အဆွေးသီချင်း အေးအေးလေးတွေ သီဆိုရင်း ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့တဲ့ အဆိုတော် ဂျူဝယ်လ်ကတော့ သူ့ရဲ့ပထမဆုံး ထွက်ရှိထားတဲ့ “Jewel First Solo Album” ထဲက သီချင်းတွေကို Music Video ရိုက်နေတယ်လို့ ဆိုပါတယ်။
“ခရီးက ပြန်ရောက်တာလည်း မကြာသေးတော့ အရင် မပြတ်သေးတဲ့ သီချင်းလက်ကျန်လေးတွေ ဖြတ်နေတယ်။ နောက်ထပ်လည်း သီချင်းတွေ လုပ်နေပါတယ်။ ဂျူဝယ့်လ် အခွေထဲက သီချင်းတွေကို Music Video ရိုက်နေတယ်။ ဒီကြားထဲမှာ ပွဲလေးတွေလည်း လုပ်ဖို့ရှိပြီး ကိုဖြိုးပြည့်စုံနဲ့ အတွဲအခွေလေး ထွက်ထားပါတယ်”လို့ အဆိုတော် ဂျူဝယ်က ပြောပါတယ်။
ဆက်လက်ပြီး အဆိုတော် ဂျူဝယ်လ်ကတော့ သူ့အနေနဲ့ အရမ်းမြူးတဲ့ သီချင်းတွေ ဆိုနိုင်ဖို့ ကြိုးစားရဦးမယ်လို့ ဆိုပါတယ်။
“အရမ်းမြူးတဲ့ သီချင်းတွေ ဆိုနိုင်ဖို့လည်း ကြိုးစားရဦးမယ်။ အခုကတော့ ကိုယ်အားသန်တဲ့ လိုင်းနဲ့ပဲ ပရိသတ်ဆီ သွားချင်ပါသေးတယ်။ Cover Song တွေလည်း ပြန်ဆိုဖို့ မရှိသေးပါဘူး”လို့ ဂျူဝယ်လ်က ပြောပါတယ်။
မကြာသေးခင်က အဆိုတော် အောင်ရင်၊ အိမ့်ချစ်တို့နဲ့အတူ အမေရိကားကို Music Tour သွားရောက် ဖျော်ဖြေခဲ့တာနဲ့ ပတ်သက်ပြီးတော့လည်း ဂျူဝယ်လ်က အခုလိုပဲ ပြောပါတယ်။
“ခရီးသွားတော့ အိမ့်ချစ်တို့၊ ဦးအောင်ရင်တို့ဆီက သင်ယူရတာတွေလည်း အများကြီး ရှိပါတယ်။ အိမ့်ချစ်ဆိုလည်း သူငယ်ချင်းတယောက်လို ခင်ဖို့ ကောင်းတယ်။ ဦးအောင်ရင်ဆိုရင်လည်း သမီးတယောက်လို ချစ်ခင်တယ်။ ခရီးစဉ်က အရမ်းပျော်ဖို့ ကောင်းခဲ့တယ်”လို့ ဂျူဝယ်လ်က ဆိုပါတယ်။
အဆိုပြိုင်ပွဲတွေကို ဝင်ပြိုင်မယ့် ပြိုင်ပွဲဝင်တွေအတွက်လည်း ဂျူဝယ်လ်က အကြံပေးစကား ပြောခဲ့ပါတယ်။
“ပြိုင်ပွဲ ဝင်ပြိုင်မယ့် သူငယ်ချင်းတွေကို ပြောချင်တာက ပြိုင်ပွဲဆိုတာ ဂျူဝယ်လ်တို့ တက်လှမ်းရာ ခြေလှမ်းတခု၊ ပြိုင်ပွဲပြီးရင်လည်း ရပ်နေလို့ မရဘူး။ လုပ်ဆောင်ရမယ့် အလုပ်တွေ အများကြီးပေါ့။ ပြိုင်ပွဲမှာ ရှုံးနိမ့်တာ၊ အောင်မြင်တာဖြစ်စေ ဒါဘဝ မဟုတ်ဘူး၊ ယှဉ်ပြိုင်တော့ ကြည့်သင့်တယ်၊ ယှဉ်ပြိုင်ရင်လည်း သူများတွေနဲ့ မယှဉ်ပြိုင်ဘဲနဲ့ ကိုယ့်ကိုယ်ပဲ ယှဉ်ပြိုင်ပါ”လို့ ဂျူဝယ်လ်က ပြောပါတယ်။
ဂျူဝယ်လ်ကတော့ သြဂုတ်လ ၂၄ ရက်နေ့မှာ ရေဘေးအတွက် ရန်ပုံငွေ ဘောလုံးပွဲနဲ့ ဂီတဖျော်ဖြေပွဲမှာလည်း ဝင်ရောက် ဖျော်ဖြေဦးမယ်လို့ ဆိုပါတယ်။
“ရေဘေးနဲ့ ပတ်သက်ပြီးလည်း လက်လှမ်းမီသလောက် လှူဒါန်းထားပါတယ်။ ကိုယ်တိုင်တော့ မသွားနိုင်သေးတော့ ကိုယ်တတ်နိုင်တဲ့ ငွေကြေးလေးနဲ့ အဝတ်အထည်တွေတော့ လှူဒါန်းနေပါတယ်။ ရေဘေး၊ စစ်ဘေး သတင်းတွေ တက်လာတာ ဝမ်းနည်းတယ်။ ကိုယ်ချင်းစာပါတယ်။ ဒါပေမဲ့ ကိုယ်လည်း ဘယ်လိုမှ မတတ်နိုင်ဘူးလေ။ အတတ်ဆုံးတော့ ငွေအားလေး လှူဒါန်းဖြစ်ပါတယ်။ ၂၄ ရက်နေ့၊ ရေဘေးအတွက် ရန်ပုံငွေ ဘောလုံးပွဲနဲ့ ဂီတဖျော်ဖြေပွဲမှာလည်း အားဖြည့်ပေးမှာပါ”လို့ ဂျူဝယ်လ်က ပြောပါတယ်။
အဆိုတော် ဂျူဝယ်လ် (Jewel) ဟာ “Message” ၊ “အလွမ်းသီချင်း” စတဲ့သီချင်းများနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားပြီး Cover သီချင်းများ သီဆိုရာမှာလည်း ပရိသတ်တွေ အားပေးကြပါတယ်။ ဂျူဝယ်လ်ကတော့ “Jewel First Solo Album” ဆိုတဲ့ ပထမဆုံး တကိုယ်တော်အခွေ ထွက်ရှိထားပါတယ်။
You may also like these stories:
တကိုယ်တော်သီချင်းခွေက ရောင်းအားအကောင်းဆုံးဖြစ်ခဲ့တယ်လို့ အဆိုတော် Jewel ပြော
ဧရာဝတီမြစ်အကြောင်း ရိုက်ကူးထားတဲ့ လင်းသျှီလ(မြစ်ခြေ) ရဲ့ “ဒဏ္ဍာရီ နတ်မိမယ်”သီချင်း
“မူပိုင်ခွင့်တွေ ရှိလာတာ အဆိုတော်သစ်တွေအတွက် တွန်းအား ဖြစ်စေတယ်”လို့ ငွေဇင်လှိုင်း ပြော
တက္ကသိုလ်ဝင်တန်း အောင်သွားပြီဖြစ်လို့ အနုပညာ အလုပ်တွေ ပိုလုပ်သွားမယ့် မေလသံစဉ်