ထိုင်းပြည်သူတွေ ချစ်ခင်လေးစားရတဲ့ ပဉ္စမမြောက် ရာမ ဘုရင်ကြီး (ရာမ-၅) ချူလာလောင်ကွန်း (King Chulalongkorn) ရဲ့ နတ်ရွာစံ ကံတော် ကုန်တဲ့ နှစ်ပတ်လည်နေ့ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၃ ရက်နေ့မှာ ၁၁၅ နှစ်မြောက်ခဲ့ပါပြီ။
အဲဒီ အောက်တိုဘာ ၂၃ ရက်နေ့မှာ ထိုင်း တနိုင်ငံလုံး တရားဝင် ရုံးပိတ်ရက် ပြုလုပ်ပြီး နေရာစုံမှာ ဝမ်းနည်း အောက်မေ့ခြင်း အထိမ်းအမှတ် အခမ်းအနားတွေ၊ ဆုတောင်းပွဲတွေလည်း ကျင်းပကြပါတယ်။
ထိုင်းနိုင်ငံ မင်းဆက် (Chakri Dynasty) (King of Siam 1782-1939) ရဲ့ ၅ ယောက်မြောက် ဘုရင်ဖြစ်တဲ့ ချူလာလောင်ကွန်း ဘုရင်ကြီးဟာ သက္ကရာဇ် ၁၈၆၈ ခုနှစ်မှာ နန်းတက်ပြီး ၁၉၁၀ ပြည့်နှစ်မှာ နတ်ရွာစံ ကံကုန်ခဲ့ပါတယ်။
ထိုင်းနိုင်ငံမှာ ကျွန်စနစ်ကို စနစ်တကျ ဖျက်သိမ်းပေးခဲ့သူ၊ တိုင်းတပါး လက်အောက် ကိုလိုနီနိုင်ငံ အဖြစ် မကျရောက်အောင် ကာကွယ်ပေးခဲ့သူ၊ ခေတ်မီ နိုင်ငံတော်ဖြစ်အောင် ပြောင်းလဲမှုတွေ များစွာ ပြုလုပ်ပေးခဲ့သူ ဖြစ်ပြီး နိုင်ငံကို အတွေးသစ် အမြင်သစ်တွေ ယူဆောင် လာပေးခဲ့သူ ဘုရင်မင်းမြတ် ချူလာလောင်ကွန်းကို ထိုင်းပြည်သူတွေက ဒီနေ့ အချိန်ထိ သတိရ အောက်မေ့ပြီး ချစ်ခင် လေးစားနေဆဲ ဖြစ်ပါတယ်။

ငယ်ဘဝ ကတည်းက တိုင်းရေး ပြည်ရာ သင်ကြားရ
စတုတ္ထမြောက် ရာမ ဘုရင် မုန်းကွတ် (Mongkut) (ရာမ-၄) နဲ့ မိဖုရား Dhebsirin ရဲ့အကြီးဆုံး သားတော်ဖြစ်ပြီး ၁၈၅၃ ခုနှစ် စက်တင်ဘာလ ၂၀ ရက်နေ့မှာ ဘုရင် ချူလာလောင်ကွန်းကို ဖွားမြင်ပါတယ်။
ငယ်စဉ်တည်းက ခမည်းတော်ရဲ့ အားထားမှုကို ရရှိခဲ့သူဖြစ်ပြီး သားတော် သမီးတော်ပေါင်း ၈၂ ပါး ရှိတဲ့ အထဲက ဘုရင် ချူလာလောင်ကွန်းကို အသက် ၇ နှစ် အရွယ်တည်းက အပါးတော်မှာ ခေါ်ထားခဲ့တာ ဖြစ်ပါတယ်။
အသက် ၇ နှစ်အရွယ်မှာ ပညာ စတင် သင်ကြားစေခဲ့ပြီး မင်းသားတို့ တတ်အပ်တဲ့ ပညာရပ်တွေအပြင် အနောက်တိုင်း ဆရာတွေနဲ့ပါ သင်ကြားစေခဲ့ပါတယ်။
အဲဒီလို သင်ကြားပေးခဲ့သလို ညီလာခံကို ပုံမှန်ခေါ်သွားပြီး တိုင်းရေး ပြည်ရာတွေကိုလည်း လေ့လာစေခဲ့ပါတယ်။

မမျှော်လင့်ဘဲနဲ့ ထီးနန်း ဆက်ခံခဲ့ရ
၁၈၆၈ ခုနှစ်မှာ မုန်းကွတ် ဘုရင်ကြီးဟာ သားတော် ချူလာလောင်ကွန်းကို ခေါ်ပြီး နေကြတ်မယ် ဆိုတဲ့ သူ့ရဲ့ ခန့်မှန်းချက် မှန်မမှန် လေ့လာဖို့ ဘန်ကောက်မြို့ အနီး ဟွာဟင် (Hua Hin) တောင်ဘက်မှာ ရှိတဲ့ ဝါကို (Wa Ko) ကို သွားခဲ့ကြ ပါတယ်။
ဘုရင်ကြီးရဲ့ ခန့်မှန်းချက် မှန်ကန်ခဲ့ပေမယ့် သူရော သားတော် ချူလာလောင်ကွန်းပါ ငှက်ဖျားရောဂါ ခံစားခဲ့ရပြီး ၁၈၆၈ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှာ မုန်းကွတ် ဘုရင်ကြီး နတ်ရွာစံ ကံတော်ကုန်ပါတယ်။
မင်းညီ မင်းသားတွေ၊ မှူးမတ်တွေနဲ့ ဘုန်းတော်ကြီးတွေ ပါဝင်တဲ့ ထီးနန်း ဆက်ခံခြင်း ဆိုင်ရာ ကောင်စီက တညီတညွတ်တည်း ချူလာလောင်ကွန်းကို ထီးနန်းဆက်ခံဖို့ တောင်းဆိုခဲ့တာကြောင့် အသက် ၁၅ နှစ် အရွယ်မှာ ဘုရင်အဖြစ် ထီးနန်းဆက်ခံခဲ့ပါတယ်။
ငယ်ရွယ်သေးတာကြောင့် ညီလာခံ ကောင်စီရဲ့ ဦးဆောင်သူ Chaophraya Sri Suriyawong က ဘုရင် ချူလာလောင်ကွန်း အသက် ၂၀ ပြည့်သည်အထိ တိုင်းပြည်ကို စီမံခန့်ခွဲပေးခဲ့ပါတယ်။
ချူလာလောင်ကွန်း ဘုရင်ကြီးမှာ တော်ဝင်မိဖုရား ၄ ပါးရှိပြီး အားလုံးဟာ ဖအေတူ မအေကွဲ မောင်နှမ တော်စပ်သူတွေ ချည်းပါပဲ။

ကျွန်စနစ် ဖျက်သိမ်းခြင်း၊ အခွန်ဘဏ္ဍာ စိစစ်မှု နဲ့ ပြုပြင် ပြောင်းလဲရေးများ
ဘုရင်ကြီး ချူလာလောင်ကွန်းဟာ နန်းတက်စ ၁၈၇၁ ခုနှစ်မှာ ဗြိတိသျှကိုလိုနီ မလေးယား ကျွန်းဆွယ်နဲ့ ဒတ်ချ် ကိုလိုနီ အင်ဒိုနီးရှား၊ ၁၈၇၂ မှာ မလေးယား၊ မြန်မာနဲ့ အိန္ဒိယ တို့ကို အုပ်ချုပ်ရေးနဲ့ စီမံခန့်ခွဲမှုတွေ လေ့လာဖို့ သွားရောက်ခဲ့ပါတယ်။
ငယ်ရွယ်တဲ့ ဘုရင်တပါး အနေနဲ့ ပြုပြင်ပြောင်းလဲရေးတွေကို ရဲရဲတင်းတင်း ပြုလုပ်ခဲ့ရာ ပထမဆုံး ပြုလုပ်ခဲ့တာကတော့ စာရင်းစစ်ရုံး ဖွဲ့ခဲ့တာပဲ ဖြစ်ပါတယ်။
တိုင်းပြည်ရဲ့ အခွန်ဘဏ္ဍာတွေဟာ မှူးမတ်တွေနဲ့ ဝန်ကြီးတွေရဲ့ ကြွယ်ဝချမ်းသာလာမှု အဓိက အကြောင်းရင်း ဖြစ်နေလို့ အဂတိတွေကို သေချာ စိစစ်ကြပ်မတ် ဆောင်ရွက်မှုကြောင့် မှူးမတ်တွေရဲ့ မကျေနပ်မှုတွေကိုလည်း ရင်ဆိုင်ခဲ့ရပါ သေးတယ်။
ကျွန်စနစ်ကိုလည်း ဖျက်သိမ်းပေးခဲ့ပါတယ်။ ကျွန်စနစ် ဖျက်သိမ်းရာက စခဲ့တဲ့ အမေရိကန် ပြည်တွင်းစစ်ကို နမူနာယူပြီး အမှားအယွင်း မဖြစ်ရအောင် စနစ်တကျနဲ့ တဆင့်ချင်း လုပ်ဆောင်ခဲ့တာပါ။
သူ့ရဲ့ နိုင်ငံအတွက် ပြုပြင် ပြောင်းလဲမှုတွေဟာ အနောက်နိုင်ငံတွေကို နမူနာယူ ဆောင်ရွက်ခဲ့တာ ဖြစ်ပြီး နိုင်ငံတော်ရဲ့ ရှင်သန် ရပ်တည်ရေး အတွက် မရှိမဖြစ် အရေးပါတယ်လို့ ခံယူထားခဲ့တာ ဖြစ်ပါတယ်။
၁၈၈၀ ပြည့်နှစ်တွေမှာ နိုင်ငံရဲ့ ခေတ်နောက်ကျနေတဲ့ အုပ်ချုပ်ရေးကို တဖြည်းဖြည်း စတင် ပြောင်းလဲခဲ့ပြီး ၁၈၉၂ ခုနှစ် မှာတော့ ဝန်ကြီးဌာန ၁၂ ခုနဲ့ စနစ်တကျ ဖွဲ့စည်းခဲ့ပါတယ်။
ဒါ့အပြင် ချူလာလောင်ကွန်း ဘုရင်ကြီးဟာ ဘုရင်မင်းမြတ်အား ရှိခိုး ဝပ်တွားခြင်း ဓလေ့ကိုလည်း ဖျက်သိမ်းပေးခဲ့တဲ့ ဘုရင် ဖြစ်ပါတယ်။
ငယ်စဉ်ကတည်းက ပညာ သင်ကြားခြင်းကို အားပေးခဲ့တဲ့ ခမည်းတော်ကြောင့် သူ့လက်ထက်မှာလည်း အိမ်ရှေ့စံ မင်းသားကို ဥရောပ နိုင်ငံတွေထိ စေလွှတ်ပြီး ပညာသင်စေခဲ့တာပါ။
အိမ်ရှေ့စံကို တိုင်းတပါးထံ ပညာသင်စေလွှတ်မှုကို ပထမဆုံး လုပ်ဆောင်ခဲ့တာ ဖြစ်ပြီး ထိုင်းနိုင်ငံရဲ့ ပထမဆုံး ရထားလမ်း၊ ပထမဆုံး လျှပ်စစ် ဓာတ်အားပေး စက်ရုံတို့ကို တည်ဆောက်ပေးခဲ့ပြီး လမ်းမကြီးတွေကိုလည်း လျှပ်စစ်မီးနဲ့ လင်းထိန်စေခဲ့သူ ဖြစ်ပါတယ်။

ကိုလိုနီ မဖြစ်ရေးလည်း ကြိုးပမ်းခဲ့
သူအုပ်စိုးစဉ် ကာလမှာ ဒေသတွင်း တိုင်းပြည်တွေ အားလုံးနီးပါးဟာ တိုင်းတပါးရဲ့ ကိုလိုနီ လက်အောက်ကို တစိတ်တပိုင်း ဖြစ်စေ၊ တနိုင်ငံလုံး ဖြစ်စေ ကျရောက်နေခဲ့တာပါ။
အပြိုင်အဆိုင် ကိုလိုနီနယ်ချဲ့နေတဲ့ အနောက် နိုင်ငံတွေက ထိုင်းကိုလည်း အလွတ်မပေးခဲ့ပါဘူး။
ဘုရင် ချူလာလောင်ကွန်း လက်ထက်မှာ အဲဒီအချိန်က ထိုင်းလက်အောက်ခံ လာအိုနဲ့ ကမော္ဘဒီးယား အနောက်ပိုင်းကို ပြင်သစ် ထံ၊ မလေးရှား ပြည်နယ် ၄ ခုကို ဗြိတိသျှတွေထံ လက်လွှတ် ပေးခဲ့ရပေမယ့် နိုင်ငံရဲ့ နယ်မြေ အားလုံးကိုတော့ ကိုလိုနီ လက်အောက် မကျရောက်အောင် ကာကွယ်ထားနိုင်ခဲ့ပါတယ်။
ချူလာလောင်ကွန်း ဘုရင်ကြီးဟာ ဥရောပခရီးစဉ်လည်း ၂ ကြိမ် သွားခဲ့ပါသေးတယ်။
ဘဝနိဂုံး
ချူလာလောင်ကွန်း ဘုရင်ကြီးဟာ ၁၉၁၀ ပြည့်နှစ် အောက်တိုဘာလ ၂၃ ရက်နေ့ သက်တော် ၅၇ နှစ် အရွယ်မှာတော့ ကျောက်ကပ် ရောဂါနဲ့ နတ်ရွာစံ ကံတော် ကုန်ခဲ့ပါတယ်။
နတ်ရွာ စံပြီးတဲ့နောက် ဆဌမမြောက် ရာမ ဘုရင် (ရာမ-၆) အဖြစ် သားတော် Vajiravudh က နန်းတက်ခဲ့ပါတယ်။
ချူလာလောင်ကွန်း ဘုရင်ကြီးဟာ သူ့လက်ထက်မှာ လာအို၊ ကမော္ဘဒီးယား တို့လို လက်အောက်ခံ နိုင်ငံတွေကို စွန့်လွှတ်ခဲ့ရမှု၊ ပြည်နယ်တွေ ဖွဲ့စည်းပြီး အာဏာကုန် အုပ်ချုပ်မှုတွေကြောင့် ထိုင်းရဲ့ စည်းမျဉ်းခံ ဘုရင်စနစ် စတင်ဖို့ နှေးကွေးခဲ့တယ် ဆိုပြီး ထင်မြင်မှုတွေ ရှိခဲ့ပေမယ့်လည်း တိုင်းပြည်နဲ့ တိုင်းသူပြည်သားတွေ အတွက် ဆောင်ရွက်ပေးခဲ့ မှုတွေကြောင့် နတ်ရွာစံပြီး ချိန်မှာလည်း ထိုင်းပြည်သူတွေ အားလုံးက ချစ်ခင် လေးစားနေကြဆဲ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံရဲ့ ပထမဆုံး တက္ကသိုလ် ဖြစ်တဲ့ ၁၉၁၇ ခုနှစ်မှာ ဖွင့်လှစ်ခဲ့ပြီး ချူလာလောင်ကွန်း တက္ကသိုလ် လို့ သူ့အမည်ကို ဂုဏ်ပြု ပေးခဲ့တာကို ကြည့်ရင် သိနိုင်ပါတယ်။
မဟာချူလာလောင်ကွန်း တက္ကသိုလ် ဟာ အခုအချိန် ထိုင်းနိုင်ငံရဲ့ ထိပ်တန်း တက္ကသိုလ်ကြီး တခုလည်း ဖြစ်ပါတယ်။
ထိုင်းကြက်ခြေနီ အသင်းက တည်ဆောက်တဲ့ ဆေးရုံကိုလည်း King Chulalongkorn Memorial Hospital လို့ အမည် ပေးခဲ့ကြပါတယ်။
အခု ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့ဟာ ချူလာလောင်ကွန်း ဘုရင်ကြီး နတ်ရွာစံ နှစ်ပတ်လည် ၁၁၅ နှစ်မြောက် ဖြစ်ပြီး နှစ်ပေါင်း ၁၀၀ ကျော်ခဲ့ပြီ ဖြစ်ပေမယ့်လည်း ထိုင်းပြည်သူတွေကတော့ သူတို့ရဲ့ ဘုရင်ကြီးကို လေးစား ချစ်ခင်ပြီး အောက်မေ့ သတိရနေဆဲပဲ ဖြစ်ပါတယ်။ ။
Ref :
၁။ Wikipedia
၂။ Britannica
၃။ အင်တာနက် အွန်လိုင်း စာစုများ














