လွန်ခဲ့သော ရာစုနှစ် သုံးခုတုန်းက ခရစ်စတီယန် ဟွိုင်းဂျင်း အမည်ရှိသော ဒတ်ချ် လူမျိုး ပညာရှင်တယောက်သည် ဘာသာတရားသစ် တခုကို တီထွင်ခဲ့သည်။
တီထွင်လို၍တော့ မဟုတ်ပါ။
သူလုပ်သည့် အလုပ်မှာ ချိန်သီးပါသည့် နာရီ တလုံးကို တပ်ဆင်ခြင်း ဖြစ်ပါသည်။
ဤနည်းအားဖြင့် သူသည် သမိုင်းတွင် ပထမဆုံး အကြိမ်အဖြစ် လူများအား နာရီမိနစ် တို့၏ လမ်းကြောင်းကို မှတ်မိအောင် လုပ်ပေးခဲ့ပါသည်။
သို့ရာတွင် ဆယ်စုနှစ် များစွာ ကြာသည့် အခါ၌ ထိုတန်ခိုး အာဏာသည် သန်းပေါင်းများစွာသော နောက်လိုက် နောက်ပါ တို့ကို ဆွဲဆောင်ခဲ့ပါသည်။
၁၈၅၀ ပြည့်လွန် နှစ်များတွင် လူများသည် နာရီများကို လက်တွင် စတင် ပတ်ခဲ့ကြပါသည်။ ထို့နောက်တွင် ကျောင်း ခေါင်းလောင်း ပေါ်လာပါသည်။
စက်မှု တော်လှန်ရေးကြီးနှင့် အတူ အချိန်ပြောင်း အလုပ်သမားများ အတွက် နာရီ သံချောင်းနှင့် မီးရထားများ အတွက် အချိန်ဇုန် နယ်များ၊ စံနှုန်းညှိရေးတို့ ပေါ်ခဲ့ပါသည်။
ယခုအချိန်၌ကား အနောက်တိုင်း၏ ကိုးကွယ်ရာ ရုပ်တုဖြစ်သည့် နာရီသည် ရုံးခန်းတိုင်းလောက်တွင် ရှိနေပြီ။
နာရီကို ကိုးကွယ်သူတို့သည် နာရီ၏ မျက်နှာပြင်ကို တနေ့လျှင် အကြိမ်ပေါင်းများစွာ ကြည့်နေကြပြီး အလုပ်သွားချိန်၊ စားချိန်၊ အိပ်ချိန်တို့ကို ပြသည့် သင်္ကေတ တို့ကို စောင့်နေကြသည်။
သို့သော် နာရီသည် အလုံးစုံသော တန်ခိုး ပြာဋိဟာ နှင့်တော့ မပြည့်စုံပါ။
ဟုတ်ကဲ့။
၁၉၉၉ ခုနှစ် နှစ်သစ်ကူးချိန်တွင် နာရီကို တကမ္ဘာလုံးက ဂရုစိုက်နေကြမည် ဆိုသည်မှာ မှန်ပါသည်။
သို့ရာတွင် ယင်းမှာ ချွင်းချက်သာ ဖြစ်ပါသည်။ များစွာသော ယဉ်ကျေးမှုများ (လူမျိုးများ) သည် အမျိုးမျိုးသော ဘင်ခရာ တီးသူတို့၏ စည်းချက်ဖြင့် သွားနေကြခြင်း ဖြစ်ပါသည်။
အချိန်သည် ဆင်ဆာ ဗေဒိုးမှာထက် ဖရန့်ဖတ်မြို့တွင် ပို၍ လျင်မြန်စွာ သွားနေသယောင် ရှိပါသည်။
(မြန်မာပြည်မှ ဘုန်းတော်ကြီးများသည် မိမိတို့ လက်ဖမိုးမှ အကြောတို့ကို မြင်ရလျှင် အိပ်ရာ ထချိန်ဟု နားလည်ကြ ပါသည်။)
မက္ကဆီကိုတွင် ချိန်းထားသည့် အချိန်တွင် အတိအကျ ရောက်လာလျှင် လူရယ်စရာ ဖြစ်ပါသည်။
မကြမီတုန်းက လူမှုရေး စိတ္တဗေဒ ပညာရှင် ရောဘတ် လီဗိုင်းက ကာလပထဝီဝင် ဆိုသည့် စာအုပ် တအုပ်ကို ရေးခဲ့ပါသည်။
(စာအုပ်၏ အမည် အပြည့်အစုံမှာ “ကာလပထဝီဝင် လူမှုရေး စိတ္တဗေဒ ပညာရှင် တဦး၏ အချိန် ကမောက်ကမ ဖြစ်မှုများ သို့မဟုတ် ယဉ်ကျေးမှု အသီးသီးက အချိန်ကို ကွဲပြား သတ်မှတ်ကြပုံ” ဆိုသည့် စာအုပ် ဖြစ်ပါသည်။ စာမျက်နှာ ၂၅၈ မျက်နှာ။ ဘေ့ဆစ် စာအုပ်တိုက်။ တန်ဖိုး ၂၄ ဒေါ်လာ။)
ရောဘတ်လီဗိုင်းက အရှိန် (အချိန်) ၏ စိတ်ဝင်စားဖွယ် ကွဲပြား ခြားနားနေပုံကို ဖော်ပြထားပါသည်။
သူ၏ သုတေသန လက်ထောက်များသည် အများဆုံး နာရီတို့၏ တိကျ မှန်ကန်မှုကို တိုင်းတာရန်၊ မြို့လယ်ကောင်တွင် ခြေကျင် လျှောက်ရသူတို့ ပေ ၆၀ ခရီးရောက်ဖို့ မည်မျှ ကြာသည်ကို အချိန်မှတ်ရန်နှင့် စာတိုက်စာရေးတို့ တံဆိပ်ခေါင်း တလုံး ရောင်းဖို့ မည်မျှကြာသည်ကို အချိန်မှတ်ရန် ကမ္ဘာတဝန်းရှိ မြို့ကြီးများသို့ သွာခဲ့ကြပါသည်။
ဆွစ်ဇာလန်ပြည်တွင် နာရီများသည် ပျမ်းမျှအားဖြင့် ၁၉ စက္ကန့် နှေးကြပါသည်။ သို့မဟုတ် မြန်ကြပါသည်။ (ကွာကြပါသည်။)
ဘရာဇီးပြည်တွင် လူတယောက်က လီဗိုင်းအား ၂ နာရီ ၁၄ မိနစ် အတိအကျ ကြာမည်ဟု ပြောသော်လည်း ၃ နာရီ ကျော်ကျော် ကြာသွားပါသည်။
ဂျကာတာ ဗဟို စာတိုက်ကြီးတွင် လီဗိုင်းအား လမ်းဘေး နာရီ ရောင်းသူတို့ထံ ပို့လိုက်ပါသည်။
နယူးယောက် မြို့သူမြို့သားတို့သည် လမ်းသွား အမြန်တွင် ဆဋ္ဌမ လိုက်ပါသည်။
ဤနေရာတွင် တွေ့ရာနေရာမှ လမ်းဖြတ်ကူးသူတို့၏ နှုန်းကို ထည့်မတွက်ဟု လီဗိုင်းက ဝန်ခံပါသည်။
လီဗိုင်းက ကမ္ဘာကြီးသည် “ဥပါဒ်ကာလ” ပေါ်တွင် (အဖြစ်အပျက်ကို ဗဟိုပြုထားသည့် အချိန်) ပေါ်တွင် အမှီပြုနေသည်ဟု ဆိုသည်။
ပါရီတွင် လုပ်ငန်း အစည်းအဝေးတခုကို ညနေ ၃ နာရီတွင် သတ်မှတ်တတ်သည်။ သို့ရာတွင် ဘရွန်ဒီတွင်မူ နွား ရေသောက် ပြန်ချိန်တွင် တွေ့ဆုံတတ်သည်။
မာဒဂါးစကားတွင် အနီးဆုံးဈေး ဘယ်လောက် ဝေးသလဲဟု မေးလျှင် “ထမင်းအိုး တလုံးချက် ကြာလောက် သွားရသည်” ဟု ဖြေတတ်သည်။
မလေးကျွန်းဆွယ်တွင်မူ အားကစား ပြိုင်ပွဲများကို နာရီဖြင့် စံချိန် မတိုင်းဘဲ အုန်းသီးနာရီဖြင့် စံချိန် တိုင်းပါသည်။ အုန်းမှုတ်ခွက် ထက်ပိုင်းကို အပေါက် ဖောက်ထားပြီး ရေပေါ်တွင် မျှောထားပါသည်။
ရေပြည့်၍ နစ်သွားသည်နှင့် အချိန် စေ့သွားသည့် သဘော ဖြစ်ပါသည်။

မြန်မာပြည် မြောက်ပိုင်းမှ ကချင် လူမျိုးတို့တွင် အချိန်ဟူသော စကားလုံးကို ဘာသာပြန်ဆိုနိုင်သည့် တိုက်ရိုက် စကားလုံး မရှိပါ။
ဤအချက်ကို သဘောကျသွားပြီး နိုင်ငံခြားသို့ အလျင်စလို မသွားသင့်ပါ။ နာရီစွဲသည် ဖျောက်ဖျက်၍ တော်တော်ခက်ပါသည်။
နေထိုင်မှု ဘဝ အရှိန်သစ် တခုကို လေ့လာရခြင်းသည် နိုင်ငံခြား ဘာသာစကား တခုကို လေ့လာရသည်နှင့် အတူတူပင် ဖြစ်ပါသည်။
အချိန်မဲ့ နေထိုင်မှုတွင် အခွင့်မသာမှုတွေလည်း ရှိပါသည်။ အလုပ်သို့ ကိုယ်လာချင်သည့် အချိန်မှ လာပါသည်။ သို့ရာတွင် တယ်လီဖုန်း ပြောဖို့ တရက် နှစ်ရက်လည်း စောင့်ရပါသည်။
အမေရိကန် ပြည်ထောင်စုတွင် နေ့လယ်စာ ချိန်ထား၍ ပျက်ကွက်လျှင် စော်ကားသည်ဟု ယူဆပါသည်။
သို့ရာတွင် ကင်ညာတွင်မူ နေ့လယ်စာ ချိန်းထားသည့် အတိုင်း လာစဉ် လမ်းတွင် မိတ်ဆွေတယောက်နှင့် တွေ့သဖြင့် သူက အတင်း ထမင်းစား ခေါ်သောကြောင့် လိုက်သွားသည်ဟု ပြောလျှင် လုံးဝ ယုတ္တိ တန်သော ဆင်ခြေ ဖြစ်နေမည်။
ထို့နောက် နာရီ၏ ဝမ်းကွဲ ညီအစ်ကို ဖြစ်သည့် ပြက္ခဒိန် ရှိပါသည်။
အိန္ဒိယပြည် ကပ္ပလီကျွန်းစု တောထဲမှ ဌာနေတို့သည် ဆယ့်နှစ်လ ပြက္ခဒိန်ကို အသုံးမပြုကြပါ။ ရာသီကို သိချင်လျှင် ပန်းနှင့် ညှိကြပါသည်။ သစ်ပင်၏ ရနံ့ နှင့် သိကြပါသည်။
ကျနော်တို့ အနောက်တိုင်းသားများမှာမူ ကျနော်တို့ ယဉ်ကျေးမှု နရီစည်းချက် (နာရီ နှင့် ပြက္ခဒိန်) ကို လွန်စွာ အလေး ထားကြရာ တော်လှန်ရေးသမားများသည် သူတို့၏ အချိန်ဇယားကို လူ့အဖွဲ့အစည်းက လိုက်နာ ကျင့်သုံးရမည်ဟု တောင်းဆို ခဲ့ကြကြောင်းဖြင့် လီဗိုင်းက ထောက်ပြခဲ့ပါသည်။
ဥပမာ ၁၇၉၃ ခုနှစ်မှ စ၍ (၁၃ နှစ် လုံးလုံး) ပြင်သစ်ပြည်က လများကို ၁၀ ရက် တပတ်၊ ၃ ပတ် တလ ဟု သတ်မှတ်ပြီး ရက်များကိုလည်း ၂၄ နာရီ အစား ၁၀ နာရီ ယူနစ်များ အဖြစ် ပြောင်းခဲ့ပါသည်။
စတာလင်၏ လက်ထက်တွင် ရုရှား ပြည်၌ သီတင်း တပတ်လျှင် ၅ ရက်၊ ထို့နောက် ၆ ရက် ဟု ၁၁ နှစ် လုံးလုံး အတည်ပြု သတ်မှတ်ခဲ့ပါသည်။
အနောက်တိုင်းသည် မိနစ် နှင့် အမျှ နာရီကို ပို၍ ပို၍ ဦးစားပေးလာနေသည်ဟု လီဗိုင်းက ယူဆဟန် တူပါသည်။
နောက်ဆုံးပေါ် အဏုမြူ နာရီသစ်သည် အချိန် အလွန်တိကျပါသည်။ ယခုမှစ၍ နောင် နှစ်ပေါင်း ၁ သန်း အထိ အလွန်ဆုံး အချိန်ကွာလျှင် ၁ စက္ကန့်ထက် မပိုဟု ဆိုပါသည်။
ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် ဈေးသည်များသည် နာရီများကို လမ်းဘေးတွင် အော်ဟစ် ရောင်းနေကြပါသည်။ ဤသည်ကို ထောက်လျှင် နာရီ ကိုးကွယ်မှုသည် ဖွံ့ဖြိုးဆဲ နိုင်ငံများသို့ ပျံ့နှံ့သွားခဲ့ဟန် ရှိပါသည်။
သို့ရာတွင် အများစုမှာ အချိန် တိကျမှုထက် ဂုဏ်ပကာသနကို ရောင်းနေကြခြင်း ဖြစ်ပါသည်။
အချို့သော နာရီများမှာ နာရီ လက်တံများ မရွေ့သောကြောင့် ဖြစ်ပါသည်။ ။
ရည်ညွှန်း – Newsweek, July 7, 1997
(စာရေးဆရာကြီး မြသန်းတင့် မြန်မာပြန် ရေးသားသည့် ဤ ရသစာတမ်း (Literary Essay) ကို ချမ်းမြေ့ ရတနာ စာအုပ်တိုက်က ၂၀၀၅ ခုနှစ် ဇူလိုင်လတွင် ထုတ်ဝေသော “ခရမ်းလွန် နွေဦး၌ ဗျစ်ဆိုင်များ ကွယ်လွန်ခြင်း နှင့် သမိုင်း ပုံရိပ် အက်ဆေးများ ဒုတိယ အကြိမ်” စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီးသည် ၁၉၉၈ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက် အသက် ၆၉ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။)














