စီးပွားရေး

ကီရင်က ဦးပိုင်နှင့် လမ်းခွဲရန် စင်ကာပူ တရားရုံးမှာ အမှုပြန်ဖွင့်

ဂျပန် အဖျော်ယမကာလုပ်ငန်း ကီရင် Kirin ဟိုးလ်ဒင်းသည် မြန်မာစစ်အုပ်စုနှင့် ပတ်သက်သည့် လုပ်ငန်းစုနှင့် ဘီယာဖက်စပ်လုပ်ငန်းမှ ခွဲခွာရန် စင်ကာပူရှိ နိုင်ငံတကာ အနုညာတခုံရုံးတွင် ပြီးခဲ့သည့် တနင်္လာနေ့က အမှုဖွင့်သော်လည်း အနာဂတ်က မရေရာချေ။

ကီရင်သည် မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလက၍ စစ်အာသိမ်းလိုက်ချိန်မှ စတင်ပြီး မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် (MEHL) နှင့် ပူးပေါင်းဆောင်ရွက်မှု အဆုံးသတ်ရန် ကြိုးစားနေသည်။

ဦးပိုင်လီမိတက်နှင့် မအောင်မြင်သော ညှိနှိုင်းမှုများအပြီးတွင် ဦးပိုင်နှင့် ကီရင်တို့သည် သက်ဆိုင်ရာနိုင်ငံ တရားရုံးအသီးသီးသို့ ဦးတိုက်လျှောက်ထားခဲ့ကြသည်။

အဖျော်ယမကာလုပ်ငန်း ကီရင် အီချီဘန် ဘီယာသည် မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလက၍ စစ်အာသိမ်းလိုက်ချိန် မှစတင်ပြီး မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် (MEHL) နှင့် ပူးပေါင်းဆောင်ရွက်မှု အဆုံးသတ်ရန် ကြိုးစားနေသည်။

နှစ်ဘက်လုံးက ထိုအကျိုးအမြတ်များသည့် ဖက်စပ်လုပ်ငန်းကို ထိန်းချုပ်ထားလိုကြသည်။

“ကျနော်တို့ရဲ့ ထိပ်တန်းဦးစားပေးကတော့ မြန်မာနိုင်ငံက လုပ်ငန်းတွေကို ဆက်လက် ထိန်းသိမ်းထားရေးပဲ ဖြစ်တယ်” ဟု ကီရင်ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် ရိုရှီနိုရီ အီဆိုဇာကီက Nikkei သတင်းဌာနသို့ တနင်္လာနေ့တွင်ပြောသည်။ စင်ကာပူခုံရုံးတွင် အမှုဖွင့်ခြင်းသည် မြန်မာတွင် ဆက်လက်လုပ်ကိုင်ပြီး လူ့အခွင့်အရေးဆိုင်ရာ ၎င်းတို့၏မူဝါဒများကို ရှေ့ဆက် လုပ်ကိုင်ရေးအတွက် ကုမ္ပဏီ၏ အားထုတ်မှု အစိတ်အပိုင်းဖြစ်ကြောင်း သူက ပြောသည်။

“အနုညာတခုံရုံးရဲ့ ဆုံးဖြတ်ချက်ဟာ တနှစ်မှ ၂ နှစ်အထိကြာမယ်လို့ ယူဆရပေမယ့် ကျနော်တို့ကတော့ ၂ နှစ် မစောင့်နိုင်ပါ။ (လာမယ့်) ဇွန်လရောက်ရင် ကျနော်တို့ ဘယ်နေရာမှာ ရပ်တည်ရမလဲဆိုတာကို သိရှိဖို့ မျှော်လင့်တယ်” ဟုလည်း သူက ပြောသည်။

ကီရင်သည် မြန်မာဘရူးဝါးရီး အဖျော်ယမကာလုပ်ငန်းကို ၅၁ ရာခိုင်နှုန်း ပိုင်ဆိုင်ထားပြီး စစ်တပ်ကြီးစိုးသည့် ဦးပိုင်လီမိတက်က ကျန် ၄၉ ရာခိုင်နှုန်းကို ပိုင်သည်။

မြန်မာနိုင်ငံသည် ကီရင်၏ အကျိုးအမြတ် အများဆုံး ပြည်ပဈေးကွက်များတွင် တခုအပါအဝင်ဖြစ်ပြီး စစ်အာဏာမသိမ်းမီက ၎င်းတို့လုပ်ငန်း၏ ဘီယာလုပ်ငန်းမှရသော အကျိုးအမြတ်တွင် ၉ ရာခိုင်နှုန်း ရှိနေသည်။

ကီရင်သည် မြန်မာဘီယာလုပ်ငန်းမှ ရှယ်ယာအများစုကို ၂၀၁၅ ခုနှစ်က ရယူခဲ့ပြီး လုပ်ငန်းတိုးချဲ့ခြင်းတွင် ဦးဆောင်သည်။ မြန်မာနိုင်ငံသည် ကီရင်၏ အကျိုးအမြတ် အများဆုံး ပြည်ပဈေးကွက်များတွင် တခုအပါအဝင်ဖြစ်ပြီး စစ်အာဏာမသိမ်းမီက ၎င်းတို့လုပ်ငန်း၏ ဘီယာလုပ်ငန်းမှရသော အကျိုးအမြတ်တွင် ၉ ရာခိုင်နှုန်း ရှိနေသည်။

မြန်မာနိုင်ငံသည် ကီရင်၏ ပြည်ပအောင်မြင်မှု အနည်းငယ်အနက်မှ တခုသာဖြစ်သည်။ ကီရင်သည် ဘရာဇီးလ် ဈေးကွက်သို့ ၂၀၁၁ ခုနှစ်တွင်ဝင်ရောက်ပြီးနောက် ၂၀၁၇ ခုနှစ်တွင် ပြန်လည်ထွက်ခွာရပြီး အခြား ပြည်ပဈေးကွက်များတွင်လည်း ရုန်းကန်နေရသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် ကီရင်သည် ရွေးချယ်စရာတခုနှင့် ရင်ဆိုင်ရသည်။ ဦးပိုင်လီမိတက်နှင့် တိုက်ရိုက်ဆွေးနွေးရန် ကြိုးစားရသည်။

“အကောင်းဆုံးရွေးချယ်စရာက ဖက်စပ်လုပ်ငန်းကို ရပ်စဲပြီး ကီရင်က မြန်မာနိုင်ငံမှာ ဆက်လက် လုပ်ကိုင်ဖို့ပဲဆိုတာကို ကျနော်တို့ ရှင်းပြတယ်။ ဒါပေမယ့် ဆွေးနွေးတဲ့အခါ တိုးတက်မှုမရဘူး” ဟု ကီရင်အမှုဆောင်တဦးက ပြောသည်။

ထိုကဲ့သို့သော နယ်နိမိတ်ကျော် စီးပွားရေး အငြင်းပွားမှုများ ဖြေရှင်းရန် နိုင်ငံတကာ အနုညာတ စီရင်ခြင်းသည် ရွေးချယ်စရာတခုဖြစ်သည်။

“အနုညာတခုံရုံးကနေ စီရင်ချက်တခုရမယ်လို့ နှစ်ဘက်လုံးက မျှော်လင့်နေတယ်။ ဖက်စပ်လုပ်ငန်း သဘောတူညီချက်တွေထဲက မူတွေအတိုင်း ကျနော်တို့ လုပ်နေပါတယ်” ဟု အီဆိုဇာကီက ပြောသည်

ဦးပိုင်လီမိတက်ကလည်း မြန်မာဘီယာလုပ်ငန်းကို ဖျက်သိမ်းရန်အတွက် ရန်ကုန်ရှိ တရားရုံးတခုတွင် လျှောက်ထားသည်။ ထိုလုပ်ရပ်ကြောင့် စစ်တပ်ပိုင် ဦးပိုင်လီမိတက်သည် ဘီယာလုပ်ငန်းကို ၎င်းတို့ဖာသာ ၎င်းတို့ ဆက်လက်လုပ်ကိုင်မည့် သဘောဖြစ်နေသည်။

ဘီယာလုပ်ငန်းသည် ဦးပိုင်လီမိတက်အတွက် အဖိုးတန်သော ဝင်ငွေရင်းမြစ်ဖြစ်နေပြီး ထိုလုပ်ငန်းကို ဦးပိုင်လီမိတက်က စွန့်လွှတ်မည့်အလားအလာ မရှိသလောက်ပင်ဖြစ်ကြောင်း မြန်မာနိုင်ငံမှ ကျွမ်းကျင်သူတဦးက ပြောသည်။

မြန်မာအဖျော်ယမကာ လုပ်ငန်းကို ၁၉၉၀ ခုနှစ်များက တည်ထောင်ခဲ့သည်။ ဦးပိုင်လီမိတက်သည် ဘဏ္ဍာရေး ဝန်ဆောင်မှုမှ ကျောက်မျက်ကုန်သွယ်ရေးအထိ လုပ်ငန်းပေါင်းစုံ လုပ်ကိုင်ပြီး မြန်မာစစ်အုပ်စုအတွက် ငွေကြေးရရှိစေသည်ဟု ယူဆသည်။

စင်ကာပူ အနုညာတ ခုံရုံးက ဆုံးဖြတ်ချက် ချပြီးသောအခါတွင်ပင် ပြဿနာများ ပေါ်ပေါက်လာနိုင်သေးသည်။

စင်ကာပူ ခုံရုံးက ကီရင်ဘက်မှ ဆုံးဖြတ်ခဲ့ပင်လျှင် မြန်မာတရားရုံးက စစ်အုပ်စုအလိုကျ လုပ်ထုံးလုပ်နည်းများ ချမှတ်မည့် အန္တရာယ်မရှိဟု မပြောနိုင်ပေ။

“မြန်မာ့တရားစီရင်ရေးစနစ်ကို စစ်အုပ်စုက ထိန်းချုပ်ထားတယ်” ဟု နယ်စပ်ဖြတ်ကျော် အမှုများတွင် အတွေ့အကြုံရင့်သော ရှေ့နေနှင့် Chartered Institute of Arbitrators မှ သုတေသီ ရိုရှီဟီရို တာကာတိုရီက ပြောသည်။ စင်ကာပူ ခုံရုံးက ကီရင်ဘက်မှ ဆုံးဖြတ်ခဲ့ပင်လျှင် မြန်မာတရားရုံးက စစ်အုပ်စုအလိုကျ လုပ်ထုံးလုပ်နည်းများ ချမှတ်မည့် အန္တရာယ်မရှိဟု မပြောနိုင်ပေ။

မြန်မာနိုင်ငံသည် ပြည်ပအနုညာတ ဆုံးဖြတ်ချက် အသိအမှတ်ပြု ကျင့်သုံးရေး နိုင်ငံတကာ သဘောတူစာချုပ် (Convention on the Recognition and Enforcement of Foreign Arbitral Awards) ကို ၂၀၁၃ ခုနှစ်က လက်မှတ်ရေးထိုးခဲ့သည်။ ထိုစာချုပ်ကို လက်မှတ်ရေးထိုးသူများသည် နိုင်ငံတကာ အနုညာတ စီရင်ချက်များကို လိုက်နာရန် လိုသည်။ သို့သော် အမျိုးသားအကျိုးစီးပွားကို ထိခိုက်စေသော အမှုများတွင် ထိုသို့သော ဆုံးဖြတ်ချက်များကို အကောင်အထည်ဖော်ရန် ငြင်းဆန်နိုင်ကြောင်း မြန်မာတရားရုံးတရုံးက ဆုံဖြတ်ထားသည်ဟု ဥပဒေ အတိုင်ပင်ခံလုပ်ငန်း ဘက်ကာ မက်ကင်စီက ပြောသည်။

“မေးစရာရှိတာကတော့ မြန်မာတရားရုံးက စစ်အုပ်စုကို အလေးပေးမလား၊ သူတို့ရဲ့ နိုင်ငံတကာ ဂုဏ်သတင်းနဲ့ စီရင်ပိုင်ခွင့်ကို အလေးထားမလား ဆိုတာပဲ” ဟု ရန်ကုန်အခြေစိုက် နီရှီမူရာနှင့် အဆာဟိ (Nishimura & Asahi) ဥပဒေအတိုင်ပင်ခံလုပ်ငန်းမှ ရန်ကုန်ရုံး ကိုယ်စားလှယ် ယူကာဝါ ယူဆူကီက ပြောသည်။ အငြင်းပွားမှု ဖြစ်ပေါ်တိုးတက်မှုများအပေါ် မူတည်ပြီး ဂျပန်နှင့်မြန်မာတို့သည့် အစိုးရအဆင့် ဆုံးဖြတ်ချက်ရရန် ကြိုးစားနိုင်သည်။

စစ်အာဏာသိမ်းပြီးနောက်တွင် ဂျာမန်လက်ကား အရောင်းလုပ်ငန်း မက်ထရိုနှင့် ဗြိတိသျှ-အမေရိကန် ဆေးရွက်ကြီးလုပ်ငန်း အပါအဝင် ပြည်ပ ကုမ္ပဏီအများအပြားသည် မြန်မာနိုင်ငံမှ ထွက်ခွာကြောင်း ကြေညာကြသည်။ တောင်ကိုရီးယား စတီးလုပ်ငန်းကြီး ပေါ့စကိုသည်လည်း ကီရင်နှင့်အလားတူသည့် အကျပ်အတည်းနှင့် ရင်ဆိုင်နေရပြီး ၎င်းတို့ဖက်စပ်လုပ်ငန်းမှ ဦးပိုင်လီမိတက်၏ ရှယ်ယာများကို ဝယ်ယူရန် ဆွေးနွေးမှုများ ရပ်ဆိုင်းနေသည်။

မြန်မာနိုင်ငံရှိ ၎င်းတို့၏လုပ်ငန်းများကို လက်ဘနွန်မှ ရင်းနှီးမြုပ်နှံမှုလုပ်ငန်းသို့ ရောင်းချမည်ဖြစ်ကြောင်း နော်ဝေ ဆက်သွယ်ရေးလုပ်ငန်း တယ်လီနောက ဇွန်လတွင် ကြေညာသည်။ သို့သော် ထိုရောင်းဝယ်မှုကို မြန်မာ အာဏာပိုင်များက အတည်မပြုသေးပေ။

(Nikkei Asia ပါ Kirin says leaving Myanmar is ‘last resort’ as it tries arbitration ကို ဘာသာပြန်ဆိုသည်။)

You may also like these stories:

မြန်မာဘီယာထုတ်သည့် ဂျပန်-မြန်မာ ဖက်စပ်ကုမ္ပဏီ ဖျက်သိမ်းတော့မည်

မရေရာမှုများဖြင့် မြန်မာ့အထူးစီးပွားရေးဇုန်များ

ရေတပ်ဦးစီးချုပ် နှစ်ဦးကြားက တယ်လီနောမြန်မာ အရောင်းအဝယ်

မြန်မာ့လူဦးရေထက်ဝက် တနေ့လျှင် တဒေါ်လာအောက်သာ ဝင်ငွေရှိတော့မည်

Loading