၂၀၁၇ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် အကယ်ဒမီ ထူးချွန်ဆုပေးပွဲကြီးတွင် “အမှောင်တွေရွာချတဲ့ မိုးတိမ်” (ကျွန်) ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုကို သရုပ်ဆောင် မြင့်မြတ်က ရရှိခဲ့ပါတယ်။
အကယ်ဒမီ ရရှိတာနဲ့ပတ်သက်ပြီး မြင့်မြတ်က “We Love မြင့်မြတ်အဖွဲ့က ညီလေးတို့၊ ညီမလေးတို့ရေ အခု အစ်ကို “အကယ်ဒမီ မြင့်မြတ် ဖြစ်ပါပြီ”လို့ ပြောချင်ပါတယ်။ အရမ်းတွေ စိတ်လှုပ်ရှားပြီးတော့ ကျေးဇူးတင်စကားကို ဘယ်လို ပြောရမှန်းမသိ ဖြစ်နေပါတယ်။ ကျေးဇူးတင်ထိုက်သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်” လို့ မြင့်မြတ်က ပြောပါတယ်။
မြင့်မြတ်ကတော့ ယခုနှစ် အကယ်ဒမီ စာရင်းဝင် ဇာတ်ကားများထဲမှာ ဟာသရုပ်ရှင် ဇာတ်ကားများ အရေအတွက်က များနေပြီး ဒရာမာဇာတ်ကား အနေဖြင့် “အမှောင်တွေ ရွာချတဲ့ မိုးတိမ်” (ကျွန်) ဇာတ်ကားတကားသာ ပါရှိနေကာ ဇာတ်ပို့ နေရာအတွက် ပရိသတ်ရဲ့ တစ်ကြိုပေးခြင်းခံရပြီးနောက် ယခုအခါ အကယ်ဒမီ ရရှိခြင်း ဖြစ်ပါတယ်။
မြင့်မြတ်ဟာ မနှစ်က ၂၀၁၆ ခုနှစ်၊ အကယ်ဒမီ ပေးပွဲမှာလည်း “ခိုးဆိုးလုနှိုက်” ရုပ်ရှင်ဇာတ်ကားနဲ့ ပရိသတ်ရဲ့ အကယ်ဒမီတစ် ကြိုပေးခြင်းခံရသော်လည်း လွဲချော်သွားခဲ့ပါတယ်။ မြင့်မြတ်ရဲ့ သူငယ်ချင်းတဦးဖြစ်သူ အဆိုတော် ယုန်လေးက ဒီနှစ်မှာ မြင့်မြတ်ကို အကယ်ဒမီ ရစေချင်တယ်လို့ မကြာသေးခင် ရက်ပိုင်းအတွင်းက သူ့ရဲ့ Facebook အကောင့်မှာ ရေးသားတင်ခဲ့ ပါသေးတယ်။
ဆက်စပ် သတင်းလင့်ခ် – “မြင့်မြတ်ကို သရုပ်ဆောင် ထူးချွန်လို့ အကယ်ဒမီ ရစေချင်တယ်”လို့ ပြောတဲ့ ယုန်လေး