သရုပ်ဆောင် အေးမြတ်သူဟာ အကယ်ဒမီရပြီးနောက်ပိုင်း ပြောင်းလဲမှုအနေနဲ့ အနေအထိုင်အပိုင်းမှာ ထိန်းထိန်းသိမ်းသိမ်း နေ ဖြစ်လာတယ်လို့ ဆိုပါတယ်။
“အကယ်ဒမီရပြီးနောက်ပိုင်း ကိုယ့်ကို ပိုပြီးလှလာတယ်။ ပိုပြီးချစ်ဖို့ ကောင်းလာတယ်ပြောတဲ့အတွက် အရမ်းကျေးဇူးတင် ပါတယ်။ ကျန်တာတော့ အများကြီးပြောင်းလဲ မသွားပါဘူး။ စကားလေးတော့ ထိန်းထိန်းသိမ်းသိမ်းလေး တော့ ပြောလာတယ်ထင်တယ်။ ထိန်းထိန်းသိမ်းသိမ်းနေပါတယ်။ ပွင့်လင်းလွန်းပြန်ရင်လည်း တခါတလေကျရင် လူတယောက်ကို မျက်စိနောက်စေတယ်လေ”
“ ကိုယ့်ရဲ့ အပြုအမူတွေက တဖက်သားအတွက် စရိုက်ဆန်သွားတာမျိုးတွေ၊ တဖက်သားက အထင်သေးသွားမယ့် အပြုအမူမျိုးတွေ မဖြစ်အောင်လို့ သေသေချာချာလေးတော့ ကြိုးစားပြီး တည်ဆောက်နေပါတယ်။ ဒါကလည်း ပရိသတ်တွေက ဝိုင်းပြီးတော့ ပြောကြလို့၊ ဝိုင်းပြီးဝေဖန်ပေးကြလို့ပေါ့နော်။ အဲဒါတော့ သေသေချာချာလေးဖြစ်အောင် နေကြည့်ပါမယ်”လို့ သရုပ်ဆောင် အေးမြတ်သူက ပြောပါတယ်။
သရုပ်ဆောင် အေးမြတ်သူဟာ သူမချစ်တဲ့ ပရိသတ်တွေအတွက် ဇာတ်ကားကောင်းတွေ၊ ကာရိုက်တာ ကောင်းတွေကို ရွေးချယ်ရိုက်ကူးသွားမယ်လို့လည်း ဆိုပါတယ်။
“အဓိက က လုပ်ပိုင်ခွင့်ပါရှင့်။ ကိုယ်ဘယ်လောက်အထိ ဒီကာရိုက်တာထဲမှာ လုပ်နိုင်မလဲ။ အရင်ကထက်တော့ ကိုယ်လောဘကြီးလာတာ အမှန်ပဲ။ ဇာတ်ကားတကားမှာ ကိုယ့်ရဲ့ ပါဝင်နိုင်မှုစွမ်းအားနဲ့ ကိုယ့်လုပ်နိုင်စွမ်းတွေကို ပိုပြီးတော့ လိုချင်လာတယ်။ အဲဒါတော့ လောဘကြီးတယ်၊ ကျန်တာတွေတော့ လောဘမကြီးပါဘူး”
“အေးမြတ်သူတို့လည်း စီးပွားရေးလုပ်ချင်ပါတယ်။ လူတိုင်းက ချမ်းသာကြွယ်ဝချင်ကြတယ်လေ။ ပြီးပြည့်စုံချင်ကြတယ်။ အဲ့လို ဖြစ်ဖို့ အလုပ် လုပ်နေမှရမှာပေါ့။ အေးမြတ်သူလည်း အသက်မွေးဝမ်းကြောင်းအနေနဲ့ အနုပညာကိုလုပ်တယ်။ အနောက်ထပ်ထပ်ပြီး စီးပွားရေးသမားဖြစ်ချင်လည်း လုပ်ဖို့ကြိုးစားရမှာ။ အေးမြတ်သူတို့က အရှုံးမခံရဲတဲ့ သတ္တိမရှိတာ ကြောင့် စီးပွားရေးလုပ်လို့ အဆင်မပြေဘူးပေါ့”လို့ အေးမြတ်သူက ပြောပါတယ်။
အေးမြတ်သူဟာ အနုပညာအလုပ်ကို အသက် ၁၉ နှစ်အရွယ်ကတည်းက စတင်လုပ်ကိုင်ခဲ့တာပါ။ အခုဆိုရင်တော့ အသက် ၃၃ နှစ်ကျော်ပြီဖြစ်တဲ့ မင်းသမီးချောတယောက် ဖြစ်ပါတယ်။ အခုချိန်မှာတော့ ရုပ်ရှင်ဇာတ်ကားတွေ၊ ဗီဒီယို ဇာတ်ကားတွေ၊ တီဗီကြော်ငြာပေါင်း များစွာတို့ကို ရိုက်ကူးခဲ့ပါတယ်။ ဒီနှစ်မှာလည်း “နောင်တွင် ဥဒါန်းတည်စေသတည်း” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ ဆုကိုရရှိပါသေးတယ်။
You may also like these stories:
“ကျနော် ချစ်တဲ့သူကိုပဲ အိမ်ထောင်ဖက်အဖြစ် ရွေးမှာပါ”လို့ ပြောတဲ့ ဟိန်းဝေယံ
“ပထမဦးဆုံး စဖြစ်တာကတော့ သေဖို့များတယ် တွေးမိတာပေါ့”လို့ ပြောတဲ့ နေမင်းရဲ့ အတွေ့အကြုံ
အစ်ကိုဖြစ်သူ ဒါရိုက်တာ မိုက်တီးရဲ့ လက်ရှိ ကျန်းမာရေးအကြောင်း ပြောပြတဲ့ လင်းဇာနည်ဇော်
မွေးနေ့အလှူ လုပ်ဖြစ်တဲ့အကြောင်း ပြောပြတဲ့ သရုပ်ဆောင် လူမင်း