လျှပ်စစ်နှင့်နည်းပညာပစ္စည်းများ ဖြန့်ဖြူးနေတဲ့ OPPO ကုမ္ပဏီမှ စမတ်ဖုန်းများအတွက် ကမ္ဘာ့ပထမဆုံး အဝေးမှ အရာဝတ္ထုများကို မှန်ဘီလူးဖြင့် အနီးအဝေး ချိန်ဆပြီး ရိုက်ကူးနိုင်မယ့် နည်းပညာ “5x Dual Camera Zoom” ကင်မရာကို မတ်လ ၂ ရက်နေ့က စပိန်နိုင်ငံ၊ ဘာစီလိုနာမြို့မှာ ကျင်းပခဲ့တဲ့ Mobile World Congress (MWC) 2017 အခမ်းအနားမှာ စတင်မိတ်ဆက်ခဲ့ပါတယ်။
အဆိုပါ နည်းပညာအတွက် OPPO မှ ကျွမ်းကျင်ပညာရှင်များ ၁ နှစ်နီးပါး အချိန်ယူ ပြင်ဆင်ခဲ့ကြပြီး ယခုအခါ OPPO မှ ထုတ်လုပ်မယ့် စမတ်ဖုန်းတွေမှာ ယင်း ကင်မရာ နည်းပညာကို ထည့်သွင်းနိုင်ဖို့ စတင်ပြင်ဆင်နေကြပြီလို့ သိရပါတယ်။
“5x Dual Camera Zoom” နည်းပညာဟာ ကင်မရာမှ Zoom ကို ၅ ဆအထိ ဆွဲယူရိုက်ကူးနိုင်ပြီး ရုပ်ထွက်အား ပိုမို ကြည်လင်မယ့်အပြင် ပါးလွှာတဲ့ ဒီဇိုင်းနဲ့ ပြုလုပ်ထားတာ ဖြစ်ပါတယ်။ ယင်း နည်းပညာဟာ အရာဝတ္ထုများရဲ့ အကွာအဝေးကို ၅ ဆ အထိ ဆွဲယူနိုင်တဲ့ ရေငုပ်သဘောၤများမှာ တပ်ဆင်ထားတဲ့ အဝေးကြည့် မှန်ပြောင်းများရဲ့ လုပ်ဆောင်မှုများအပေါ် အခြေခံ ပုံဖော်ထားတဲ့ နည်းပညာလို့ သိရပါတယ်။
အဆိုပါ ကင်မရာနည်းပညာဟာ ကင်မရာအတွင်း အသေးစိတ်မြင်ကွင်းကျယ်ကို ၉၀ ဒီဂရီ အထိ ကျယ်ပြန့်စွာ လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ ယင်း နည်းပညာသစ်မှာ ပါဝင်မယ့် Dual-Camera များဟာ ယခုအခါ 5.7 mm သာ အထူရှိမှာဖြစ်ပြီး ပုံမှန် စမတ်ဖုန်းများမှာ အသုံးပြုနေတဲ့ မြင်ကွင်း ၂ ဆ ဆွဲယူ မှန်ဘီလူးထက် ၁၀ ရာခိုင်နှုန်း ပိုမို ပါးလွှာစေမယ်လို့ သိရပါတယ်။
ပုံမှန် စမတ်ဖုန်းများမှာ တပ်ဆင်လေ့ရှိတဲ့ ကင်မရာများကတော့ အဝေးမှ အရာဝတ္ထုများကို အနီးသို့ Zoom ဆွဲယူချိန်မှာ မြင်ကွင်းများ ဝေဝါးသွားလေ့ရှိပေမယ့် “5x Dual Camera Zoom” နည်းပညာကတော့ မြင်ကွင်းကို အနီးကပ် ဆွဲယူတဲ့အချိန်နဲ့ လှုပ်ရှားနေတဲ့ အရာများကို ရိုက်ကူးနေချိန်မှာ ဖြစ်ပေါ်လေ့ရှိတဲ့ မြင်ကွင်းဝေဝါးမှုများကို ကာကွယ်နိုင်တဲ့ Optical Image Stabilization (OIS) နည်းပညာ ထည့်သွင်း အသုံးပြုထားတယ်လို့ သိရှိရပါတယ်။
အခြားသော စမတ်ဖုန်းများမှာ အဲဒီနည်းပညာကို မြင်ကွင်းကျယ် မှန်ဘီလူးများမှာသာ အသုံးပြုနိုင်သေးပေမယ့် OPPO ကတော့ OIS နည်းပညာကို Telephoto မှန်ဘီလူးထဲမှာ တိုက်ရိုက်ထည့်သွင်း အသုံးပြုနိုင်တဲ့ နည်းပညာကို စတင် လိုက်တာ ဖြစ်ပါတယ်။
OIS နည်းပညာဟာ ကင်မရာမှာ ပါဝင်တဲ့ အလင်းပေါက်နဲ့ မှန်ဘီလူး ၂ ခုစလုံးဟာ လှုပ်ရှားနေတဲ့ အရာများကို ထိထိမိမိ ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ အဆိုပါ နည်းပညာကြောင့် ၅ ဆ ကွာဝေးတဲ့နေရာမှ အရာများကို ဆွဲယူ ရိုက်ကူးတယ် ဆိုပေမယ့် ကင်မရာ အရည်အသွေး ကြည်လင်ပြတ်သားစွာ ရိုက်ကူးနိုင်မှာပဲ ဖြစ်ပါတယ်။