့်ပါ။ ဒီမှာ။
“၁၉၃၇-၃၈ ခုနှစ် တဝိုက်တွင် ဇဝနသည် ၃၇ လမ်းတွင် တိုက်ခန်းကလေး တခန်းကို ငှား၍ နေလေသည်။ ထိုစဉ်အခါက ဇဝန သည် ဝတ္ထုရှည်ကြီးများကိုလည်း ရေးနေသည်။ မြန်မာ့ အလင်း တိုက်တွင် ဂျာနယ်ကျော် ဦးချစ်မောင်နှင့် အတူလည်း ညပိုင်းတွင် အလုပ်ဆင်းနေသည်။ ထိုအခါ ၎င်း၏ အခန်းတွင် အမြဲတမ်း ဧည့်သည် အဖြစ်ဖြင့် နေသူတဦးမှာ သခင်ပေါက်စ ကျောင်းဆရာလေး ကိုသန်းထွန်း ဖြစ်သည်။ သခင်စိုးလည်း အနုပဋိလောမ ရုပ်ဝါဒကို ဇဝန ၏ အခန်းကလေးမှာပင် အများဆုံး ကြေအောင်၊ ညက်အောင် ဝါးနေသည်။ ကျောင်းသား ခေါင်းဆောင် သခင်ပေါက်စ ကိုအောင်ဆန်းနှင့် ကိုဘဟိန်း တို့လည်း ဧည့်သည်တပိုင်း အိမ်သည် တပိုင်းပင် ဖြစ်ကြသည်” လို့ ရေးတယ်။
ဇဝန ဂျာနယ် ထုတ်နေတဲ့ လက်ရှိ အချိန်ကို ရေးတော့ “ကျောင်းသား ခေါင်းဆောင် ကိုအောင်ဆန်း နှင့် ကိုဘဟိန်း တို့လည်း ဗိုလ်ချုပ် အောင်ဆန်းနှင့် အလုပ်သမား ခေါင်းဆောင်ကြီးများ ဖြစ်လာကြလေပြီ။ ဇဝန ကိုယ်တိုင်လည်း နိုင်ငံ ကျော်သည်ထက် ကျော်သော စာရေးဆရာကြီး ဖြစ်လာလေပြီ။ ဇဝန၏ ၃၇ လမ်း စံအိမ်တော်ကလေးသည် ထိုစဉ်အခါက တိုက်လအကြွေးများ မညှာမတာ တောင်းတတ်သော ကုလားကြောင့် မုန်းစရာ ကောင်းသော်လည်း ယခု အကြွေးတွေ လျှော်ပစ်ပြီးသော အခါတွင် ပြန်၍ စဉ်းစားလိုက်လျှင်ကား ချစ်စရာ အခန်းကျဉ်းကလေးပင် ဖြစ်တော့သတည်း” လို့ ၁၉၄၆ ခု မတ်လ ၁၅ ရက်ထုတ် လူထုဂျာနယ်မှာ ရေးတာကို ဖတ်ရတယ်။
ဇဝန ဂျာနယ် စထုတ်တာကို ကြည့်လိုက်တော့ အယ်ဒီတာက ဇဝန၊ ထုတ်ဝေသူလည်း ဇဝန၊ တွဲဖက် အယ်ဒီတာ ဦးဘသောင်း နဲ့ ဦးအုန်းမြင့်တို့ ဖြစ်တာ သိရတယ်။
ပထမဆုံး ဂျာနယ်မှာ ဗိုလ်ချုပ် အောင်ဆန်းက “ပြောင်မြောက်နိုင်ပါစေသတည်း” ဆိုတဲ့ ခေါင်းစဉ်နဲ့ မိတ်ဆက် ရေးပေးတယ်။
သခင် သန်းထွန်းကတော့ “ဇဝန အာကျယ်” တဲ့။
ဂျာနယ်ကျော် ဦးချစ်မောင်က ရွှေလင်းယုန် ကလောင်နာမည်နဲ့ “တကယ့်နိုင်ငံရေးသို့”။
မဟာဆွေက “စစ်အတွင်း ကွယ်လွန်သူ စာဆိုတော်ကြီးများ”။
စောဦးက “ချုပ်တည်းမနိုင်” စသဖြင့် ရေးကြတယ်။ ဝိုင်းကြတယ်။
ဗိုလ်ချုပ် အောင်ဆန်းက မိတ်ဆက်စာ ရေးပေးတဲ့အခါ ဗိုလ်ချုပ် ဆိုတဲ့ နာမည် မသုံးဘဲ “တိုင်းပြည် ခေါင်းဆောင်ကြီး ဖဆပလ ဥက္ကဌ ဦးအောင်ဆန်း၏ မိတ်ဆက်” လို့ သုံးတယ်။

ဗိုလ်ချုပ်က “ဇဝန ကား တိုင်းသိ နိုင်ငံသိ စာရေးဆရာ ဖြစ်သည်ကို အထူး ဖော်ပြရန် မလိုပေ။ ဇဝန ဆိုသော နာမည်မှာ ဆရာတော်ဘွဲ့ ဆန်ဆန် ဖြစ်သော်လည်း နာမည်နှင့် လိုက်လျောစွာ ဟာသဝိဇ္ဖာ ဟုလည်း အသိအမှတ် ပြုထားကြသည်။
ယခု ဇဝနသည် ဇဝနဂျာနယ် ထုတ်မည်ဖြစ်ရာ ၎င်း၏ ပင်ကို ဉာဏ်စွမ်း၊ လက်စွမ်းများဖြင့် ကမ္ဘာကျော်စာရေးဆရာကြီးများ ကဲ့သို့ ဗမာ့ယဉ်ကျေးမှု၊ ကမ္ဘာ့ ယဉ်ကျေးမှုနယ်တွင် ထိရောက်စွာ ပြောင်းလဲ တိုးတက်အောင် ပြောင်မြောက်နိုင်ပါစေ သတည်း ဟု ဆုမွန် တောင်းလိုက်ပါကြောင်း” စသဖြင့် ရေးတယ်။
ဒီမိတ်ဆက်မှာ ဗိုလ်ချုပ် နားလည် ယူဆတဲ့ “ဟာသ” ကိုလည်း ဖွင့်ပြထားသေးတယ်။
ဇဝန နဲ့ ပတ်သက်လို့ နောက်တယောက် ရေးတာကတော့ သခင်သန်းထွန်းပါ။ သခင်သန်းထွန်းက ဇဝန ကို နီးနီးကပ်ကပ် ပေါင်းဖူးသူ အဖြစ်နဲ့ ရေးပြတယ်။
ဟိုအရင်က ဇဝန အကြောင်း ရေးပြပြီး အခု ဇဝန အကြောင်း ရေးပြရာမှာ“သူသည် တကယ့် အဖြစ်ကို အခြေတည်၍ ရေးတော့မည်။ မချိသွားဖြဲ ရေးတော့မည် မဟုတ်တော့။ လုပ်ကြံ၍ ရေးတော့မည် မဟုတ်တော့။ ဟုတ်မှန်တာတွေ ရေးတော့မည်။ လူတော့ ချမ်းသာချင်မှ ချမ်းသာမည်။ သို့ရာတွင် ရှေ့အဖို့ စိတ်ရှင်းရှင်းနဲ့ စိတ်ချမ်းသာမည်။
ဇဝန သည် ကြေကွဲစရာ၊ ရယ်စရာ၊ လှောင်စရာ အမျိုးမျိုး ရေးခဲ့ပြီ။ ဝတ္ထုလည်း ရေးခဲ့ပြီ။ ပုံတို ပြောခဲ့ပြီ။ ဆောင်းပါးလည်း ရေးခဲ့ပြီ။ ယပ်လှဲတရားလည်း ဟောခဲ့ပြီ။
ယခုအခါ ဇဝနသည် ပို၍ အာကျယ် လာပြီ။ သို့ရာတွင် ယခုအခါ တကယ့်အဖြစ် တကယ့်အခြေနဲ့ နီးသည်။ အာကျယ် ဇဝနကို လူထုက အပြစ်ယူမည် မဟုတ်၊ အာကျယ် တာကိုပင် လူထုက ရိုသေ လေးစားတော့မည်။
အာကျယ် (ဂျာနယ်) ဇဝန က အဖျင်းစာတွေ မထွက်လာပါနဲ့ဟု ဆုတောင်းမိသည်။ သို့ရာတွင် ဇဝန သည် လူထု အခြေအနေနှင့် နီးသလောက် ဇဝန က အဖျင်းစာတွေ ရေးရေး လူထုက အပြစ် မြင်မည်မဟုတ်။ ဇဝန ၏ အဖျင်းစာ (သတင်းစာ) ကိုပင် စောင့်စားနေမည်ကား မလွဲတည်း” လို့ ရေးခဲ့တယ်။
ဇဝန လူထုအခြေနဲ့ နီး၊ မနီး ဆိုတာကတော့ သူရေးတဲ့ စာတွေက ပြနေပေလိမ့်မယ်။ ပြလည်း ပြခဲ့ပါတယ်။
နိုင်ငံရေးနဲ့ ပတ်သက်လို့ ဆရာဇဝန ရေးခဲတဲ့ သရော်စာများက လက်သံ ပြောင်လှပါတယ်။ ဘယ်သူ့မှ မရှောင်ပါဘူး။
စာရေးဆရာ၊ သတင်းစာဆရာ၊ စာနယ်ဇင်းသမားကတော့ သူ့ခံယူချက်၊ သူ့ယုံကြည်ချက် အတိုင်း သူလုပ်စရာရှိတာ လုပ်သွားမှာပါပဲ။
နိုင်ငံရေးသမား နဲ့ စာနယ်ဇင်း သမားတွေဟာ တိုင်းပြည် အတွက် ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ကိုယ်လုပ်ကြတာပါပဲ။
ဒါကြောင့် သူတို့ဟာ ဘယ်အခြေအနေမှာပဲ ဖြစ်ဖြစ် တဦးနဲ့ တဦး ရိုင်းပင်းကြတယ်။ ဝိုင်းဝန်းခဲ့ကြတယ်။ ပြစရာတွေက အများကြီး ရှိပါတယ်။
ဥပမာ ဆိုပါတော့ ဂျာနယ်ကျော် ဦးချစ်မောင်၊ လူထုဦးလှ၊ ကိုဌေးမြိုင် (ခ) ဒဂုန်တာရာ၊ ဆရာ ဇဝန စသဖြင့်ပေါ့။ နိုင်ငံရေး ကိုသာ အတူ လုပ်ကြတယ်။ ဒီပုဂ္ဂိုလ်တွေက အတူနေ၊ အတူ လုပ်ကြပေမယ့် ရာထူးကို အမှုမထားသူတွေပါ။
ဂျပန်ခေတ် တလျှောက်၊ ဖဆပလ ခေတ် တလျှောက်၊ ဘဝ တလျှောက် မွန်မြတ်တဲ့ စိတ်ထားနဲ့ ဘဝ ထုပ္ပတ်၊ စာထုပ္ပတ် ကို လှပအောင် ရေးသွားသူတွေလို့ မြင်ပါတယ်။
တိုင်းပြည် အတွက်၊ ပြည်သူလူထု အတွက် ဘဝခရီးကို ဖြတ်သန်းသွားကြသူတွေပါ။
ကျနော် ပြောချင်ပါတယ်။ ဒါတွေဟာ မျိုးဆက်သစ်တွေ ဆက်လက် လက်ဆင့်ကမ်းရမယ့် သမိုင်း မှတ်တမ်းတွေပါပဲ။
အထူးပြောချင်တာ ရှိပါသေးတယ်။
ဗိုလ်ချုပ် အောင်ဆန်းဟာ နိုင်ငံ့ ခေါင်းဆောင်ကြီး ဖြစ်တဲ့တိုင် စာနယ်ဇင်းသမားကို မပစ်ပယ်ဘူးလို့ ဆိုချင်တာပါပဲ။ ဗိုလ်ချုပ်ရဲ့ စေတနာနဲ့ မွန်မြတ်တဲ့ စိတ်ထားကတော့ ကမ်းပြည့်ကမ်းလျှံပါပဲ။
ဗိုလ်ချုပ် အောင်ဆန်း ရေးပေးတဲ့ မိတ်ဆက်စာထဲက ဟာသ နဲ့ ပတ်သက်လို့ ဗိုလ်ချုပ် ရဲ့ ဟာသ အမြင်ကို နည်းနည်း ရေးပြချင်ပါတယ်။
ဗိုလ်ချုပ်က “…ဟာသ ပညာသည် လူမျိုးတမျိုး၏ ဘဝတွင် အရေးပါ အရာရောက်သော ပညာရပ် တခုဖြစ်သည်။ သို့သော် ဟာသပညာ အစစ် နှင့် အတုကို ခွဲခြားရန် လိုသည်။ ဇာတ်ပွဲများတွင် ပါဝင်သော လူရွှင်တော်များ၏ ပြက်လုံးများသည် အရာခပ်သိမ်း ဟာသပညာ မဟုတ်ပေ။
ကျနော် နားလည်သော ဟာသပညာကား လောကီ လူ့ဘဝ လူ့ဇာတ်ခုံတွင် ရှေ့နောက်မညီ အဆင်မပြေသော အချက် အလက် များကို ထုတ်ဖော်၍ ရှင်လူ အပေါင်းတို့အား ရယ်စရာသဘော မြင်စေရမည်။ ဤသို့ မြင်စေရာတွင် စာရေးဆရာ စိတ်ကူး ဉာဏ်စွမ်း အလိုက် အသွင် အမျိုးမျိုး ဆောင်နိုင်လေသည်။
အချို့ ဟာသဆရာများကား မိမိတို့ ပတ်ဝန်းကျင် ကမ္ဘာကြီးကို ဟက်ဟက်ပက်ပက် ရယ်မောကြသည်။ ပြောင်လှောင် ကြသည်။ ခနဲ့ကြသည်။ ရွဲ့ကြသည်။ စောင်းမြောင်းကြသည်။ အချို့ကား မိမိတို့ဘာသာ မိမိတို့ ကြိတ်၍ ရယ်မောကြသည်။
ဤသို့လျှင် ဟာသ ပညာသည်များသည် အသွင်အမျိုးမျိုး ဆောင်ကာ လောကီ လူသားများ၏ ကြီးကျယ်မှု၊ ဟန်ဆောင်မှု၊ ဝင့်ဝါ ပလွှားမှု အရပ်ရပ်ကို ပြက်ရယ်ပြုကြသည်။
ဥပမာ ဆိုလျှင် ပြင်သစ် စာရေးဆရာကြီး မော်လျရဲ သည် မဟာဆန်ချင်သူ၊ ဆရာဝန်ပါပဲ အစရှိသော ပြဇာတ်များကို ရေးကာ မိမိခေတ်ရှိ ပတ်ဝန်းကျင် လောကကို ပြောင်လှောင်ခဲ့သည်။
စလေဆရာကြီး ဦးပုည သည် ၎င်းရေးသားသော မေတ္တာစာများ၊ ပြဇာတ်များတွင် ထိုခေတ် ထိုအခါက လောကီ လူသားများ၏ သွားလာ နေထိုင် ဆက်ဆံ ပေါင်းသင်းမှု အစရှိသည်တို့ကို ပြောင်လှောင် ရယ်မောခဲ့သည်။
ယခု ခေတ်တွင် ရံဖန်ရံခါ အားဖြင့် လက်ရှိ နိုင်ငံရေး၊ လူမှုရေး ကိစ္စများနှင့် ရုပ်ပြောင်များ၊ စာတိုစာစများ၊ ဝတ္ထုများ အစရှိသည် အားဖြင့် သက်ဆိုင်သူ စာရေးဆရာ၊ ရုပ်ပြောင် ကာတွန်းဆရာတို့ အမြင်အတိုင်း ကဲ့ရဲ့ကြသည်။ လှောင်ပြောင် ကြသည်။
ဇဝန ကား ဤပုဂ္ဂိုလ်များတွင် ထိထိမိမိ ရေးနိုင်စွမ်းဆုံး တဦးပင် ဖြစ်သည်ဟု ဆိုက မလွဲဟု ကျနော် ယူဆသည်” လို့ ရေးပါတယ်။ ။
(ရွှေမန္တလေး၊ ၁၈ . ၇ . ၂၀၁၆)
(သတင်းစာဆရာကြီး မောင်သစ်လွင် (လူထု) ရေးသားခဲ့သည့် ဤဆောင်းပါးကို ခြူးခြူး စာပေတိုက်က ၂၀၁၆ ခုနှစ် နိုဝင်ဘာလတွင် ထုတ်ဝေသော “နောက်ဆုံးရ သတင်း နှစ်ပုဒ်နဲ့ ဆက်စပ်သတင်း ပုံရိပ်များ” စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီးသည် ၂၀၂၂ ခုနှစ် သြဂုတ်လ ၂၀ ရက် အသက် ၈၈ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။)














