ဒေးဗစ်ဘက်ခမ်းကျောင်းအပါအဝင် ထိုင်းနိုင်ငံက ထင်ရှားတဲ့ ဘုန်းကြီးကျောင်းများ
ထိုင်းနိုင်ငံဟာ ဗုဒ္ဓဘာသာနိုင်ငံဖြစ်တာနဲ့အညီ ထင်ရှားတဲ့ ဗုဒ္ဓဘာသာကျောင်းတော်ကြီးတွေလည်း အများကြီး ရှိပါတယ်။ အဲဒီထဲကမှ ထင်ရှားတဲ့ နေရာတွေကို ဖော်ပြပေးချင်ပါတယ်။
(၁) Wat Phra Dhammakaya , Pathum Thani
ဒီကျောင်းတော်ကြီးကတော့ ထိုင်းနိုင်ငံမြောက်ပိုင်းက Khlong Luang မှာ တည်ရှိပြီး ထိုင်းနိုင်ငံရဲ့အကြီးဆုံး ကျောင်းတော်ကြီးတကျောင်းပါ။ ဒီကျောင်းတော်ကြီးကတော့ ရှေးရိုးစွဲလက်ရာတွေကိုသာ ဦးစားပေး တည်ဆောက်တတ်တဲ့ ထိုင်းနိုင်ငံမှာ ထူးထူးခြားခြား ခေတ်သစ် ဗိသုကာပညာတွေနဲ့ တည်ဆောက်ထားပါတယ်။ နောက်ပြီး ဒီကျောင်းတော်ကြီးဟာ တရား ရိပ်သာတခုလည်း ဖြစ်ပါတယ်။
ဗုဒ္ဓရုပ်ပွားတော်ပေါင်း ၃၀၀၀၀၀ ကို ပူဇော်ထားရှိပြီး ရဟန်းပေါင်း ၁ ထောင်ကျော်က တပါးကျောင်းတွေမှာ အသီးသီး သီတင်းသုံးကြပါတယ်။ များပြားတဲ့ ယောဂီရဟန်းတွေ အတွက် ကြီးမားတဲ့ ဓမ္မာရုံကြီးကို တည်ဆောက်ထားပါသေးတယ်။ တရားရိပ်သာဖြစ်တာကြောင့် တခြား ထိုင်းနိုင်ငံက ဘုန်းကြီးကျောင်းတွေလို မဟုတ်ဘဲ အမြဲလိုလို တိတ်ဆိတ်နေတတ်ပါတယ်။
(၂) Wat Samphran , Nakon Pathom
၁၉၈၅ ခုနှစ်မှာ တည်ဆောက်ခဲ့တဲ့ Wat Samphran လို့ခေါ်တဲ့ ဒီနဂါးရုံဘုရားဟာ ဘန်ကောက်မြို့နဲ့ ၄၀ကီလိုမီတာ အကွာမှာ ရှိပါတယ်။ မြင့်မားတဲ့ ပန်းရောင် စက်ဝိုင်းပုံစံ အဆောက်အဦတခုလုံးကို နဂါးကြီးတကောင်က ပတ်ခွေပတ်ထားပါတယ်။ နဂါးအတွင်းပိုင်း ကိုယ်ထည်ကတော့ အပေါ်တက်ဖို့ လှေကားထစ်တွေပါ။
ဒီအဆောက်အဦကို ဘယ်သူက ဒီဇိုင်းဆွဲခဲ့တယ်ဆိုတာ မသိရပေမယ့် နဂါးနဲ့ ပတ်သက်တဲ့ ပုံပြင်ပေါင်းကတော့ ၁၇ ပုဒ်လောက် ရှိပါတယ်။ ဒီကျောင်းတော်ရဲ့ အပြင်ဘက်မှာဆိုရင် ရွှေရောင်ဝင်းတဲ့ စေတီတော်ကြီးတဆူအပြင် အတွင်းပိုင်းမှာတော့ မြောက်မြားလှတဲ့ ဆင်းတုတော်တွေကို ထုလုပ် ကိုးကွယ်ထားပါတယ်။
(၃) Wat Pa Phu Kon , Udon Thani
ထိုင်းနိုင်ငံ မြောက်ဖက်စွန်းပိုင်းမှာရှိတဲ့ Wat Pa Phu Kon ကတော့ တိတ်ဆိတ်အေးချမ်းတဲ့ တောတောင်တွေထဲမှာ တည်ရှိပါတယ်။ ဒေသခံတွေကတော့ Wat Phu Phu လို့လည်း ခေါ်တတ်ပါသေးတယ်။ ကျောင်းအဆောက်အဦပုံစံကလည်း လှပခန့်ညားသလို အတွင်းပိုင်းမှာဆိုရင်တော့ စကျင်ကျောက်နဲ့ထုလုပ်ထားတဲ့ လျောင်းတော်မူဗုဒ္ဓရုပ်ပွားတော်ကိုလည်း ကြည်ညိုစဖွယ် ဖူးမြှော်နိုင်ပါသေးတယ်။
ဒီကျောင်းတော်ကြီးကိုတော့ ထိုင်းဘတ်ငွေ သန်းပေါင်း ၃၂၀ကျော် အကုန်အကျခံ တည်ဆောက်ခဲ့တာဖြစ်ပြီး ၂၀၁၀ နဲ့ ၂၀၁၃ ခုနှစ်အတွင်းမှာ တည်ဆောက်ခဲ့ပါတယ်။ ဒီကျောင်းတော်ကြီးရဲ့ ကျန်ကျငွေအားလုံးကိုတော့ ၂၀၁၆ ခုနှစ်က ကွယ်လွန်သွားခဲ့တဲ့ ထိုင်းဘုရင် Bhumibol Adulyadej က လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ ဗိမာန်တော်ကြီးရဲ့ ကောင်းမွန်လှပတဲ့ဒီဇိုင်းဖြစ်တဲ့အပြင် ထိုင်းဘုရင်ကိုယ်တိုင် လှူဒါန်းခဲ့တဲ့ ကျောင်းဖြစ်တာကြောင့်လည်း ထင်ရှားပါတယ်။
(၄) Wat Pariwat , Bangkok
ဒီကျောင်းတော်ကြီးကတော့ အံ့အားသင့်စရာပါ။ ဘာလို့လဲ ဆိုတော့ မန်ချက်စတာယူ နိုက်တက် အသင်းသားဖြစ်သလို အင်္ဂလန်ဘောလုံး လက်ရွေးစင်လည်းဖြစ်တဲ့ ဒေးဗစ်ဘက်ခမ်းပုံတွေကိုပါ ကျောင်းအတွင်း မှာထည့်သွင်းထုလုပ်ထားတဲ့ အတွက်ကြောင့်ပါ။ ဒေသခံတွေနဲ့ ခရီးသွား ဧည့်သည်တွေကတော့ ဒီကျောင်းကို ဒေးဗစ်ဘက်ခမ်းကျောင်းလို့ပဲ ခေါ်ကြပါတယ်။
ဒီကျောင်းကိုတည်ဆောက်ခဲ့တဲ့ ဘုန်းတော်ကြီးကလည်း ဒေးဗစ်ဘက်ခမ်း ပရိသတ်ဖြစ်တဲ့ အတွက် ဒီကျောင်းတော်ကို ဆောက်လုပ်တော့ ဒေးဗစ်ဘက်ခမ်းပုံတွေ ထည့်သွင်းဆောက်လုပ်ခဲ့တာ ဖြစ်ပါတယ်။
(၅) Wat Yannawa , Bangkok
Wat Yannawa ကိုတော့ ဖောင်တော်ဦးပုံစံ တည်ဆောက်ထားတာဖြစ်ပြီး ဘုရားဖူးခရီးသွား ဧည့်သည်တွေဟာ ဖော်တော်ဦးထဲမှာ လည်ပတ်ပြီး ဘုရားဖူးနိုင်ပါတယ်။ Chao Phraya မြစ်တဖက်ကမ်းမှာ တည်ရှိပြီး Loy Krathong လို့ခေါ်တဲ့ မီးထွန်းပွဲကာလ ရောက်ပြီးဆိုရင်တော့ ဒေသခံတွေဟာ ဘုရားဖူးဖို့ လှေငယ်ကလေးတွေနဲ့ လာရောက်လေ့ ရှိကြပါတယ်။
ဘုရင် Rama III ဟာ အတိတ်တုန်းဆီက သူ့ပြည်သားတွေအတွက် ရတနာတွေကို သင်္ဘောနဲ့ ယူဆောင်ပေးခဲ့တယ်ဆိုတဲ့ အဖြစ်အပျက်ကို လူတွေ အမှတ်ရနေစေဖို့အတွက် ဒီကျောင်းတော်ကို ဆောက်လုပ်ခဲ့တယ်လို့ ဆိုပါတယ်။
Ref : Thailand.tripcanvas