Entertainment

"မူပိုင်ခွင့်တွေ ရှိလာတာ အဆိုတော်သစ်တွေအတွက် တွန်းအား ဖြစ်စေတယ်"လို့ ငွေဇင်လှိုင်း ပြော

Myanmar Idol Season 3 ကနေ ပရိသတ် အားပေးမှု ရရှိလာခဲ့တဲ့ အဆိုတော် ငွေဇင်လှိုင်းက မူပိုင်ခွင့်တွေ ရှိလာတာဟာ အဆိုတော်သစ်တွေအတွက် အခက်အခဲတွေ ကြုံတွေ့သလို တွန်းအားလည်း ဖြစ်စေတယ်လို့ ဆိုပါတယ်။

“မူပိုင်ခွင့်တွေ ရှိတော့ အဆိုတော်သစ်တွေအတွက် အခက်အခဲတွေ ကြုံတွေ့သလို တွန်းအားလည်း ဖြစ်တယ်။ ကိုယ့် ကိုယ်ပိုင်သီချင်းတွေ၊ ကိုယ့်ရဲ့သွေးထဲ အသားထဲက ထွက်လာမယ့် သီချင်းတွေကို ဖန်တီးပေးလိုက်သလိုလည်း ဖြစ်တယ်။ ပိုပြီးတော့ ကြိုးစားချင်စိတ်လည်း ဖြစ်တယ်။ ငွေဇင်တို့ မဟုတ်ဘူးဆိုရင် ဒီလိုပဲသွားလို့ ရနေလို့ ဒီလိုပဲ သွားနေကြရင် Music ပိုင်းတွေလည်း တိုးတက်လာမှာ မဟုတ်ဘူး။ ဒီလိုပဲ ပြီးသွားမှာပဲ။ အခုလိုကျတော့ ပိုကြိုးစားဖို့ အခွင့်အရေးတွေ ဖြစ်လာတယ်”

“ငွေဇင်တို့လို အသစ်တွေက အချိန်တိုင်းကြိုးစားနေဖို့ လိုအပ်တာပါ။ ပြိုင်ပွဲတုန်းက အရမ်းအားပေးကြတယ်။ သူတို့က ငွေဇင်တို့ ဖန်တီးလာမယ့် တကယ့် အနုပညာတွေကို မျှော်လင့်ကြတာလေ။ ငွေဇင်တို့ ဆက်မလုပ်ရင် ဘာမှဖြစ်လာမှာ မဟုတ်ဘူး။ ဆက်လုပ်မှ ကိုယ်ဖန်တီးတဲ့ အနုပညာထွက်လာမှာဆိုတော့ ပရိသတ် အားပေးတာ၊ အားမပေးတာ ကိုယ့်ကြိုးစားမှုနဲ့ ပဲဆိုင်ပါတယ်။ ကြိုးစားရင် ကြိုးစားသလောက် နေရာရမယ်လို့ ငွေဇင် ထင်ပါတယ်”လို့ ငွေဇင်လှိုင်းက ပြောပါတယ်။

ငွေဇင်လှိုင်းကတော့ မကြာခင်မှာ ကိုယ်တိုင် သရုပ်ဆောင်ထားတဲ့ Music Video တပုဒ် အွန်လိုင်းမှာ တင်ပေးဖို့ရှိသလို Mini Album ထွက်ဖို့လည်း ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

“လတ်တလောမှာတော့ Music Video သီချင်းလေးတပုဒ် လုပ်ထားတာလေး ပရိသတ်တွေကို ချပြသွားဖို့ ရှိတယ်။ အဲ့သီချင်းလေးကို အရမ်းအားစိုက်ထားပါတယ်။ အားလုံးနဲ့ ထပ်တူကျမယ်လို့ထင်လည်း ထင်ပါတယ်။ မျှော်လည်း မျှော်လင့်ပါတယ်။ အဲ့သီချင်းပုံစံက ငွေဇင် အရမ်းလုပ်ချင်တဲ့ ပုံစံမျိုးပါပဲ။ ဘယ်လို ဆိုတာတော့ မပြောသေးပါဘူး။ ကိုယ်တိုင်ပဲ သရုပ်ဆောင်သွားမှာပါ။ သရုပ်မဆောင်ရသေးဘူး။ ရင်ခုန်နေတယ်။ ဒါရိုက်တာနဲ့ တိုင်ပင်ပြီးတော့ သီချင်းကိုပဲ ခံစားပြီး သရုပ်ဆောင်မှာပါ”

“သရုပ်ဆောင်ဖို့ကတော့ အခက်အခဲ ရှိတယ်။ ကိုယ်တိုင်က သရုပ်မဆောင်တတ်ဘူးလေ။ အကောင်းဆုံးတော့ ကြိုးစားဖန်တီးသွားမှာပါ။ သရုပ်ဆောင် ကမ်းလှမ်းလာရင်လည်း မလုပ်ပါဘူး။ သရုပ်လည်း မဆောင်တတ်ပါဘူး။ နေလည်း မနေတတ်ဘူး။ ငွေဇင် Mini Album လေး ထွက်ဖို့လည်း ပြင်ဆင်နေပါတယ်။ သီချင်း ၆ ပုဒ်လောက်ကို ကျစ်ကျစ်လစ်လစ်လေး ဖြစ်အောင်လုပ်မှာပါ။ အခွေက Winner ထွက်ပြီးမှ Mini Album ထွက်ဖြစ်ပါမယ်” လို့ ငွေဇင်လှိုင်းက ပြောပါတယ်။

ငွေဇင်လှိုင်းဟာ Myanmar Idol Season 3 ရဲ့ ပြိုင်ပွဲဝင်တဦးဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေး လက်ခံမှုကို ရရှိထားတဲ့ အဆိုတော်တဦးလည်း ဖြစ်ပါတယ်။

Loading