ကိုရီးယား – မြန်မာ နှစ်နိုင်ငံ ပူးပေါင်း ရိုက်ကူးတဲ့ “တိမ်တွေပေါ်ကပန်း” ရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်ထားတဲ့ ဝတ်မှုံရွှေရည်က ဒီဇာတ်ကားကပေးတဲ့ Message ဟာ သူ့အတွက် အများကြီး တန်ဖိုးရှိတယ်လို့ ပြောပါတယ်။
“အနုပညာ ကျန်မယ့်ကား ဆိုပြီးလည်း ပြောလို့ရတယ်။ နောက်ပြီးတော့ ဒီကားမှာပေးချင်တဲ့ Message တွေအများကြီး ပါတယ်။ အဓိကက ဒီကားထဲက စနိုးဆိုတဲ့ မိန်းကလေး ဇာတ်ရုပ်ပေါ့။ ခွန်အားတွေ အများကြီးပေးပါလိမ့်မယ်။ ဒီကားထဲက Message က ကစ်အတွက် အများကြီးတန်ဖိုး ရှိပါတယ်”လို့ ဝတ်မှုံရွှေရည်က ပြောပါတယ်။
ဒီကား ရိုက်ကူးရေးကိုတော့ ကိုရီးယားနိုင်ငံနဲ့ ချင်းပြည်နယ်တို့မှာသွားရောက် ရိုက်ကူးတာဖြစ်ပြီး အခက်အခဲများစွာကြားထဲက ရိုက်ကူးခဲ့ရတယ်လို့ ဆိုပါတယ်။
“ရိုက်ကူးရေး အခက်အခဲ လမ်းခရီးမှာဆိုရင်လည်း ခက်ခဲတယ်။ အခက်အခဲဆိုတာတော့ အလုပ်တိုင်းမှ ာရှိပါတယ်။ ဒါပေမယ့် သွားရတာက ကစ်တို့ တခါမှ မရောက်ဖူးတဲ့နေရာ၊ ဖလမ်းတို့ ဘာတို့ပဲ မဟုတ်ဘူး။ ထန်တလန်ဆိုတာ အဝေးကြီး ဆက်သွားရတယ်။ ထန်တလန်ကနေ နောက်ထပ် မြို့တမြို့လည်း သွားရသေးတယ်။ လမ်းမှာ တောင်တွေပြိုတာမျိုးတွေ ကားနဲ့ ဆက်သွားလို့ မရတာမျိုးတွေနဲ့ ခက်ခက်ခဲခဲ သွားခဲ့ရတယ်”လို့ ဝတ်မှုံရွှေရည်က ပြောပါတယ်။
အခက်အခဲများစွာနဲ့ ရိုက်ကူးထားတာဖြစ်တဲ့အတွက် ရုံတင်ပြသတဲ့အခါမှာလည်း ရလဒ် ကောင်းမယ်လို့ ယုံကြည်တယ်လို့ ဆိုပါတယ်။
“အခက်အခဲကတော့ အများကြီးမှ အများကြီးပဲ။ ကစ်ရဲ့ခက်ခက်ခဲခဲနဲ့ ရိုက်ရတဲ့ ကားတွေထဲမှာ ပါတယ်။ အရှေ့မှာလည်း ပင်ပန်းခက်ခဲပြီး ရိုက်ရတဲ့ကားတွေလည်း ရှိပါတယ်။ ဒါပေမယ့် ဒီကားကလည်း အဲ့လိုပဲ အခက်အခဲတွေ ကြုံခဲ့ရတယ်။ အကုန်လုံးကလည်း ဇာတ်ကားကောင်းတကား ဖြစ်ဖို့အတွက် ရည်ရွယ်ချက်နဲ့ သွားတာဖြစ်တဲ့အတွက် ဘယ်လိုပဲပဲဖြစ်ဖြစ် Result ကောင်းမယ်လို့ ယုံကြည်ပါတယ်”လို့ ဝတ်မှုံရွှေရည်က ပြောပါတယ်။
“တိမ်တွေပေါ်ကပန်း” ရုပ်ရှင်ကားကိုတော့ ဒါရိုက်တာ စင်ရော်မောင်မောင်နဲ့ သားဖြစ်သူ မင်းသန့်မောင်မောင်တို့ ရိုက်ကူးထားတာဖြစ်ပြီး သရုပ်ဆောင်များအဖြစ် ကိုရီးယားသရုပ်ဆောင် Ryu Sang Wook၊ ကျော်ထက်အောင်၊ မေသန်းနု၊ ဝတ်မှုံရွှေရည်တို့ အဓိက ပါဝင် သရုပ်ဆောင်ထားပါတယ်။
ဒီဇာတ်ကားဟာ လက်ရှိ အချိန်မှာတော့ ရိုက်ကူးမှုများ အားလုံးပြီးစီးသွားပြီဖြစ်ကာ Editing လုပ်နေပြီ ဖြစ်ပြီး ရုံတင်ဖို့ပဲ ကျန်တော့တယ်လို့ သိရပါတယ်။