မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ ကိုဗစ် ဒုတိယလှိုင်းဟာ ပထမလှိုင်းထက် ပိုးတွေ့ လူနာ ပိုများတာကြောင့် ဆေးရုံများ၊ Quarantine စင်တာများနဲ့ ကိုဗစ် ကုသရေးစင်တာတွေမှာ ကျန်းမာရေးဝန်ထမ်းတွေ၊ စေတနာ့ ဝန်ထမ်းတွေ အများအပြား လိုအပ်လျက်ရှိပါတယ်။ အနုပညာရှင် အချို့ကလည်း ကိုဗစ်ကာလမှာ Volunteer များအဖြစ် ပါဝင်လုပ်ကိုင်ကြတာ တွေ့ရပါတယ်။
ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီဆေးရုံကြီးမှာ စေတနာ့ဝန်ထမ်းအဖြစ် COVID-19 Positive လူနာတွေရဲ့ ဝေယျာဝစ္စတွေ လုပ်ကိုင်ပေးနေတဲ့ အဆိုတော် ဒေးဗစ်လိုင်ကို စေတနာ့ဝန်ထမ်း လုပ်ဖြစ်ပုံ၊ အတွေ့အကြုံများနဲ့ အခက်အခဲများအကြောင်း ဧရာဝတီ သတင်းဌာနမှ ဆက်သွယ် မေးမြန်းထားပါတယ်။
မေး ။ ။ ဝေဘာဂီဆေးရုံမှာ စေတနာ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နေတယ်လို့ သိရပါတယ်။ အခုဆိုရင် ဘယ်လောက်ကြာပြီလဲ။
ဖြေ ။ ။ အခု လုပ်နေတာ ၃ ပတ် ရှိပြီ။ အတွေ့အကြုံကတော့ အများကြီး ရပါတယ်။ ကျန်းမာရေး Volunteer ပေါ့။ ကျန်းမာရေး အသိပညာတွေ အများကြီး ရပါတယ်။ ပြီးတော့ ကိုယ်မလုပ်ဖူးတဲ့ အရာတွေ အများကြီး လုပ်ဖြစ်သွားတယ်။ ၃ ပတ်ဆိုတဲ့ အတောအတွင်းမှာ ကျနော် တသက်လုံးမှာ မလုပ်ဖူးတဲ့ PPE ဝတ်စုံဝတ်တာတို့က ကျနော့်အတွက် အသစ်ကြီးပေါ့။ တကယ်လို့သာ နောက်အခြေအနေ ကြုံကြိုက်ရင်လည်း လုပ်တတ်သွားတာပေါ့။
မေး ။ ။ ဘယ်လိုကြောင့် လုပ်ဖြစ်သွားခဲ့တာလဲ။
ဖြေ ။ ။ Volunteer က ပထမလှိုင်းကတည်းက အရမ်းလုပ်ချင်ခဲ့တာပါ။ ကျနော့် သူငယ်ချင်းက ကျန်းမာရေးဝန်ထမ်း ဖြစ်တဲ့အတွက် တကယ်လို့များ ဆေးရုံတွေမှာ လိုအပ်တယ်ဆိုရင် ခေါ်ဖို့အတွက် ကျနော် ပြောဖူးတယ်။ ဒါပေမဲ့ အဲ့တုန်းကကျတော့ ဒီလောက်ကြီး အခြေအနေ မဆိုးတဲ့အတွက် ကျနော် မလုပ်ဖြစ်ဘူး။ အခုကျတော့ ပိုပြီးတော့ အခြေအနေ ဆိုးလာတယ်။ Volunteer တွေလည်း နေရာတိုင်းနီးပါးမှာ လိုအပ်လာတယ်။
အခုဆိုရင်လည်း ဝေဘာဂီမှာဆိုပေမယ့် ဖောင်ကြီးတို့ လူနာတွေ အများကြီးထားတဲ့ နေရာတွေမှာဆို စေတနာ့ဝန်ထမ်းတွေ အများကြီး လိုအပ်တယ်။ ကျနော်တို့ ဒီမှာက အများကြီး လိုအပ်တာလည်း မဟုတ်ဘူး။ ဝန်ထမ်းတွေလည်း ရှိတယ်။ သူနာပြုနဲ့ ဒေါက်တာတွေလည်း ပြည့်ပြည့်စုံစုံ ရှိတယ်။ အလုပ်များရင် သူတို့လည်း ပင်ပန်းတာပေါ့။ အဲဒါကြောင့် လာလုပ်လိုက်တာ။

မေး ။ ။ စေတနာ့ဝန်ထမ်းအဖြစ် လုပ်ကိုင်မယ်လို့ ဆုံးဖြတ်လိုက်တဲ့အချိန်မှာ မိဘနဲ့ မိသားစုဝင်တွေကရော သဘောတူ ကြည်ဖြူကြရဲ့လား။
ဖြေ ။ ။ မိသားစုဝင်တွေ မိဘတွေရဲ့ဘက်က ကြည့်မယ်ဆိုရင် စိုးရိမ်စရာ ရှိတာပေါ့။ ကျနော်တို့ လူငယ်တွေကျတော့ စိတ်ပါလို့ လုပ်ချင်တယ်ဆိုပေမယ့် တကယ်လို့သာ မိသားစုတွေ၊ မိဘတွေက မကြည်ဖြူဘူးဆိုရင် ကျနော်တို့လည်းလုပ်ရတာ မပျော်ဘူးလေ။ ပျော်မှာ မဟုတ်ဘူး။ ကျနော့်ဘက်မှာကျတော့ မိသားစုဝင်နဲ့ မိခင်ကို ပြောတဲ့အချိန်မှာ ပထမတော့ စိုးရိမ်တာပေါ့။ ဒါပေမဲ့ ကြည်ကြည်ဖြူဖြူနဲ့လက်ခံပေးတယ်။ ဆုတောင်းပေးပြီး ဒီကို လွှတ်လိုက်တာပေါ့။
မေး ။ ။ ဝေဘာဂီမှာ တာဝန်ထမ်းဆောင်ရတဲ့ အခြေအနေက ဘယ်လိုမျိုး ရှိလဲ။
ဖြေ ။ ။ ကျနော်တို့လုပ်တဲ့ ဝေဘာဂီမှာကျတော့ ICU မှာ ထည့်ရလောက်တဲ့အထိ ကျန်းမာရေးအခြေအနေဆိုးတဲ့သူတွေ ခေါ်တယ် ပြောရမှာပေါ့။ အဲ့ထဲမှာမှ လူနာအသစ်တွေဆိုရင် ရောဂါအခံရှိတဲ့သူတွေကိုလည်း အဓိကထားတာ ဖြစ်တဲ့အတွက် လာရောက်တဲ့ လူနာတွေအများစုက ICU မှာ ထားရမယ့် အနေအထားဆို ထားတယ်။ ကျန်းမာရေး တိုးတက်လာရင် တခြားအခန်း ပြောင်းပေးရတာပေါ့။ ဒီမှာက ကျန်းမာရေးကောင်းတဲ့သူတွေထက် အခြေအနေဆိုးရွားတဲ့သူတွေ လာထားတာ ဖြစ်တယ်။
ကျန်းမာရေးဝန်ထမ်းနဲ့ လူနာ မနိုင်တော့လောက်တဲ့ထိတော့ မဖြစ်ဘူး။ ခုတင်ပြည့်သွားပြီဆိုရင်လည်း ဒီတိုင်း ဆက်လုပ်သွားကြတယ်။ တခုဆိုးတာက ဒီနေရာမှာက လူနာတွေ ဆုံးတာတွေဘာတွေ ရှိတယ်။ လုပ်ရတဲ့နေ့တွေဆို ပင်ပန်းကြတာပေါ့။ လုပ်ရတဲ့အချိန်ကလည်း ရှည်တယ်။ လုပ်ရတဲ့ အလုပ်ကလည်း ကွက်တိဆိုတော့ လွယ်တော့ မလွယ်ဘူး။

မေး ။ ။ ကိုယ်နဲ့ တွေ့ဆုံနေရတဲ့ လူနာတွေ အသက်ဆုံးရှုံးသွားရတဲ့ အခါမျိုးတွေမှာ ဘယ်လို ခံစားရလဲ။
ဖြေ ။ ။ လူနာ တယောက်ချင်းကို တာဝန်ယူရတာ မဟုတ်ဘူး။ ဆေးကုရတာ မဟုတ်ပေမယ့် ကျနော်တို့ လုပ်ရတဲ့အလုပ်ကကျတော့ လူနာနဲ့ သူတို့ရဲ့အခန်း ဝေယျာဝစ္စတွေကို လုပ်ရတာ ဖြစ်တယ်။ လူနာအများစုက ကျန်းမာပြီး ရောက်လာတာ မဟုတ်ဘူး။ ရောဂါအခံ အနည်းနဲ့ အများတော့ ရှိကြတယ်။ ဆုံးသွားတဲ့ လူနာတွေလည်း ကိုယ့်မျက်စိရှေ့တင် အများကြီး။ ကိုယ်လည်း ဘာမှ မတတ်နိုင်ဘူး။
ကိုယ့်ဘက်က လုပ်ပေးနိုင်တာကျတော့ မကျန်းမာတဲ့အချိန်မှာ သူတို့မလုပ်နိုင်တဲ့ အရာကို လုပ်ပေးနိုင်တာကိုပဲ လုပ်ပေးနိုင်တာပါ။ သူတို့အသက်ကို ဆိုင်းငံ့လို့ရတာ မဟုတ်ဘူး။ ဝမ်းနည်းရုံကလွဲလို့ပေါ့။ ဒါပေမဲ့ စိတ်ဖြေရတာကျတော့ သူတို့ရဲ့ဝန်ထုပ်ဝန်ပိုးကို ခဏတာ ဖြေလျှော့ပေးနိုင်ခြင်းလို့ပဲ ခံယူရတာပေါ့။
မေး ။ ။ ကိုယ်တိုင်ရော ရောဂါမကူးစက်အောင် ဘယ်လိုနေထိုင်ဖြစ်လဲ။ စစ်ဆေးမှုတွေရော ပြုလုပ်ထားတာ ရှိလား။
ဖြေ ။ ။ ကျနော် ဟိုတရက်က စစ်တယ်။ သံသယ ရှိလို့တော့ မဟုတ်ဘူး။ စစ်ချင်လို့ စစ်လိုက်တယ်။ ကျနော် ဟိုတရက်က သတင်းဖတ်တဲ့အခါမှာ ရောဂါလက္ခဏာ မပြဘဲနဲ့ ၇၀ ရာခိုင်နှုန်းလောက်က Positive ဖြစ်နေနိုင်တယ်လို့ ပြောတယ်။ တကယ်လို့ ကိုယ်က ရောဂါလက္ခဏာ မပြဘူးဆိုရင်တောင် Positive ဖြစ်နေမယ်ဆို ကိုယ်အလုပ်လုပ်နေရတဲ့ နေရာက စေတနာ့ဝန်ထမ်းတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေရှိတဲ့အတွက် ကိုယ့်ကြောင့် သူတို့တွေပါ ရောပါသွားမယ်ဆို ဝန်ထမ်းအင်အား လျော့သွားမယ်၊ မကောင်းဘူးပေါ့။ ဘာပဲဖြစ်ဖြစ် ကျေးဇူးတော်ပါပဲ။ Negative ဖြစ်သွားတယ်။ အလုပ်ကိုလည်း စိတ်ဖြောင့်ဖြောင့်လုပ်လို့ ရသွားတာပေါ့။ ကျနော်က ၅ ပတ်ကျော်အထိ လုပ်မှာဆိုတော့ အခုစစ်ထားတယ်။ ပြန်ခါနီးလောက်ကျ တခါစစ်မယ်ပေါ့။

မေး ။ ။ စေတနာ့ဝန်ထမ်းတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ အချင်းချင်း ဆက်ဆံရေးကိုလည်း ပြောပြပါဦး။
ဖြေ ။ ။ ဒီမှာတော့ ကျနော်တို့ စေတနာ့ဝန်ထမ်းတွေက အရမ်းပျော်တတ်ကြပါတယ်။ သူနာပြုနဲ့ကျန်းမာရေးဝန်ထမ်းတွေ အားလုံးကလည်း ကျနော်တို့ကို ချစ်ခင်ကြတယ်။ ဝေဘာဂီမှာဆိုရင် ကျနော်တို့က ပထမဆုံးရောက်တဲ့ စေတနာ့ဝန်ထမ်းတွေ ဖြစ်တဲ့အတွက် ကျနော်တို့ရဲ့လိုအပ်ချက်တွေ အမှားအယွင်းတွေကို နားလည်ပေးတယ်။ ဆူစရာရှိရင်လည်း ဆူကြတာပေါ့။ ဒါကလည်း တယောက်နဲ့တယောက်ပိုပြီး ရင်းနှီးလာဖို့ ဖြစ်လာတာပေါ့။ အများဆုံးတော့ ပျော်ပါတယ်။ အားလုံးရဲ့ ချစ်ခင်မှုရတယ်။ ကျနော်တို့ကို မလိုအပ်တဲ့ပုံစံမျိုးနဲ့ ဆက်ဆံတာလည်း မရှိတဲ့အတွက် အလုပ်လုပ်ရတဲ့အခါ စိတ်ချမ်းသာပါတယ်။
မေး ။ ။ တာဝန်ထမ်းဆောင်ရတဲ့ အချိန်အတိုင်းအတာကို ဘယ်လို သတ်မှတ်ထားပါသလဲ။
ဖြေ ။ ။ အချိန်က ၃ ရက်တခါကိုမှ ၂၄ နာရီ ဝင်ရတယ်။ တခေါက်လုပ်ရင် ၂၄ နာရီ အပြည့်ဝင်ရတယ်။ ပြီးရင် ၂ ရက်ကတော့ အပြည့်အဝ နားရတယ်။ ကျနော်ဆိုရင် အရင်က တရက်လုပ်ပြီး နားတဲ့အချိန်က များတယ်လို့ ခံစားရတယ်။ နောက်ပိုင်းကျတော့ အလုပ်က ပိုများတဲ့အချိန် ၂ ရက် နားရတာတောင် မလောက်သလို ဖြစ်သွားတယ်။ လုပ်နေရတဲ့အချိန်က အရမ်းပင်ပန်းတယ်။ နားရတဲ့ ၂ ရက်မှာ ပထမ တရက်ကို အိပ်ချိန်လို့ သတ်မှတ်လိုက်တယ်။ နောက်နေ့ကိုကျတော့ ကိုယ့်ရဲ့ကိုယ်ပိုင်အချိန်ပေါ့။ ကျနော်ဆိုရင်လည်း သီချင်းလေးဘာလေး လုပ်မယ်ပေါ့။
မေး ။ ။ တချို့ကျတော့ တဦးတယောက်ချင်း အဆင်မပြေကျတဲ့အခါမျိုးမှာ ကျန်းမာရေးဝန်ထမ်းတွေ၊ ဆရာဝန်တွေအပေါ် အမြင်မကြည်ကြတာမျိုးတွေ ရှိတယ်။ အဲ့အပေါ်မှာ ဘယ်လိုမြင်မိလဲ။
ဖြေ ။ ။ လူ့အဖွဲ့အစည်းမှာ နေကြတာဖြစ်တဲ့အတွက် တယောက်နဲ့ တယောက် အမြင်မကြည်တာတွေ၊ နားလည်မှုလွဲတာတွေတော့ ရှောင်လွှဲလို့ မရဘူးပေါ့။ ကိုယ့်ဘက်က မှားနေတာတွေလည်း ရှိမယ်။ မှန်နေလျက်နဲ့ အမှားလို့ အထင်ခံရတာတွေလည်း ရှိမယ်။ ဒါကတော့ လူ့သဘာဝဖြစ်တဲ့အတွက် ဒါဟာ မရှိဘူး မဟုတ်ဘူး။ နေရာတိုင်းမှာ ရှိမှာပဲ။ ကျနော်တို့လည်း ရှိမှာပဲ။ ဒါပေမဲ့လည်း နားလည်ပေးရုံပဲလိုအပ်တာလေ။ ကိုယ့်ဘက်က လုပ်ရမယ့်တာဝန်ကို အပြည့်အဝ လုပ်မယ်။
ဒီကြားထဲမှာမှ တယောက်နဲ့ တယောက် နားလည်မှုတွေ လွဲမှားတယ်ဆိုရင် ဖြေလျှော့ပေးရုံပဲလေ။ ချစ်ခြင်းမေတ္တာကို အခြေခံတယ်ဆိုရင်တော့ အဆင်ပြေမှာပါ။ ကျနော်တို့လည်း အပြောခံရတာပဲ။ အမြင်မကြည်တာတွေလည်း ရှိတာပဲ။ အချိန်တိုအတွင်းမှာ လုပ်ရတာ ဖြစ်တဲ့အတွက် ဘာမှ အငြင်းပွားနေစရာ မရှိပါဘူး။
မေး ။ ။ COVID-19 ရောဂါနဲ့ ပတ်သက်ပြီး တခြားသူတွေကို ဘယ်လို သတင်းစကားမျိုးတွေ အတွေ့အကြုံထဲက ဝေမျှစရာရှိလဲ၊ ရှိရင် ပြောပြပေးပါ။
ဖြေ ။ ။ ကျနော်က အခုချိန်မှာ စေတနာ့ဝန်ထမ်း တယောက်ဆိုတော့ ကျနော့်လိုပဲ စေတနာ့ဝန်ထမ်း လုပ်နေတဲ့သူတွေ ရှိမှာပါ။ အားလုံးကလည်း ဘယ်လိုကာကွယ်ရမယ်၊ နေထိုင်ရမယ် ဆိုတာကို အထိုက်အလျောက် သိပြီးကြပြီဖြစ်မှာပါ။ ကျနော်တို့အနေနဲ့ ဘယ်လောက်ပဲ PPE ဝတ်ပြီး လူနာတွေနဲ့ ထိတွေ့နေတယ်ပဲပြောပြော ဘယ်လောက်ပဲ လက်ဆေးပြီး ကာကွယ်နေတယ်ပဲပြောပြော ဒီရောဂါက ကျနော်တို့ မြင်နိုင်တာ မဟုတ်တဲ့အတွက် အချိန်မရွေး ရောက်လာနိုင်တယ်။
ဒါကို မကြောက်လို့တော့မဟုတ်ဘူး။ မမှုလို့ ဒီနေရာကို လာတာဖြစ်တဲ့အတွက် တကယ်လို့များ ကျနော်တို့ဆီမှာ ရှိလာခဲ့မယ်ဆိုရင်လည်း စိတ်ပျက်ဖို့ မဟုတ်ပါဘူး။ လူငယ်တွေဖြစ်တဲ့အတွက် တိုက်ထုတ်နိုင်မှာပါ။ အပြင်က ပြည်သူတွေကိုလည်း အိမ်မှာနေဖို့အတွက် တိုက်တွန်းချင်ပါတယ်။
လူနာတွေက ပိုပိုပြီးတိုးလာတယ်ဆိုတဲ့ သတင်းစကားတွေလည်း ကြားနေရပါတယ်။ ကိုယ်က အားရှိတဲ့လူငယ်ဖြစ်နေရင်တောင် ကိုယ့်ရဲ့မိသားစုမှာ ပတ်ဝန်းကျင်မှာ ရောဂါအခံရှိမယ်ဆိုရင် မကောင်းဘူးပေါ့။ ကိုယ်ကပဲအတတ်နိုင်ဆုံး ဂရုစိုက်ပြီး စည်းကမ်းလေးနဲ့နေဖို့ တိုက်တွန်းချင်ပါတယ်။ အချိန်က ခဏလေးပါပဲ။ မကြာပါဘူး။ ။
You may also like these stories:
“နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ကို ညတိုင်း မေတ္တာပို့ပါတယ်” ဆိုတဲ့ ဆင်မ
The Voice ပြိုင်ပွဲဝင်ချိန်မှာ အားသာချက်၊ အားနည်းချက် သိခဲ့ရတဲ့ ရန်မျိုး
Asian Academy Creative Awards မှာ “သူစိမ်းအိမ်” ရုပ်ရှင် ဆု ၃ ဆု ရွေးချယ်ခံရ