IT

OPPO နဲ့ အတူ လေ့လာခွင့်ရခဲ့တဲ့ “Oppo စမတ်ဖုန်း စက်ရုံ ခရီးစဉ်”

Want create site? Find Free WordPress Themes and plugins.

OPPO စမတ်ဖုန်းကုမ္ပဏီရဲ့ ဖိတ်ခေါ်မှုနဲ့ ပြီးခဲ့တဲ့တပတ် ဇန်နဝါရီလ ၁၅ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရှန်ကျန်းမြို့(Shenzhen) ကို အလည်ရောက်ရှိခဲ့ပါတယ်။ ရှန်ကျန်းမြို့ဟာ တရုတ်နိုင်ငံ အရှေ့တောင်ပိုင်းမှာ တည်ရှိတာဖြစ်ပြီး ကျွန်းစွယ်မြို့တော် ဟောင်ကောင်နဲ့ ဆက်သွယ်ထားတဲ့ ခေတ်သစ်မြို့ကြီးတခု ဖြစ်ပါတယ်။ ရှန်ကျန်းမြို့ဟာ စက်မှုထွန်းကားတဲ့ မြို့တမြို့ပါ။

မြန်မာနိုင်ငံ ဒေသစံတော်ချိန် နံနက် ၉ နာရီ ၄၀ လေယာဉ်နဲ့ ဘန်ကောက်ကို ရောက်ရှိခဲ့ပြီး ဘန်ကောက်ကနေ ရှန်ကျန်းမြို့ကို လေယာဉ်တဆင့်ထပ် စီးခဲ့ရပါတယ်။ ရှန်ကျန်းမြို့ကို ဒေသစံတော်ချိန် ညနေ ၆ နာရီ ၂၀ မိနစ်မှာ ရောက်ရှိခဲ့ပြီး ရောက်တယ်ဆိုရင်ပဲ ရာသီဥတုက သိသိသာသာ ပိုအေးလာပါတယ်။

အအေးချိန် ၁၅ ဒီဂရီ Celsius ဝန်းကျင် အအေးက ပြင်ဦးလွင်သား ကျနော့်အတွက် သိပ်ပြီး ထူးထူးခြားခြား မအေးလှပါဘူး။ ရှန်ကျန်းလေဆိပ်ကနေ တည်းခိုဖို့ရန်အတွက် မြို့ထဲက Kempinski Hotel ကို တနာရီကျော်ခန့် မောင်းနှင်ရပါတယ်။ ဟိုတယ်မှာ အထုတ်တွေချ Check-in လုပ်ပြီး ညစာကို ဟိုတယ်အနီးက Coast City Mall မှာ စားခဲ့ကြပါတယ်။

ရှန်ကျန်းမြို့မှာ ပထမဆုံးစားတဲ့ ညစာက တရုတ်နိုင်ငံ စီချွမ်ဒေသဘက်ကလာတဲ့ အစားအစာတွေပါ။ အရသာက အချို၊ အစပ်ကဲပြီး ပါးစပ်မှာ ထုံကျန်နေတဲ့ အရသာ ထုံထုံစပ်စပ်ပါ။ ညစာစားပြီး ဟိုတယ်မှာ တညအိပ် တည်းခို အနားယူပါတယ်။ နောက်တနေ့ မနက်မှာတော့ Coast City Mall ထဲက OPPO စမတ်ဖုန်း Showroom ကို အရင်ဆုံး ဝင်ရောက် လေ့လာခဲ့ပါတယ်။

ရှန်ကျန်းက OPPO Showroom မှာ လေ့လာခဲ့ရတဲ့ စမတ်ဖုန်းအချို့ကတော့ မြန်မာနိုင်ငံမှာ မတွေ့ရတဲ့ Oppo စမတ်ဖုန်း မော်ဒယ် အမျိုးအစားအချို့ပါ။ အဲဒီထဲမှာ သတိထားမိတာက Oppo R11s, R11, A79 စတဲ့ ဖုန်းတွေ ဖြစ်ပါတယ်။

“Red, Black, Champagne” စတဲ့ အရောင် ၃ မျိုးနဲ့ ထုတ်လုပ်ထားတဲ့ ဒီ စမတ်ဖုန်းတွေက ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလအတွင်းမှာ ထွက်ရှိထားတာ ဖြစ်ပါတယ်။ R11s မှာ RAM 4GB, Internal Memory 64GB ပါဝင်ပြီး CPU အရည်အသွေး Octa-core (4×2.2 GHz Kryo 260 & 4×1.8 GHz Kryo 260) Processor နဲ့ ဈေးနှုန်းက တရုတ်ယွမ်ငွေ ၃၁၉၉ ယွမ် (မြန်မာငွေ ၆ သိန်း ၇ သောင်းကျော်) ခန့်ကျသင့်တယ်လို့ သိရပါတယ်။

မျက်နှာပြင်အရွယ်အစား ၆.၀၁ လက်မရှိတဲ့ OPPO A79 စမတ်ဖုန်းက RAM 4GB, Internal Storage 64 GB နဲ့အတူ Front Camera 16 Mega pixel အရည်အသွေးရှိပြီး CPU အရည်အသွေး 2.5 GHz Octa-core Processor အသုံးပြုထားပါတယ်။ Oppo A79 ကို အရောင်အားဖြင့် အပြာ၊ အနက်၊ Champagne Gold စတဲ့ အရောင် ၃ မျိုးနဲ့ ရရှိနိုင်ပြီး ဈေးနှုန်းအနေနဲ့ တရုတ်ယွမ်ငွေ ၂၀၉၉ ယွမ် (မြန်မာငွေ ၄ သိန်း ၄ သောင်းကျော်) ရှိတယ်လို့ သိရပါတယ်။

OPPO စမတ်ဖုန်း Showroom ကို လေ့လာပြီး ရှန်ကျန်းမှာရှိတဲ့ OPPO HQ ရုံးချုပ်ကို သွားရောက် လေ့လာ ခဲ့ပါတယ်။ Oppo ရုံးချုပ်မှာ ဝန်ထမ်းတွေရဲ့ အလုပ်လုပ်ရာနေရာ၊ အစည်းအဝေးခန်းများ၊ Gym နေရာများ၊ Canteen များ စတဲ့ လုပ်ငန်းခွင်မှ နေရာများကို လေ့လာခဲ့ကြပြီး Oppo ရဲ့ Selfie အသားပေးကင်မရာ စမတ်ဖုန်းများ စတင်ထုတ်လုပ်ဖြစ်ခဲ့ပုံများအကြောင်း Workshop တခုကိုတက်ရောက် နားထောင်ခဲ့ရပြီး သိရှိခဲ့ရပါတယ်။

Oppo ဖုန်းတွေမှာ Beautify Features စပြီး ထည့်သွင်းလာတဲ့ Beautify 1.0 ကနေ 2.0, 3.0, 4.0 အထိ Oppo U701, Ulike2, N3, R9 စတဲ့ စမတ်ဖုန်းတွေ အဆင့်ဆင့် ပြောင်းလဲလာပြီး Oppo R9s မှာဆိုရင် SONY နဲ့အတူ ပူးပေါင်းထုတ်တဲ့ ၄၀ ရာခိုင်နှုန်းအထိ Focusing Speed ပိုမိုမြန်ဆန်လာတဲ့ စမတ်ဖုန်းကင်မရာတွေအကြောင်း သိခဲ့ရပါတယ်။

ဒါ့အပြင် Oppo ရဲ့ Milestones တွေဖြစ်တဲ့ ၂၀၁၁ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း တနှစ်ပြီးတနှစ် ထွက်ရှိခဲ့တဲ့ စမတ်ဖုန်း မော်ဒယ်အသစ်များ အဆင့်ဆင့် ပြောင်းလဲထုတ်လုပ်ခဲ့ပုံတွေကို လေ့လာမှတ်သားရပါတယ်။ တနှစ်ပြီးတနှစ် Selfie ကင်မရာအရည်အသွေး၊ လူငယ်ကြိုက် ပုံစံဒီဇိုင်းများ ထုတ်လုပ်လာခဲ့တဲ့ Oppo ဟာ နောက်နှစ်များမှာလည်း ဖုန်းကင်မရာနဲ့ ပတ်သက်ပြီး ထူးခြားတဲ့ တီထွင် ထုတ်လုပ်မှုတွေ ပြုလုပ်သွားဦးမယ်လို့ ဆိုပါတယ်။

OPPO ဟာ ၂ဝ၁၂ ခုနှစ် လောက်ကစပြီး Beautify Mode ကို စတင်မိတ်ဆက်ပေးခဲ့တာဖြစ်ပြီး လက်ရှိ အချိန်ထိလည်း Beautify Mode ကို နောက်ထပ်အဆင့်မြှင့်တင်ပေးခဲ့တာ Version 4.0 ကိုရောက်ရှိ လာခဲ့သလို နောက်ထပ် နည်းပညာအသစ်ဖြစ်တဲ့ A.I. Beauty Recognition Technology ကိုပါ လက်ရှိထုတ်ကုန်တွေဖြစ်တဲ့ OPPO F5 Youth နဲ့ OPPO F5 စမတ်ဖုန်းတွေမှာပါ ထည့်သွင်းပေးထားတာ တွေ့ရပါတယ်။

Workshop ပြီးသွားတဲ့နောက် စမတ်ဖုန်း ကောင်တာမှာ ပြထားတဲ့ Oppo စမတ်ဖုန်းအချို့ကို စမ်းသပ် ကိုင်တွယ် အသုံးပြုခဲ့ကြပါတယ်။ နောက်တရက်မှာတော့ Oppo ရဲ့ စိတ်ဝင်စားစရာ Factory Tour (Oppo စမတ်ဖုန်း စက်ရုံ လေ့လာရေး ခရီးစဉ်) ကို စတင်ခဲ့ပါတယ်။

“Oppo Factory Tour” ခရီးစဉ်မှာ စမတ်ဖုန်းတလုံး ထုတ်လုပ်ပုံ၊ စမတ်ဖုန်းတလုံးမှာ ပါဝင်တဲ့ စက်ပစ္စည်း ကိရိယာ Chipset များကိုအသေးစိတ် တပ်ဆင်ပုံ၊ တပ်ဆင်ပြီးသား စမတ်ဖုန်းများကို အဆင့်ဆင့် စမ်းသပ်မှုများ ပြုလုပ်ပြီး နောက်ဆုံးအဆင့် စမတ်ဖုန်း ထုတ်လုပ်ပုံ စတာတွေကို အသေးစိတ် လေ့လာခဲ့ကြပါတယ်။

“ပုံမှန်ဆိုရင်တော့ ကျနော်တို့ စမတ်ဖုန်း တလုံးကို လက်ရှိကိုင်တွယ် အသုံးပြုနေတာ တွေ့ရမယ်။ သို့သော် ဒီစမတ်ဖုန်းတလုံးရဲ့ အစအဆုံး ဘယ်လို ထုတ်လုပ်ပြီး လုပ်ဆောင်မလဲ ဆိုတဲ့ အကြောင်းကိုတော့ ဒီစက်ရုံကို လည်ပတ်ပြီးတဲ့ အချိန်မှာ အားလုံး သိရှိသွားမယ်လို့ ကျနော်တို့ လုံးဝ ယုံကြည်ပါတယ်” လို့ OPPO Myanmar ရဲ့ PR Specialist ကိုဝေဖြိုးအောင်က ဧရာဝတီကို ပြောပါတယ်။

“ထုတ်လုပ်တဲ့ အဆင့်ဆင့် အပိုင်းမှာ Quality Control နဲ့ Resurgent Development ကနေ ဆင်းသက် လာရာကနေ Quality Control အပိုင်း တွေက အစိတ်ပိုင်းတိုင်းမှာ ဖုန်းရဲ့ နောက်ကျော ကာဗာကနေ တဖြည်းဖြည်း Component တစစ တက်လာတယ်။ Motherboard တွေ၊ ကင်မရာတွေ၊ CPU တွေ၊ ဘက်ထရီတွေ အားလုံး နောက်ဆုံး Logo လေး တခုကို ပုံဖော်တာက အစ အားလုံးအရည်အသွေးပိုင်းကို တင်းကြပ်စွာနဲ့ ဘယ်လောက်ထိ ထိန်းချုပ်ထားတယ်ဆိုတာမျိုးကို လေ့လာခွင့်ရ သိခွင့်ရမယ်လို့ ယုံကြပါတယ်” လို့ သူက ဆိုပါတယ်။

Oppo Factory Tour ကို OPPO Myanmar မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံမှ မီဒီယာများနဲ့ Oppo Fan ၂ ဦး၊ OPPO Myanmar ရဲ့ Customer Relation Ambassador အဆိုတော် X-box နဲ့ မော်ဒယ် ဟန်သီတို့ ခရီးစဉ်မှာ လိုက်ပါခဲ့ကြပါတယ်။

OPPO ရဲ့ “Factory Tour” (၄) ရက်တာ ခရီးစဉ်မှာ Oppo စမတ်ဖုန်းများ အကြောင်း၊ စမတ်ဖုန်းများ ထုတ်လုပ်ပုံ အဆင့်ဆင့်၊ ကင်မရာပိုင်းနဲ့ ပတ်သက်ပြီး Oppo စတင် ထုတ်လုပ်ခဲ့တဲ့ ၂၀၁၁ ခုနှစ်မှသည် ယခု အထိ အဆင့်ဆင့် ပြောင်းလဲလာပုံ၊ Oppo ရဲ့ နည်းပညာမြင့် စမတ်ဖုန်းများ စတဲ့ အကြောင်းအရာများစွာကို လေ့လာသိရှိ ကြုံတွေ့ခဲ့ရပါတယ်။ ။

Did you find apk for android? You can find new Free Android Games and apps.
Loading