တရုတ်လျှပ်စစ်ကား တံဆိပ်ဖြစ်သည့် BYD ဖြန့်ချိခွင့်ရသော မြန်မာမှ လုပ်ငန်း သုံးခုသည် လျှပ်စစ်ကားများကို မြန်မာတွင် တပ်ဆင်ရောင်းချရန် စီစဉ်နေသည်။
ထိုလုပ်ငန်း သုံးခုမှာ Prime Auto, EV Power နှင့် Essential Motors တို့ဖြစ်ပြီး ၎င်းတို့အနက် နှစ်ခုတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ သား အောင်ပြည့်စုံ၏ ဘဏ္ဍာရေး အကျိုးစီးပွား ပါဝင်သည်ဟု ဆိုသည်။
၎င်းတို့သည် ပြည်တွင်းတွင် တပ်ဆင်ထုတ်လုပ်သည့် (SKD) စနစ်ဖြင့် ထိုကားများကို မြန်မာတွင် တစိတ်တပိုင်း ထုတ်လုပ် ရောင်းချမည် ဖြစ်သည်။ SKD စနစ်ဆိုသည်မှာ ယာဉ်အစိတ်အပိုင်းများကို ပြည်ပမှ တင်သွင်းလာပြီး ပြည်တွင်းတွင် တပ်ဆင်ရောင်းချသည့်စနစ် ဖြစ်သည်။
Prime Auto သည် BYD လျှပ်စစ်ကားများကို နိုင်ငံတကာ အရေးယူပိတ်ဆို့မှု ခံနေရသည့် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် (MEHL) နှင့် ဖက်စပ်ထုတ်လုပ်လိုသည်ဟု စစ်ကောင်စီလိုလားသော မီဒီယာက ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ဖော်ပြခဲ့သည်။
MEHL သည် ထိုဖက်စပ်လုပ်ငန်းတွင် ရှယ်ယာ ၅၁ ရာခိုင်နှုန်း ပါဝင်မည်ဟု ၎င်းတို့က ပြောသည်။
သို့သော် Prime Auto အမှုဆောင်တဦးက ထိုသတင်းကို ငြင်းပယ်ပြီး ၎င်းတို့သည် ထိုလုပ်ငန်းအတွက် MEHL ထံမှ မြေကို နှစ် ၃၀ ငှားရမ်းခြင်းသာဖြစ်ကြောင်း ပြောသည်။
“အခုလောလောဆယ် ကျနော်တို့က MEHL ပိုင်တဲ့မြေကိုငှားပြီး အဲဒီငှားထားတဲ့မြေမှာ စက်ရုံတည်ဆောက်ဖို့ စီစဉ်နေတယ်” ဟု ထိုအမှုဆောင်က ဧရာဝတီသတင်းဌာနသို့ ပြောသည်။ “MEHL နဲ့ ဖက်စပ်လုပ်ဖို့ စီစဉ်ထားတာ မရှိဘူး” ဟု ၎င်းကပြောသည်။

မြေငှားသည့် ကိစ္စကို ဆက်လက် လုပ်ကိုင်နေဆဲဖြစ်ပြီး အခြား ဖြန့်ချိရေးလုပ်ငန်း နှစ်ခုသည်လည်း ထိုလိုင်စင်ရရန် ကြိုးစားနေသည်ဟု ၎င်းကပြောသည်။
“BYD ရုံးချုပ်က ကုမ္ပဏီတခုကို ဒါမှမဟုတ် ဖြန့်ချိရေးကုမ္ပဏီ အားလုံးကို လိုင်စင်ပေးမလား ဆိုတာတော့ ကျနော် မသိဘူး” ဟု ထိုအမှုဆောင်က ပြောသည်။
BYD အသိအမှတ်ပြု ဖြန့်ချိသူများသည် တပ်ဆင်ထုတ်လုပ်ခွင့်ရရန် လွန်ခဲ့သောနှစ် အစောပိုင်းက စတင်ကြိုးစားခဲ့သည်ဟု မော်တော်ယာဉ်လုပ်ငန်း ၁၂၀ ၏ ဖက်စပ်လုပ်ငန်းဖြစ်သော Myanmar Automobile Development မှ ဒါရိုက်တာတဦးက ပြောသည်။ “လွန်ခဲ့တဲ့အပတ်အနည်းငယ်က အဲဒီလုပ်ငန်းတွေ ပြီးစီးသွားပြီ၊ ဒါကြောင့် ဒီသတင်း ပေါက်ကြားလာပုံရတယ်” ဟု ၎င်းကပြောသည်။
အောင်ပြည့်စုံသည် ၎င်းတို့ကုမ္ပဏီတွင် ဒါရိုက်တာ မဟုတ်သလို ရင်းနှီးမြှုပ်နှံထားခြင်းလည်း မရှိကြောင်း Prime Auto အမှုဆောင်က ပြောပြီး အခြားလုပ်ငန်း နှစ်ခုတွင် စစ်ခေါင်းဆောင်သား၏ အကျိုးစီးပွား ရှိ၊ မရှိ သူ မသိကြောင်းလည်း ပြောသည်။
EV Power နှင့် Essential Motor တို့ကို ဧရာဝတီက မှတ်ချက်တောင်းသော်လည်း အကြောင်း ပြန်ကြားခြင်း မရှိပေ။
တချိန်တည်းတွင် အောင်ပြည့်စုံနှင့် မောင်နှမတော်စပ်သူ ခင်သီရိသက်မွန်သည် NPK Motor မှ သူ၏ရှယ်ယာများဖြင့် တရုတ်မှ Leapmotor အမှတ်တံဆိပ် လျှပ်စစ်ကားများကို မြန်မာတွင် တပ်ဆင်ထုတ်လုပ်နေပြီ ဖြစ်သည်။
သူ၏ စီးပွားဖက် နိုင်ဖြိုးကျော် (ခေါ်) အဲရစ် ယန်း ဥက္ကဋ္ဌလုပ်သည့် NPK တွင် သူသည် အဓိကရင်းနှီးမြှုပ်နှံသူ ဖြစ်သည်ဟု အတွင်းလူများက ပြောသည်။ NPK သည် အဓိကအားဖြင့် MG ကားများ တင်သွင်းပြီး နေပြည်တော်နှင့် အခြားမြို့ကြီးများတွင် အားသွင်းရုံများ တည်ဆောက်သည်။
ထိုကုမ္ပဏီသည် ၂၀၂၄ ခုနှစ်၊ မေလအထိ လျှပ်စစ်မော်တော်ယာဉ် ၅၄၂ စီး တင်သွင်းခဲ့သည်ဟု ဆိုသည်။

နိုင်ဖြိုးကျော်နှင့် ခင်သီရိသက်မွန်တို့သည် အဓိကကျသည့် ရုပ်ရှင်ထုတ်လုပ်ရေးနှင့် မီဒီယာကုမ္ပဏီ 7th Sense Creation ကို တည်ထောင်ကြသူများလည်း ဖြစ်သည်။
မြန်မာမှ သရုပ်ဆောင်ကြေး အမြင့်ဆုံးနှင့် အအောင်မြင်ဆုံး မင်းသမီး ဝတ်မှုံရွှေရည်၏ ခင်ပွန်း နိုင်ဖြိုးကျော်သည် SKD စနစ်အရ မော်တော်ယာဉ်များ တပ်ဆင်ထုတ်လုပ်ရန် ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်တခုကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့က Leapmotor နှင့် လက်မှတ်ရေးထိုးခဲ့သည်။
ထိုသဘောတူညီချက် လက်မှတ်ရေးထိုးသည့်အချိန်သည် မင်းအောင်လှိုင် တရုတ်သို့ သွားရောက်ပြီး ရှန်ကျန်းမှ BYD ရုံးချုပ်သို့ သွားသည့်အချိန်နှင့် တိုက်ဆိုင်နေသည်။
ထိုခရီးစဉ်သည် သူ့မိသားစုအကျိုးစီးပွားကို မြှင့်တင်ရန် ရည်ရွယ်သည်ဟု အတွင်းလူများက ပြောသည်။
မြန်မာတွင် ပထမဆုံးတပ်ဆင်သည့် လျှပ်စစ်မော်တော်ယာဉ်မှာ Leapmotor T03 ဖြစ်ပြီး ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ် လက်မှတ်ထိုးပြီး နှစ်လမျှကျော်အကြာ ယခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် စတင်ဖွင့်လှစ်သည်။ ဝတ်မှုံရွှေရည်သည် ထိုဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။
စစ်ကောင်စီနှင့် ခရိုနီများသည် လိုအပ်သည့် အခြေခံအဆောက်အအုံများ တည်ဆောက်ရန်နှင့် နိုင်ငံတွင် အသုံးပြုရန် လုံလောက်သော လျှပ်စစ်ဓာတ်အားပံ့ပိုးမှု မရှိစေကာမူ လျှပ်စစ်ကား တင်ပို့သည့်လုပ်ငန်းမှ အကျိုးအမြတ်များစွာ ရနေသည်ဟု ကားကုန်သည်များက ပြောသည်။
တချိန်တည်းတွင် စစ်ကောင်စီသည် အာဏာသိမ်းပြီး နောက်ပိုင်းတွင် နိုင်ငံခြားငွေ မလုံလောက်ခြင်းကို အကြောင်းပြပြီး လောင်စာဆီသုံး မော်တော်ယာဉ် သွင်းကုန်လိုင်စင် ထုတ်ပေးခြင်း မရှိတော့ပေ။
မြန်မာ၏ လျှပ်စစ်မော်တော်ယာဉ် လုပ်ငန်းသည် လျှပ်စစ်ဓာတ်အား ကြာရှည်ပြတ်တောက်ခြင်းနှင့် အားသွင်းရုံ မရှိခြင်းကြောင့် သိသိသာသာ နှေးကွေးနေသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Crony Distributors Seek to Manufacture BYD EVs in Myanmar ကို ဘာသာပြန်သည်။)
You may also like these stories:
တရုတ် BYD လျှပ်စစ်ကားရုံးချုပ်သို့ မင်းအောင်လှိုင် သွားပြီး မိသားစုစီးပွားရေး ခိုင်မာအောင် လုပ်
စစ်ခေါင်းဆောင် သားနဲ့သမီး အုပ်စီးထားတဲ့ လျှပ်စစ်ကားလုပ်ငန်း (ရုပ်/သံ)
မင်းအောင်လှိုင်၏ လျှပ်စစ်ကား အိပ်မက်
ပြည်သူကို မီးမှန်အောင်မပေးနိုင်ဘဲ လျှပ်စစ်ကားအားသွင်းရုံများ ဆောက်ရန်ပြင်နေ
စိတ်မမှန်သူတိုင်း အခွန်လွတ် လျှပ်စစ်ကားကြီး စီးပြီ