ယဉ်ကျေးမှု အစဉ်အလာ ကြီးမားတဲ့ တိဘက်လူမျိုးတွေဟာ အခုအချိန်အထိ ရိုးရာ ဝတ်စုံတွေကို အမြဲ ဝတ်ဆင်နေကြဆဲ ဖြစ်ပါတယ်။ ကြွယ်ဝချမ်းသာတဲ့ မိသားစု အချို့မှာတော့ ယနေ့ခေတ် ဝတ်စုံတွေကို ဝတ်ဆင်နေကြပြီလို့ သိရပါတယ်။
တိဘက် အမျိုးသားဝတ်စုံမှာ အလုပ်သမားဝတ်စုံ၊ ရိုးရာဝတ်စုံနဲ့ စစ်သည်တော် ဝတ်စုံဆိုပြီး အဓိက ၃ မျိုး ရှိပါတယ်။ အမျိုးသမီးတွေကတော့ ပွဲတော်အလိုက် ဝတ်စုံအမျိုးမျိူးကို ဝတ်ဆင်လေ့ရှိကြပါတယ်။
(၁) အလုပ်သမား ဝတ်စုံ
ရာသီဥတု ပြောင်းလဲမှုတွေ ကမ္ဘာအနှံ့မှာ ဖြစ်လာတဲ့အတွက် တိဘက်တွေရဲ့ အလုပ်သမားဝတ်စုံဟာလည်း ပြောင်းလဲမှု ရှိပါတယ်။ ပူအိုက်တဲ့ ရာသီဥတုမှာ အလုပ်သမားဝတ်စုံကို ချည်သား၊ ပိုးသား စတာတွေနဲ့ ချုပ်လုပ်ဝတ်ဆင်ကြပါတယ်။ အောက်ခံ ချည်သား အဝတ်ပေါ်မှာ တောရိုင်းတိရစ္ဆာန်တွေရဲ့ အမွေးနဲ့ ပြုလုပ်ထားတဲ့ ဝတ်ရုံကို ဝတ်ဆင်လေ့ရှိပြီး အောက်ပိုင်းမှာလည်း အဲဒီအမွေးနဲ့ပဲ အနားသတ်လေ့ ရှိပါတယ်။
ဖိနပ်အရှည်ကို ဝတ်ဆင်လေ့ရှိပြီး ဦးထုပ်ဆောင်းလေ့ ရှိတတ်ကြပါတယ်။ ဆောင်းတွင်းမှာတော့ သိုးမွေးနဲ့ ပြုလုပ်ထားတဲ့ အလုပ်သမား ဝတ်စုံကို ဝတ်ဆင်ပြီး ကိုယ်တိုင်ပြုလုပ်ထားတဲ့ လည်သာ ဖိနပ်၊ လည်သာ ဦးထုပ်နဲ့ သိုးမွေး ဦးထုပ်တွေကို ဆောင်းလေ့ ရှိကြပါတယ်။
(၂) ရိုးရာဝတ်စုံ
ရိုးရာဝတ်စုံကိုတော့ ပွဲလမ်းသဘင်တွေမှာ ဝတ်ဆင်လေ့ ရှိပါတယ်။ Zhuigui လို့ ခေါ်တဲ့ ရိုးရာဝတ်စုံတွေဟာ ဈေးကြီးပြီး ချုပ်လုပ်ရခက်တာကြောင့် အရေးကြီးတဲ့ နေ့ရက်တွေမှာသာ ဝတ်ဆင်ကြပါတယ်။ ပိုးသားအကောင်းစားနဲ့ ရက်လုပ်လေ့ ရှိပြီး ရွှေတွေ ငွေတွေနဲ့ အနားသတ်လေ့ ရှိပါတယ်။ ရိုးရာဝတ်စုံကို များသောအားဖြင့် အဖြူရောင်၊ ခရမ်းရောင်နဲ့ ခပ်ဖျော့ဖျော့ အဝါရောင် တွေနဲ့သာ ချုပ်လေ့ရှိတယ်လို့ သိရပါတယ်။
(၃) စစ်သည်တော် ဝတ်စုံ
စစ်သည်တော်ဝတ်စုံမှာတော့ ဦးထုပ်အနေနဲ့ မြေခွေးအမွေးကို ဝတ်ဆင်ကြပြီး ရိုးရာဝတ်စုံလို ပုံစံမျိုးကို အဖြူရောင် အနားသတ်နဲ့ ဝတ်လေ့ရှိပါတယ်။ ခါးမှာ ဓါးကို အသင့်ခုတ်လို့ ရမယ့် အနေအထားနဲ့ လွယ်ထားလေ့ရှိတယ်လို့ သိရပါတယ်။ တိဘက်စစ်သည်တော်တွေဟာ တိဘက် တမျိုးသားလုံးရဲ့ ယောကျာ်းဆန်မှုကို ကိုယ်စားပြုပါတယ်။
(၄) အမျိုးသမီး ဝတ်စုံများ
အမျိုးသမီးဝတ်စုံတွေကတော့ ပွဲလမ်းသဘင်နဲ့ လိုက်ပြီး ကွဲပြားသွားလေ့ ရှိပါတယ်။ အမျိုးသမီးတွေဟာ များသောအားဖြင့် အနီပေါ် ရွှေရောင်ထပ်တဲ့ ဝတ်စုံတွေကို ဝတ်ဆင်လေ့ ရှိကြပါတယ်။ မြန်မာဝတ်စုံနဲ့ ဆင်ဆင်တူတဲ့ ပတ်လုံချည် ပုံစံမျိုးကို ဝတ်ဆင်ကြပါတယ်။ အိမ်ထောင်သည်တွေ အနေနဲ့ လည်ပင်းမှာ ငွေဆွဲပြားတွေကို ဆွဲလေ့ ရှိပါတယ်။
အိမ်ထောင်မရှိပေမယ့် ငွေကြေး ကြွယ်ဝတဲ့ မိသားစုတွေကလည်း သမီးဖြစ်သူတွေကို ငွေဆွဲပြားတွေ ဆင်ယင်ပေးလေ့ ရှိတယ်လို့ သိရပါတယ်။
Ref; topchinatravel
You may also like these stories:
ကမ္ဘာ့အမြင့်ဆုံး ရုပ်တုအကြောင်း
ပျောက်ဆုံးသွားသော မြို့ကြီးများ
ပြန်လည် ဖွင့်လှစ်လိုက်ပြီဖြစ်တဲ့ ဂျပန်နိုင်ငံက ဟီရိုရှီးမား အမှတ်တရ ပြတိုက်
ယဉ်ကျေးမှုတွေ ပေါင်းစုံနေတဲ့ မြို့ကြီးများ