ပြည်တွင်းရှိ အဆင့်မြင့်မော်တော်ယာဉ်များ အသုံးပြုနေသည့် အောက်တိန်း ၉၅ စက်သုံးဆီနေရာတွင် အဆင့်မြင့် စက်သုံးဆီ အောက်တိန်း ၉၇ အမျိုးအစားကို တင်သွင်းရန်စီစဉ်နေကြောင်း မြန်မာနိုင်ငံ စက်သုံးဆီ လုပ်ငန်းရှင်များ အသင်းမှ သိရသည်။
“ ဈေးကွက် လိုအပ်ချက်လည်း ပိုများလာနေတယ်။ အောက်တိန်း ၉၅ ဆီက နယ်စပ်ကနေ သွင်းရတယ်။ သူအစား အောက်တိန်း ၉၇ ကို ပင်လယ်ရေကြောင်းက သွင်းမယ်။ ၉၇ ဓာတ်ဆီက ငွေကြေးတတ်နိုင်သူတွေ သုံးတယ်” ဟု မြန်မာနိုင်ငံ စက်သုံးဆီ လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးဝင်းမြင့်က ဆိုသည်။
လက်ရှိအချိန်၌ အောက်တိန်း ၉၅ စက်သုံးဆီ ဝယ်ယူတင်သွင်းရာ၌ နယ်စပ်မှတဆင့် တင်သွင်းရမှုများပြီး၊ ဝယ်ယူရာ၌ ပေးသင့်သည့်ဈေးထက် ပိုမိုပေးနေရသည့်အပြင် အဆင့်မြင့်မော်တော်ယာဉ်များအတွက် အဆင့်မြင့်စက်သုံးဆီ လိုအပ်မှုများ ရှိလာခြင်းကြောင့် အောက်တိန်း ၉၇ စက်သုံးဆီကို အစားထိုးတင်သွင်းရန် စီစဉ်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“အောက်တိန်း ၉၅ ကနေ ၉၇ ဆိုတော့ ဆီစကားနဲ့ပြောရင် ၂ မှတ် တိုးလာတာပေါ့။ အခု တင်သွင်းဖို့ ရည်ရွယ်ထားတဲ့ ဆီအမျိုးအစားက ဆာဖာပါဝင်မှုနှုန်း နည်းသွားတော့ ပတ်ဝန်းကျင် ညစ်ညမ်းမှုအတွက်ပါ လျှော့ချနိုင်တယ်”ဟု ဦးဝင်းမြင့် ဆက်ပြောသည်။
အစားထိုးတင်သွင်းမည့် အောက်တိန်း ၉၇ စက်သုံးဆီကို ပင်လယ်ရေကြောင်းမှတဆင့် တင်သွင်းမည်ဖြစ်ရာ လက်ရှိတွင် ဆီသင်္ဘောများ ဆိုက်ကပ်ဝင်ရောက်နိုင်မှုသည့် ကန့်သတ်ချက်များ ရှိနေသေးကြောင်း ၎င်းက ဆိုသည်။
အဆင့်မြင့်စက်သုံးဆီများ တင်သွင်းခွင့်နှင့် ပတ်သက်ပြီး မော်တော်ယာဉ်၏ အင်ဂျင်ပါဝါ ပိုကောင်းလာနိုင်ခြေ၊ ဆီစားနှုန်း သက်သာနိုင်ခြေ၊ ဆီဈေးနှုန်း သက်သာနိုင်ခြေ၊ ပတ်ဝန်းကျင် ညစ်ညမ်းမှု သက်သာနိုင်ခြေ ရှိမရှိစသည့် အချက်အလက်များကို မြန်မာနိုင်ငံ စက်သုံးဆီလုပ်ငန်းရှင်များအသင်းက ကောက်ယူပြီး သက်ဆိုင်ရာဝန်ကြီးဌာနသို့ တင်ပြမည်ဖြစ်ကြောင်း ဦးဝင်းမြင့်က ပြောသည်။
ထိုအပြင် ပြည်တွင်း၌ လက်ရှိတင်သွင်းရောင်းချနေသည့် အောက်တိန်း ၉၂ ဓာတ်ဆီအစား အဆင့်ပိုမြင့်သည့် အောက်တိန်း စက်သုံးဆီ ၉၂ အမျိုးအစားကို တင်သွင်းသွားရန် သက်ဆိုင်ရာဝန်ကြီးဌာနသို့ တင်ပြသွားမည်ဟု သိရသည်။
လက်ရှိတင်သွင်းနေသည့် အောက်တိန်း ၉၅ စက်သုံးဆီတွင် ဆာလ်ဖာပါဝင်မှုနှုန်း ၃၀၀ အထိရှိပြီး၊ အောက်တိန်း ၉၅ စက်သုံးဆီကို နယ်စပ်လမ်းကြောင်းမှတဆင့် တင်သွင်းရခြင်းကြောင့် ရောင်းချသည့်ဈေးနှုန်းမှာ အမြင့်ဈေးဖြင့် ပေးဝယ်နေရကြောင်း သိရသည်။
မြန်မာနိုင်ငံ စက်သုံးဆီလုပ်ငန်းရှင်များ၏ မှတ်တမ်းများအရ ပြီးခဲ့သည့် ၂၀၁၅ ဘဏ္ဍာနှစ်တွင် ခန့်မှန်းခြေအားဖြင့် အောက်တိန်း ၉၂ စက်သုံးဆီ ပြည်တွင်းသို့ တင်သွင်းခဲ့သောပမာဏမှာ တန်ချိန် ၁၂၀,၀၀၀ သွင်းခဲ့ကြောင်းနှင့် ဒီဇယ်ဆီ တင်သွင်းမှုပမာဏမှာ တန်ချိန် ၂ သိန်း တင်သွင်းခဲ့ကြောင်း သိရသည်။
လက်ရှိ စက်သုံးဆီဈေးကွက်အတွင်း ဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်းများမှာ ဒီဇယ် ၁ လီတာလျှင် ကျပ် ၆၅၀၊ အောက်တိန်း ၉၂ စက်သုံးဆီ ၁ လီတာလျှင် ကျပ် ၆၅၅ ကျပ်နှင့် အောက်တိန်း ၉၅ စက်သုံးဆီ ၁ လီတာလျှင် ကျပ် ၇၀၅၊ ပရီမီယံဒီဇယ် ၁ လီတာလျှင် ကျပ် ၆၈၀ ဖြင့် ရောင်းချလျက် ရှိသည်။