“Parasite” ရုပ်ရှင်ဟာ (၉၂) ကြိမ်မြောက် အကယ်ဒမီ ဆုပေးပွဲအတွက် နိုင်ငံခြားစကားပြော ရုပ်ရှင်ဆု ပဏာမ ဆန်ခါတင် စာရင်းမှာ ပါဝင်လာတာကို တွေ့ရပါတယ်။
ရုပ်ရှင်အနုပညာနဲ့ သိပ္ပံအကယ်ဒမီက မှတ်တမ်းရုပ်ရှင်ဆု၊ မှတ်တမ်းတိုရုပ်ရှင်ဆု၊ နိုင်ငံခြားစကားပြောရုပ်ရှင်ဆု၊ မိတ်ကပ်နဲ့ ဆံပင်စတိုင်ဆု၊ ဂီတ(မူရင်းတေးသွား)၊ ဂီတ (မူရင်းသီချင်း)၊ အန်နီမေးရှင်း ရုပ်ရှင်တိုဆု၊ Live Action ရုပ်ရှင်တိုဆု၊ အထူးပြုလုပ်ချက်ဆု တို့အပါအဝင် ဆုအမျိုးအစား ၉ ခုအတွက် ပဏာမ ဆန်ခါတင်စာရင်းကို ဒီဇင်ဘာလ ၁၆ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
အဲ့ဒီ ပဏာမ ဆန်ခါတင်စာရင်း ၁၀ ခုထဲက နောက်ဆုံးအဆင့် ဆန်ခါတင် ၅ ခုကို တခြားကျန်ရှိတဲ့ ဆုအမျိုးအစားတွေရဲ့ ဆန်ခါတင်စာရင်းနဲ့အတူ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁၃ ရက်မှာ ကြေညာဖို့ရှိနေပါတယ်။ နိုင်ငံတကာမှာ အထူး အောင်မြင်ခဲ့တဲ့ “Parasite” ရုပ်ရှင်ဟာ စပိန်နိုင်ငံမှ “Pain and Glory” ရုပ်ရှင်၊ ပြင်သစ်နိုင်ငံမှ “Les Misérables” ရုပ်ရှင်တွေနဲ့အတူ ပဏာမ စာရင်းမှာ ပါဝင်လာခဲ့ပါတယ်။
“Parasite” ရုပ်ရှင်ထဲကမင်းသား Choi Woo Sik သီဆိုထားတဲ့ “A Glass of Soju” သီချင်းဟာ ဂီတ (မူရင်းသီချင်း) ဆု ပဏာမ စာရင်းမှာ ပါဝင်ခဲ့ပါတယ်။ အဲ့ဒီဆုအမျိုးအစားမှာ ပါဝင်ခဲ့တဲ့ တခြားသီချင်းတွေကတော့ “Aladdin” ရုပ်ရှင်မှ “Speechless” ၊ “Frozen 2” မှ “Into the Unknown” ၊ “The Lion King” မှ “Spirit” နဲ့“Rocketman”မှ “(I’m Gonna) Love Me Again” သီချင်းတို့ ဖြစ်ပါတယ်။
(၉၂) ကြိမ်မြောက် အကယ်ဒမီဆုပေးပွဲကို ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၉ ရက်နေ့ကျရင် ဟောလိဝုဒ်မှာ ရှိတဲ့ Dolby Theatre မှာ ကျင်းပမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မေလအတွင်းမှာပြုလုပ်ခဲ့တဲ့ ကိန်းစ်ရုပ်ရှင်ပွဲတော်မှာလည်း “Parasite” ရုပ်ရှင်ဟာ Palme d’Or ဆုကြီးကို ရရှိခဲ့ပြီး တောင်ကိုရီးယားရုပ်ရှင်တွေထဲမှာ အဲ့ဒီဆုကို ရရှိခဲ့တဲ့ ပထမဆုံးဆုအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒါ့အပြင် Time မဂ္ဂဇင်းက ရွေးချယ်တဲ့ ၂၀၁၉ ခုနှစ်အတွက် ထိပ်တန်းရုပ်ရှင် ၁၀ ကားစာရင်းမှာလည်း ပါဝင်ခဲ့ပါတယ်။
Ref: soompi
You may also like these stories:
အမေရိက ရုံဝင်ငွေစာရင်းမှာ အောင်ပွဲခံနေတဲ့ “Parasite” ရုပ်ရှင်
၂၀၂၀ အော်စကာဆုပေးပွဲအတွက် အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆု စာရင်း ခန့်မှန်းထွက်ပေါ်