မန္တလေးဝန်းကျင် အထင်ကရပွဲတော်များထဲက တခုဖြစ်သည့် ရတနာ့ဂူဘုရားပွဲ နတ်ပွဲကို နှစ်စဥ် ဝါခေါင်လပြည့်ကျော် ၈ ရက်မှ ၁၄ ရက် (လကွယ်နေ့)ထိ ကျင်းပလေ့ရှိရာ ယခုနှစ်တွင်လည်း ပွဲတော်ရက်မဟုတ်သည့် ဝါခေါင်လပြည့်ကျော် ၇ ရက် (ဩဂုတ် ၁၅ ရက်)မှ စတင်ကာ ကျင်းပနေသည်။
ယခုနှစ် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သော ပြင်းထန်ငလျင်အတွင်း ရတနာဂူစေတီနှင့် ပုပ္ပါးမယ်တော်နတ်နန်း အဆောက်အဦ တချို့ ပြိုကျပျက်စီးမှုများရှိခဲ့သော်လည်း ပွဲတော်ကျင်းပချိန်တွင် မန္တလေးမြို့နှင့် အမရပူရနယ်ခံ နတ်ကိုးကွယ်သူများ အပါ အဝင် အနယ်နယ်အရပ်ရပ်မှ လာရောက်လည်ပတ်သူ၊ ရိုးရာအစဉ်အလာရှိသူများက သက်ဆိုင်ရာနတ်နန်းများကို လာရောက်၍ နတ်ပန်းဆက်ကြသူများဖြင့် စည်ကားလျက်ရှိသည်။
ရတနာ့ဂူပွဲတော် စတင်ကျင်းပစဉ်က မန္တလေးတိုင်း အမရပူရမြို့နယ်၊ ငယ်တိုးကျေးရွာအုပ်စုရှိ အင်း၀ဘုရင် မင်းကြီး စွာစော်ကဲ တည်ထားခဲ့သော ရတနာ့ဂူစေတီ၏ ဘုရားပွဲဖြစ်သော်လည်း ကုန်းဘောင်ခေတ် ဘကြီးတော်မင်းလက်ထက်မှ အစပြုကာ ပုပ္ပါးမယ်တော်နတ်ပွဲအဖြစ် ထည့်သွင်းကျင်းပခဲ့ရာက ရတနာ့ဂူနတ်ပွဲဟု လူသိများခဲ့ခြင်း ဖြစ်သည်။
“အမှန်တော့ ဘုရားပွဲက အဓိကပါ။ အမရပူရမြို့ရဲ့ နယ်လုံးဆိုင်ရာ ဘုရားပွဲဆိုရင် ပိုမှန်ပါတယ်။ နတ်ပွဲကတော့ ဘုရားပွဲကို အမှီပြုပြီးမှ ဖြစ်ပေါ်လာခဲ့ရတာပါ။ ဒီနှစ်က ငလျင်ကြီးကြောင့် ဘုရားလည်း ပြိုကျပျက်စီးခဲ့တယ်။ လက်ရှိမှာ ရှေးဟောင်း ဆင်းတုတော်ကြီးပဲ အကောင်းပကတိအတိုင်းရှိနေတာမို့ ယာယီဆောင်နဲ့ အပူဇော်ခံထားပေးထားပါတယ်။ အများကောင်းမှု နဲ့ ရှေးမူမပျက်တည်ထားဖို့လည်း လုပ်နေကြပါတယ်။ ပွဲတော်ကတော့ အစဉ်အလာအတိုင်း ကျင်းပနေပါတယ်” ဟု ရတနာ့ဂူစေတီ ဂေါပကအဖွဲ့မှ တာဝန်ရှိသူတဦးက ပြောသည်။

ရတနာ့ဂူနတ်ပွဲအဖြစ် ကျင်းပရာတွင် ပုပ္ပားမယ်တော်၏ အထက်နန်း၊ အလယ်နန်း၊ အောက်နန်းများသည် အဓိကကျသော နတ်နန်းကြီးများဖြစ်ပြီး အခြားနတ်နန်းများလည်းရှိရာ နတ်နန်းပေါင်း ၄၀ ကျော်ရှိကြောင်း၊ စစ်ကိုင်းငလျင်ကြောင့် ရတနာ့ဂူ စေတီတော်နှင့် နတ်နန်းကြီး ၃ နန်းအပါ သာသနိကအဆောက်အဦများ ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။
ထို့ပြင် ရတနာ့ဂူပွဲတော်ကျင်းပရာဒေသမှ လူနေအိမ်များလည်း ပြိုကျပျက်စီးခဲ့သလို လူသေဆုံးမှုလည်းရှိကြောင်း၊ လက်ရှိ တွင် အလှူရှင်များ၏ကောင်းမှုဖြင့် ပုပ္ပားမယ်တော်၏ အထက်နန်း၊ အလယ်နန်းများ ပြန်လည်ပြင်ဆင်ပြီးဖြစ်သလို အောက် နန်းမှာလည်း အုတ်မြစ်ချတည်ဆောက်ခြင်းများ စတင်နေပြီဖြစ်ကြောင်း သိရသည်။
မန္တလေးမြို့ခံ နတ်ဆရာတဦးက “မယ်တော်ကြီးရဲ့ နန်းတွေက ကျနော်တို့ နတ်အသိုင်းအဝိုင်း မိတ်ဆွေတွေထဲကနေ တဦး တည်းအလှူရှင်တွေ ပေါ် ပေါက်ခဲ့တဲ့အတွက် အထက်နန်းကြီးဆိုရင် တလအတွင်းမှာပဲ အလုံးစုံပြင်ဆင်တာ၊ တည်ဆောက် တာတွေပြီးခဲ့ပြီ။ မယ်တော်ကြီးရဲ့ နန်းရင်းဖြစ်တဲ့ အလယ်နန်းကလည်း တဦးတည်းအလှူရှင်အနေနဲ့ အပြီးတည်ဆောက်ခဲ့ တယ်။ ဘုရားတွေလည်း ပြင်ဆင်ခဲ့တယ်။ ဦးယာမနန်းလို့ခေါ်တဲ့ အောက်နန်းလည်း ဒီအတိုင်းပဲ စနေပြီ။ အခု ပွဲတော်ရက်ထဲ မှာတော့ အလယ်နန်းနဲ့ အောက်နန်းက တက်ပွဲချော့ပွဲတွေအတွက် ယာယီနန်းတွေထိုးပြီး လုပ်နေတာပေါ့” ဟု ပြောသည်။
ရတနာ့ဂူစေတီတော်နှင့် သာသနိကအဆောက်အဦများအတွက် အလှူရှင်မပေါ်ပေါက်သဖြင့် လက်ရှိ ကျင်းပနေသည့် ဘုရားပွဲ၊ နတ်ပွဲ ပြီးစီးပါက ရရှိလာသောအလှူငွေများဖြင့် ပြန်လည်ပြုပြင် အသစ်တည်ထားကြရမည်ဟုလည်း ဆိုသည်။

“ငလျင်ဒဏ်ခံထားရတဲ့ကြားက ပွဲတော်ကြီးဖြစ်အောင် အခက်အခဲတွေနဲ့ ဖန်တီးရတာပါ။ မင်းကြီးစွာစော်ကဲလက်ထက်က တည်ခဲ့တဲ့ ဘုရားကြီး ငလျင်ဘေးဒဏ်မှာ ပါသွားတယ်။ မုခ်ဦးတွေ၊ တန်ဆောင်းတွေ၊ ပြဿဒ်တွေ၊ ဆင်နှစ်ကောင်၊ အုတ်တံ တိုင်းတွေ အကုန်လုံးပြိုတယ်။ ရတနာ့ဂူ ဦးယာမနတ်နန်းလည်း အားလုံးပြိုသွားတယ်” ဟု မြန်မာနိုင်ငံ သဘင်အစည်းအရုံး နတ်ဒေဝါစည်းကမ်းထိန်းသိမ်းကော်မတီ နာယကလည်းဖြစ်၊ နတ်ဆရာလည်းဖြစ်သည့် ဦးစန်းလှိုင်ထွဏ်းက ပြောသည်။
ထိုသို့ နှစ်စဉ် အစဉ်အလာမပျက် ကျင်းပခဲ့သည့် ရတနာ့ဂူပွဲတော်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက် ထက် H1N1 ရာသီတုပ်ကွေးရောဂါဖြစ်ပွားချိန် ၂၀၁၉ ခုနှစ်က ရပ်နားခဲ့သလို ကိုဗစ်-၁၉ ကပ်ရောဂါကာလနှင့် စစ်တပ် အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲများကြောင့် ပွဲတော်ကျင်းပနိုင်ခြင်း မရှိခဲ့သော်လည်း နှစ်စဉ်ပြုလုပ် နေကျ ရိုးရာအစဉ်အလာများကို အကျဉ်းချုံးပြုလုပ်ခဲ့ကြကာ ၂၀၂၂ ခုနှစ်တွင်မူ စစ်ကောင်စီ ဖိအားပေးမှုဖြင့် ပွဲတော်ကို ပြန်လည်ကျင်းပခဲ့ကြောင်း သိရသည်။
ရတနာ့ဂူပွဲတော်၏ မူလအစ ဘုရားပွဲတော်အဖြစ် ကျင်းပသည့် ရတနာ့ဂူစေတီတော်ကို အင်း၀ဘုရင် မင်းကြီးစွာစော်ကဲက မြန်မာသက္ကရာဇ် ၇၄၂ ခုတွင် တည်ထားခဲ့ပြီး ဘုရားပွဲတော် ကျင်းပခဲ့သည်မှာ နှစ်ပေါင်း ၆၄၅ ခန့် ရှိပြီဖြစ်သည်။
ရိုးရာအစဉ်အလာတခုဖြစ်သော နတ်ပွဲကို ခရစ်နှစ် ၁၁၈၅ ခုနှစ် ဘကြီးတော်(စစ်ကိုင်းမင်း) လက်ထက်တွင် စတင်ခဲ့ခြင်းဖြစ် ကာ ထိုအချိန်က အမရပူရမြို့ မီးလောင်ကျွမ်းခဲ့ရာ ပြည်သူအများ စိတ်နှလုံးမသာယာသောကြောင့် သောကပြေပျောက်စေ ရန် မိဖုရားခေါင်ကြီး နန်းမတော်မယ်နုနှင့် မောင်တော် စလင်းစား မင်းသားကြီးမောင်အိုတို့ ဦးစီးပြီး ရွှေဖျဉ်းညီနောင် တောင် ပြုန်းမင်းနှစ်ပါး ပွဲပြီးချိန် ရတနာ့ဂူဘုရားပွဲနှင့်အတူ ပုပ္ပါးမယ်တော်ကြိုပွဲအဖြစ် နတ်ပွဲများကျင်းပခဲ့ရာမှ ဘုရားပွဲအဖြစ်ကနေ နတ်ပွဲအဖြစ် လူသိပိုများကာ ထင်ရှားကျော်ကြားခဲ့ခြင်းဖြစ်ကြောင်း သမိုင်းမှတ်တမ်းများအရ သိရသည်။

ရတနာ့ဂူနတ်ပွဲသည် ပုပ္ပားတောင်သို့ ပြန်ကြွမည့် ရွှေဖျဉ်းညီနောင် တောင်ပြုန်းမင်းနှစ်ပါးမယ်တော် မယ်ဝဏ္ဏ၏ ကွန်း ထောက်စခန်းချပွဲ၊ တောင်ပြုန်းမင်းညီနောင်တို့က မယ်တော်ကို ပုပ္ပားတောင် လိုက်ပါပို့ဆောင်သည့်ပွဲအဖြစ် နတ်လောက အသိုင်းအဝိုင်းက အသိအမှတ်ပြုထားပြီး တောင်ပြုန်းပွဲတော်မှ နတ်ထိန်း၊ နတ်ကတော်၊ နတ်ဆရာအများစု ကူးပြောင်း လာကာ ပွဲတော်အားကျင်းပခဲ့ခြင်း ဖြစ်သည်။
ပုပ္ပားမယ်တော်ကြီး၏ မူလနန်းရင်းဖြစ်သော အလယ်နန်းမှာ မြင်းတိုင်ရပ်တွင်ရှိပြီး သက္ကရာဇ် ၁၂၇၁ ခုနှစ် ဧရာဝတီမြစ်ရေ အဆမတန်တိုးမှုကြောင့် ရေကြီးခဲ့သဖြင့် ၀ါခေါင်လ၌ကျင်းပသည့် နတ်ပွဲကို အပျက်မခံခဲ့ကြဘဲ ဆင်တိုင်းရပ်ရှိ အောင်ချမ်း သာဘုရားအနီး ပြောင်းရွှေ့ကျင်းပခဲ့ရာမှ အထက်နန်းအဖြစ် တည်ရှိခဲ့သည်မှာ ယနေ့ထိတိုင်ဖြစ်သည်။
ထို့နောက် ၁၉၆၅ ခုနှစ်တွင် ဦးယာမဆိုသူက အိပ်မက်အရ ရတနာ့ဂူဘုရားကို ပြုပြင်မွမ်းမံပြီး ရတနာ့ဂူဘုရားပရဝုဏ် အတွင်းမှာပင် နတ်နန်းတခုတည်ဆောက်ခဲ့ရာမှ အောက်နန်းအဖြစ် လူသိများခဲ့ပြီး နတ်ပွဲကျင်းပရာတွင် ပုပ္ပားမယ်တော် ကြီး၏ အထက်နန်း၊ အလယ်နန်း၊ အောက်နန်းများသည် အဓိကကျသော နတ်နန်းကြီးများ ဖြစ်သည်။
ရတနာ့ဂူအောက်နန်းအဖြစ် လူသိများသည့် ဦးယာမနန်းသည် သာသနာပြုနန်းထိန်းများမရှိဘဲ ရတနာ့ဂူဘုရားဂေါပက အဖွဲ့က ကြီးကြပ်ပြီး ရရှိလာသည့် အလှူငွေ၊ တက်ပွဲ၊ ဆက်ပွဲငွေများအား ဘုရားဘဏ္ဍာတော်အဖြစ် သိမ်းဆည်းကြောင်း၊ အထက်နန်းနှင့် အလယ်နန်းတို့မှာ နန်းထိန်းအဆက်ဆက် လက်ဆင့်ကမ်းကာ အမွေဆိုင်နန်းများ ဖြစ်သောကြောင့် ရရှိလာ သည့် အလှူငွေ၊ တက်ပွဲ၊ ဆက်ပွဲငွေများကို မိသားစုဝင်များက အချိုးကျခွဲဝေယူကြကြောင်း သိရသည်။

နတ်ပွဲကို နှစ်စဉ် ဝါခေါင်လပြည့်ကျော် ၈ ရက်တွင် စတင်လေ့ရှိသော်လည်း ဝါခေါင်လပြည့်ကျော် ၇ ရက်မှစ၍ နတ်ညီ လာခံများ၊ တက်ပွဲများ စတင်ကျင်းပပြီး လပြည့်ကျော် ၁၀ ရက်၌ ချိုးရေတော်သုံးပွဲတော်၊ လကွယ်နေ့တွင် ထိန်ခုတ်ပွဲ၊ မယ်တော်ပို့ပွဲများ ကျင်းပပြုလုပ်ပြီး သံဃာတော်များကို စာရေးတံမဲနှင့် ဆွမ်းကြီးလောင်းလှူကာ ပွဲတော်ပိတ်သိမ်းလေ့ ရှိသည်။
“ရိုးရာအစဉ်အလာတွေက ၀ါခေါင်လပြည့်ကျော် ၇ ရက်နေ့မှာ နတ်ညီလာခံဖွင့်ပွဲလုပ်တယ်။ မယ်တော်ကြီးနန်းတွေက ချိုး ရေတော်သုံးရက်တွေ မတူကြပေမယ့် အောက်နန်းကလုပ်တဲ့ ၁၀ ရက်နေ့ကို ချိုးရေတော်သုံးရက်အဖြစ် သတ်မှတ်ထားတာ ဆိုတော့ ပုံမှန် မွန်းတည့် ၁၂ နာရီမှာ ပုပ္ပားမယ်တော်ကြီး ချိုးရေသုံးပွဲလုပ်တယ်။ လကွယ်နေ့မှာတော့ ထိန်ခုတ်ပွဲတို့၊ မယ် တော်ပို့ပွဲတို့ လုပ်ကြတာပေါ့နော်။ တက်ပွဲချော့ပွဲတွေကတော့ ၈ ရက်နေ့ကစပြီး လကွယ်နေ့ထိ လုပ်ကြတာ” ဟု ရန်ကုန်မြို့ မှ နတ်ဆရာ ဒဂုံဥက္ကလာ ဦးကျော်ဝင်းနိုင်က ပြောသည်။
ဝါခေါင်လပြည့်ကျော် ၁၀ ရက်တွင် ကျင်းပသည့် ချိုးရေတော်သုံးပွဲသည် အစည်ကားဆုံးနေ့ဖြစ်ကာ ဒေသအခေါ်အရ ဖောင် လှည့်သည့်နေ့ဖြစ်ပြီး အထက်နန်းနှင့် အောက်နန်းကြားရှိ ရေဝင်စိမ့်အင်း (ဒေသအခေါ် ပန်းဘဲချောင်း) ငှက်လှေများဖြင့် ကျင်းပခြင်း ဖြစ်သည်။
အဆိုပါချိုးရေတော်သုံးပွဲကို အမရပူရမြို့နယ်ရှိ ကျေးရွာများမှ ဝေါတော်ထမ်း၊ ဖောင်ကြိုးဆွဲ၊ လှေတော်သားနှင့် အခြား တာဝန်များကို အစဉ်အလာအတိုင်း တာဝန်ယူလုပ်ဆောင်ပြီး ချိုးရေတော်သုံးပွဲ၊ ဖောင်လှည့်ပွဲကို ကျင်းပလေ့ရှိကာ ယခုနှစ် တွင် ချိုးရေတော်သုံးပွဲကို ပန်းပဲချောင်းအတွင်း မပြုလုပ်တော့ဘဲ ပြိုကျပျက်စီးခဲ့သည့် ရတနာ့ဂူဘုရာအရှေ့မုခ်၌ ယာယီ နန်းဆောင်ထိုး၍ ကျင်းပခဲ့ကြောင်း သိရသည်။
ယခင်အချိန်များက ရတနာ့ဂူပွဲတော်သို့ လာရောက်ကြသူများမှာ စစ်ကိုင်း-မန္တလေးလမ်းဘေး ငှက်သမ္မာန်ဆိပ်မှတဆင့် အထက်နန်းနှင့်အောက်နန်းကို ငှက်လှေစီးကာ သွားလာကြပြီး ရေပက်ကစားလေ့ရှိသော်လည်း ယခုအခါ ငှက်သမ္မာန်ဆိပ် မရှိတော့သလို ရိုးရိုးလှေများဖြင့် အစားထိုးအသုံးပြုလာကြောင်း၊ ယခင်ကဲ့သို့ ပန်းပဲချောင်းအတွင်း လှေစီးပြီး ရေပတ် ကစားသူ အလွန်နည်းပါးသွားကာ လှေ ၆ စီးခန့်သာ ရှိတော့ကြောင်း သိရသည်။

ထို့ပြင် ရှေးယခင်က ရတနာ့ဂူပွဲတော်သို့ မန္တလေးမှ နွားလှည်းများဖြင့် မြို့လုံးကျွတ်နီးပါး သွားရောက်ကြပြီး တောင်သမန် အင်းစောင်း မယ်ဇယ်ပင်တန်းတွင် လှည်းဝိုင်းကြီးများ စခန်းချရပ်နားပြီး ချက်ပြုတ်စားသောက်၊ ဝိုင်းဖွဲ့ဆိုတီးကခုန်ကာ တောင်သမန်အင်း၊ ပန်းပဲချောင်းများမှတဆင့် ငှက်သမ္မာန်များဖြင့် နတ်နန်းများသို့ ကူးသန်းသွားလာကြောင်း၊ မန္တလေးမှ နွားလှည်းများဖြင့် မြို့လုံးကျွတ်နီးပါး သွားရောက်သည့် အစဉ်အလာမှာ ၁၉၉၅/၉၆ ခုနှစ် ဝန်းကျင်၌ ပျောက်ဆုံးပျက်သုဉ်း သွားခဲ့ကြောင်း သိရသည်။
မန္တလေးမြို့ခံ စာရေးဆရာတဦးက “မန္တလေးမှာ အဲဒီကာလတွေက ရပ်ကွက်တွေထဲမှာ ရပ်ကွက်တီးဝိုင်းလေးတွေရှိတယ်။ လကွယ်နေ့ မနက်အစောပိုင်းကတည်းက လှည်းတွေပေါ်မှာ တီးဝိုင်းတွေတင်ပြီး မန္တလေးကနေ တောင်မြို့အထိ လမ်းတ လျောက် တီးမှုတ်သွားကြတာ။ လမ်းတလျောက် သူ့လှည်းကိုယ့်လှည်း စကြနောက်ကြပေါ့။ ပျော်စရာချစ်စရာကောင်းတဲ့ ဓလေ့တခုပါ။ ဖျော်ဖြေမှု၊ အနားယူမှု တခုအနေနဲ့ အပျော်သက်သက်ဓလေ့တွေပေါ့။ အခုကျ လှည်းတွေပျောက်ပြီး သယ်ယူပို့ဆောင်ရေးမှာ လှည်းအစားထိုးတွေ ဝင်ရောက်လာတော့ အဲဒီဓလေ့တွေလည်း ပျောက်ကုန်ရတာပါပဲ” ဟု ပြောသည်။
ထို့သို့ ရှေးအစဉ်အဆက် ကျင်းပလာခဲ့သည့် ရတနာ့ဂူပွဲတော်တွင် လှည်းများ၊ ငှက်လှေများ ပျောက်ဆုံးခဲ့သော်လည်း ပွဲတော်အမှတ်အသားအဖြစ် ကျန်ရစ်နေဆဲ လက္ခဏာများအနက် နတ်ဆိုင်း၊ အုန်းပွဲငှက်ပျောပွဲ၊ ကရေကရာမုန့်၊ မုန့်ခေါင်း အုံး၊ ကလေးကစားစရာ စစ်သူကြီးဦးထုပ်နှင့် ဓား၊ လှံ၊ ကျောက်ပန်းခွေများမှာ အထင်အရှား ရှိနေသေးသလို ခေတ်ပေါ် ကလေးကစားစရာအရုပ်သည်များ၊ အဝတ်အထည်၊ မီးဖိုချောင်သုံးပစ္စည်းများ၊ အစားအသောက်ရောင်းချသူများ၊ နတ်ကိုး ကွယ်မှုယုံကြည်သူများ၊ လာရောက်လည်ပတ်သူများဖြင့် စည်ကားနေဆဲပင် ဖြစ်သည်။
You may also like these stories:














