ခေတ်အဆက်ဆက် လူသားတွေဟာ ရေကြည်ရာမြက်နုရာ ပြောင်းရွှေ့နေထိုင်ခဲ့ကြပါတယ်။ အဲဒီလို ပြောင်းရွှေ့နေထိုင်ကြသူတွေဟာ အချိန်ကြာလာတာနဲ့အမျှ ကိုယ့်အရပ် ကိုယ့်ဒေသကို မပြန်ကြတော့ဘဲ ကိုယ်ပြောင်းရွှေ့လာတဲ့အရပ်မှာပဲ အခြေချ နေထိုင်ကြပါတော့တယ်။
ကိုယ်က တခြားနိုင်ငံကို ရောက်နေပေမယ့်လည်း ကိုယ့်ယဉ်ကျေးမှုကိုတော့ မေ့လို့မရပါဘူး။ ဒါကြောင့်လည်း ကိုယ့်ရှိရင်းစွဲ မူလ ယဉ်ကျေးမှုတွေဟာ ကိုယ်ပြောင်းရွှေ့နေထိုင်ရာ အရပ်ရဲ့ ယဉ်ကျေးမှုနဲ့ တွေ့ဆုံရပါတယ်။ ဒါကြောင့် ယဉ်ကျေးမှုတွေ အများဆုံးပေါင်းစုံနေတဲ့ မြို့ကြီးတွေကို ဖော်ပြပေးချင်ပါတယ်။
(၁) New York City (အမေရိကန်ပြည်ထောင်စု)
နယူးယောက်မြို့ဟာ ကမ္ဘာပေါ်မှာ ကျဉ်းမြောင်းတဲ့ အမျိုးသားရေးစိတ်ဓာတ် မရှိတဲ့ မြို့တွေထဲက တမြို့ပါ။ အမေရိကန် အရှေ့ဘက်ကမ်းခြေမှာ တည်ရှိနေတဲ့ နယူးယောက်မြို့ဟာ ယဉ်ကျေးမှုတွေ ပေါင်းစုံနေတဲ့ ပျော်စရာ မြို့တမြို့ပါ။ နယူးယောက်မြို့မှာဆိုရင် အင်္ဂလန်က ပြောင်းရွှေ့လာသူတွေအပြင် အိန္ဒိယ၊ ကိုရီးယားနဲ့ ဘရာဇီးနိုင်ငံက ပြောင်းရွှေ့လာသူတွေ အများစု နေထိုင်ကြပါတယ်။ ၁၉၈၄ ခုနှစ်မှာတော့ လူဝင်မှုကြီးကြပ်ရေးဌာနအနေနဲ့ ပြည်ပက ပြောင်းရွှေ့လာသူတွေကို ကူညီနိုင်ဖို့ မြို့တော်ဝန်ရုံးကို တည်ထောင်ခဲ့ပါတယ်။
(၂) Sao Paulo (ဘရာဇီးနိုင်ငံ)
ဘရာဇီးနိုင်ငံ အရှေ့တောင်ပိုင်းမှာတည်ရှိတဲ့ Sao Paulo မြို့ကလည်း တောင်အမေရိကမှာဆိုရင် ယဉ်ကျေးမှုတွေပေါင်းစုံနေတဲ့ မြို့တမြို့ပါ။ အီတလီနိုင်ငံကနေ လက်ဘနွန်နိုင်ငံသားတွေအထိ ဒီမြို့မှာ နေထိုင်ကြပါတယ်။ သိသာထင်ရှားတဲ့ အချက်ကတော့ အစားအသောက်၊ ဘာသာရေး အဆောက်အဦတွေပါပဲ။
နိုင်ငံတကာခရီးသွားတွေဟာ Sao Paulo မြို့ကိုရောက်တဲ့အခါ အီတလီရိုးရာ ရပ်ကွက်တခုဖြစ်တဲ့ Bela Vista ရပ်ကွက်ကို မြင်ရတဲ့အခါ အံ့အားသင့်ကြသလို Liberdade ခရိုင်အတွင်းမှာ နေထိုင်တဲ့ ဂျပန်လူမျိုးတွေရဲ့ ရပ်ကွက်ကို မြင်ရတဲ့အခါမှာလည်း အံ့အားသင့်ကြတာ အမှန်ပါပဲ။
(၃) Amsterdam (နယ်သာလန်နိုင်ငံ)
အမ်စတာဒမ်မြို့ဟာ နယ်သာလန်နိုင်ငံရဲ့ အကြီးမားဆုံး မြို့တမြို့ ဖြစ်သလို မတူတဲ့ လူမျိုးစုအသီးသီး နေထိုင်တဲ့မြို့ပါ။ ခန့်မှန်းခြေအားဖြင့်ဆို အမ်စတာဒမ်မြို့မှာ ယဉ်ကျေးမှုပေါင်း ၁၇၈ မျိုးလောက် ရှိပါတယ်။ ကမ္ဘာတဝှမ်းက ယဉ်ကျေးမှုအသီးသီးနဲ့ လူမျိုးအသီးသီးဟာ အမ်စတာဒမ်မြို့မှာ နေထိုင်ကြပါတယ်။ ဘာသာစကားတွေကလည်း အမျိုးမျိုးပါပဲ။ ဒါကြောင့်လည်း ဒတ်ချ် ဘာသာစကားတတ်သူတွေက အခုမှပြောင်းလာသူတွေကို ဒတ်ချ်ဘာသာစကားပြောတတ်ဖို့ အခမဲ့ သင်တန်းတွေ ဖွင့်လှစ်ပေးထားပါတယ်။
Drongo ပွဲတော်ဟာ အမ်စတာဒမ်ရဲ့အထင်ကရပွဲတော်ဖြစ်ပြီး ဘာသာစကားပေါင်းစုံ တတ်ကျွမ်းသူတွေ ပါဝင်ဆင်နွှဲကြတဲ့ ဘသာစကားပွဲတော်တခုပါပဲ။
(၄) Los Angeles(အမေရိကန်ပြည်ထောင်စု)
ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်းမှာရှိတဲ့ Los Angeles မြို့ကလည်း ကမ္ဘာပေါ်မှာ ယဉ်ကျေးမှုတွေ ပေါင်းစုံနေတဲ့ မြို့တမြို့ပါ။ အဲဒီမြို့ မှာဆိုရင်တော့ နိုင်ငံပေါင်း ၁၄၀ လောက်ကလူတွေ ပြောင်းရွှေ့ နေထိုင်ကြပြီး ဘာသာစကား ၈၆ မျိုးလောက် ပြောဆိုကြပါတယ်။ Los Angeles မြို့မှာဆိုရင် Koreatown ၊ Little Tokyo စသဖြင့် နာမည်ပေးထားတဲ့ ရပ်ကွက်တွေလည်း အများအပြားပါပဲ။
(၅) Sydney(သြစတြေးလျနိုင်ငံ)
သြစတြေးလျအရှေ့ဘက်ကမ်းမှာရှိတဲ့ ဆစ်ဒနီမြို့ကလည်း လူမျိုးပေါင်းစုံ ယဉ်ကျေးမှုပေါင်းစုံ စုစည်း နေတဲ့ မြို့တမြို့ပါ။ အင်္ဂလိပ်ဘာသာစကားက ရုံးသုံးစကားဖြစ်ပေမယ့် အခြားဘာသာစကားပေါင်း ၂၅၀လောက်ကိုလည်း ပြောဆိုကြပါတယ်။ ဆစ်ဒနီမြို့မှာတော့ ဗီယက်နမ် ၊ ဖိလစ်ပိုင် ၊ အီတလီနဲ့ အခြားနိုင်ငံကနေ ပြောင်းရွှေ့လာသူတွေ အများအပြားနေထိုင်ကြပါတယ်။
ဆစ်ဒနီမြို့ဟာ ယဉ်ကျေးမှု အသိအမြင် မြှင့်တင်ဖို့အကြောင်းနဲ့ ပတ်သက်တဲ့ပွဲတော်ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပလေ့ ရှိပါတယ်။
Ref : theculturetrip