၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကြိုတင်မဲပေးကာလနှင့် ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် မသမာမှုများ ပြုလုပ်သည်ဟု ဆိုကာ ရွေးကောက်ပွဲဆိုင်ရာဥပဒေ အရ အရေးယူထားသည့် အမှုပေါင်း ၂၂ မှုထိ ရှိပြီဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) ၏ ထုတ်ပြန်ချက်အရ သိရသည်။
UEC ၏ နိုဝင်ဘာ ၃ ရက်မှ ၉ ရက်အတွင်း အရေးယူမှု ဖြစ်စဉ်များတွင် UEC အမှတ်တံဆိပ်မပါသော တံဆိပ်တုံးများဖြင့် မဲပေးခြင်း၊ အယောင်ဆောင်မဲပေးခြင်း၊ လူတဦးတည်းက မဲ ၂ ကြိမ်ပေးခြင်း ဖြစ်စဉ် အများစုပါဝင်ပြီး ကိုယ်စားမဲပေးခြင်း၊ မဲလက်မှတ်ကို ဆုတ်ဖြဲခြင်း ဖြစ်စဉ်များလည်း ပါဝင်နေသည်။
ယင်းဖြစ်စဉ်များအနက် စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ်နှင့် တန့်ဆည်မြို့နယ် ဖြစ်စဉ်များတွင် ကျေးရွာအုပ် စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များပါ ပါဝင်နေသည်ကို တွေ့ရသည်။
ချောင်းဦးမြို့နယ် ဆင်မြေကျေးရွာတွင် ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဦးရွှေထွန်းနှင့် ရာအိမ်မှူး ဦး သိန်းထွန်းစိန်တို့သည် ကြိုတင်ဆန္ဒမဲကောက်ယူချိန်၌ UEC အမှတ်တံဆိပ်စာသား မပါသော တံဆိပ်တုံးဖြစ်နေသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း UEC ၏ နိုဝင်ဘာ ၉ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်၊ ရွာသာယာကျေးရွာအုပ်စုတွင် မဲပေးသည့်နေ့၌ မဲဆန္ဒရှင် ၂ ဦး၏ ဆန္ဒမဲလက်မှတ်ကို လိမ်လည် လက်မှတ်ရေးထိုး၍ မဲပေးခဲ့သည်ဟုဆိုကာ ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ဝင် ၂ ဦးနှင့် အတွင်းရေးမှူး ၁ ဦးတို့ကို အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ၎င်းတို့သည် မဲဆန္ဒရှင် နှစ်ဦးတို့အား ဆန္ဒမဲလက်မှတ် ၃ စောင်စီ ထုတ်ပေးရန်ဖြစ်သော်လည်း ၂ စောင်စီသာ ထုတ်ပေးပြီး ကျန်ရှိသည့် မဲလက်မှတ် ၁ စောင်စီကို လိမ်လည်လက်မှတ်ရေးထိုး၍ မဲပေးခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည် ဟု UEC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် နိုဝင်ဘာ ၈ ရက်နေ့ ထုတ်ပြန်ချက်တွင် ပါရှိသည့် ဖြစ်စဉ်တခု၌ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ ကျုံမ ရမ်းကျေးရွာအုပ်စုတွင် ပြည်သူ့ပါတီမှ ကိုယ်စားလှယ်လောင်း ၃ ဦးတို့သည် ဆန္ဒမဲပေးရန် ပျက်ပြားစေခြင်း၊ ရွေးကောက်ပွဲ ပျက်ပြားစေရန် ရည်ရွယ်၍ ၎င်းတို့ ရွေးကောက်တင်မြှောက်ခံရရေးအတွက် မြို့နယ်နှင့် ကျေးရွာအုပ်စု ရွေးကောက်ပွဲကော် မရှင်အဖွဲ့ခွဲအား မမှန်မကန် စွပ်စွဲပြောဆိုမှုများ ပြုလုပ်ခဲ့သောကြောင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ပြည်သူ့ပါတီ ဒုဥက္ကဋ္ဌ ဦးမင်းဇေယျကို ဆက်သွယ်မေးမြန်းရာ “အဲဒါက သတင်းအပြည့် အစုံတော့ မရသေးဘူး။ ကော်မရှင်က ကြေညာချက်တော့ တွေ့တယ်။ ကာယကံရှင်တွေနဲ့ ဆက်သွယ်ပြောတော့လည်း မဲပေးမှု မသမာမှုနဲ့ပတ်သက်ပြီး ကာယကံရှင်တယောက်က သူတို့ကို အကူညီတောင်းလို့ သူတို့လုပ်ပေးတာတော့ ရှိတယ်။ ဒီအပေါ်မှာ ကော်မရှင်ကနေပြီး တရားမဲ့ပြုကျင့်တယ်ဆိုပြီး စွပ်စွဲထားတာရှိတယ်။ ဒါပေမယ့် သူတို့လည်း အသေးစိတ် မသိ ရသေးဘူး ပြောတယ်” ဟု ပြောသည်။
ဆက်လက်၍ ၎င်းက ယခုအချိန်ထိ ကာယကံရှင်တွေဆီကို မည်သည့် အကြောင်းကြားချက်မှ မရောက်သေးသလို ပါတီသို့ လည်း တရားဝင် အကြောင်းကြားချက် မရှိသေးကြောင်း၊ ကော်မရှင်မှ ကြေညာချက်ထုတ်သည့် သဘောမျိုးသာ သိထား သေးကြောင်း၊ ယင်းကိစ္စနှင့် ပတ်သက်၍ မျက်ခြေမပြတ် စောင့်ကြည့်လျက်ရှိကာ တရားဝင်စာရောက်လာပြီး အကြောင်းစုံ သေချာသိရသည့်အခါမှ ပါတီအနေဖြင့် မည်သို့ဆောင်ရွက်မည်ကို ပြောနိုင်မည်ဖြစ်ကြောင်း ရှင်းပြသည်။
အထက်ဖော်ပြပါ ဖြစ်စဉ် ၂၂ မှုနှင့် ပတ်သက်၍ သက်ဆိုင်ရာ မြို့နယ်ရဲစခန်းများ၌ တချို့ကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၂၀ (လိမ် လည်မှု)/၄၆၈(စာရွက်စာတမ်းအတုပြုလုပ်မှု) ဖြင့် အမှုဖွင့်အရေးယူထားသလို တချို့ကို လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၅၈၊ ၅၉ တို့ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း UEC က ထုတ်ပြန်ထားသည်။
ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၂၀/၄၆၈ ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားလျှင် ၇ နှစ်ထိ ထောင်ဒဏ်တမျိုးမျိုး ချမှတ်ရမည့် အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည် ပြဋ္ဌာန်းထားပြီး လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၅၈၊ ၅၉ အရ ပြစ်မှုထင်ရှား လျှင် ၁ နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် ၁ သိန်း ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားသည်။