ဆိုင်ကလုန်းမုန်တိုင်းဒဏ် အဆိုးရွားဆုံးခံရသည့် ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ထိခိုက်အလွယ်ဆုံး ပြည်သူများ၏ ရေရှည်လိုအပ်ချက်များကို ဖြည့်ဆည်းရန် ရုန်းကန်နေရပြီး မုန်တိုင်းကျ ဒေသအားလုံးသို့ အကူအညီများ လွှမ်းခြုံခြင်း မရှိသေးကြောင်း အကူအညီပေးနေသည့် ဒေသခံ စေတနာ့ဝန်ထမ်းအဖွဲ့များက ပြောကြားပြီး လူသားချင်းစာနာမှု အကူအညီများ အလျင်အမြန်ပေးပို့ရန် နိုင်ငံတကာအေဂျင်စီများကို တောင်းဆိုလိုက်သည်။
မိုခါဆိုင်ကလုန်းမုန်တိုင်းသည် မေလ ၁၄ ရက်နေ့က မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တွင် မိုးသည်းထန်စွာ ရွာသွန်းစေပြီး တနာရီ ၁၉၅ ကီလိုမီတာ (မိုင် ၁၂၀) အထိ တိုက်ခတ်ကာ အဆောက်အအုံများ ပျက်စီးစေသည်။ မုန်တိုင်းဒီရေကြောင့် လယ်ယာများ၊ လမ်းများ၊ ကောက်ပဲသီးနှံများနှင့် ရေတွင်းများကို ပျက်စီးစေသည်။
လူစုစုပေါင်း ၁၄၈ ဦး သေဆုံးသည်ဟု စစ်ကောင်စီက ပြောသည်။ ကုလသမဂ္ဂ လူသားချင်း စာနာမှုရေးရာရုံးကလည်း ၎င်းတို့သည် မုန်တိုင်းဒဏ်ခံဒေသများသို့ မိုးရာသီမတိုင်မီ အမိုးအကာ၊ ဆေးဝါးကိရိယာ၊ အစားအစာနှင့် သန့်ရှင်းသောရေ အကူအညီပေးရန် ဒေါ်လာ ၃၃၃ သန်း တောင်းခံထားကြောင်း ပြောသည်။
သို့သော် နိုင်ငံတကာအကူအညီပေးရေး အေဂျင်စီအများစုက ၎င်းတို့သည် မြေပြင်တွင် အကူအညီပေးရေး လုပ်ငန်းများ ဆောင်ရွက်ရန် စစ်ကောင်စီထံမှ ခွင့်ပြုချက် တောင်းခံနေဆဲဖြစ်ကြောင်း ပြောသည်။
ဒေသခံ စေတနာ့ဝန်ထမ်းများသည် ယာယီနှင့် ကာလတို အကူအညီများသာ ပေးနိုင်သောကြောင့် မုန်တိုင်းဒဏ်ခံ လူမှုအသိုက်အဝန်းများသည် နိုင်ငံတကာ အေဂျင်စီများထံမှ အရေးပေါ် လူသားချင်းစာနာမှု အကူအညီများ လိုအပ်နေကြောင်း စစ်ကောင်စီက ရန်ရှာမည်ကို စိုးရိမ်သောကြောင့် အမည်မဖော်လိုသည့် စေတနာ့ဝန်ထမ်းတဦးက ပြောသည်။
“တခြားအဖွဲ့ သုံးဖွဲ့နဲ့ ပူးပေါင်းပြီး သဲခုံကျေးရွာက ပြည်သူတွေကို တာပေါ်လင် အပါအဝင် အရေးပေါ် အကူအညီတွေ ကျနော်တို့ပေးနေတယ်။ အကူအညီတွေ ရောက်လာတဲ့အထိ စိတ်ကိုတင်းထားဖို့ စိတ်ပျက်နေတဲ့ ရွာသားတွေကို ကျနော်တို့ အားပေးနေတယ်” ဟု ၎င်းကပြောသည်။ သဲခုံရွာသည် ရခိုင်ပြည်နယ်တွင် မုန်တိုင်းဒဏ် အဆိုးရွားဆုံးခံရသည့်ရွာများအနက် တရွာဖြစ်သည်။
၎င်းတို့သည် မိုခါမုန်တိုင်းကြောင့် လုံးဝပျက်စီး သို့မဟုတ် အတော်အတန် ထိခိုက်သွားသည့် ပေါက်တောမြို့နယ်မှ ရွာ ငါးရွာနှင့် စစ်တွေမြို့နယ်မှ ရွာ လေးရွာသို့ လွန်ခဲ့သောအပတ်က အရေးပေါ်အကူအညီများ ပေးခဲ့ကြောင်း ထိုအဖွဲ့က ပြောသည်။
“အမှန်အတိုင်းပြောရရင် ရွာတိုင်းက မုန်တိုင်းကြောင့် ပျက်စီးနေပေမယ့် ရွာတိုင်းကို ကျနော်တို့ မကူညီနိုင်ဘူး။ ပြည်တွင်းက အကူအညီနဲ့ အပြည့်အဝ ပြန်လည်နာလန်ထဖို့ မလုံလောက်ဘူး” ဟုလည်း ၎င်းကပြောသည်။
ရခိုင်ပြည်နယ်မှ ဒေသခံစေတနာ့ဝန်ထမ်းများသည် မိုခါဆိုင်ကလုန်း ကုန်းတွင်းသို့ မဝင်ရောက်မီကပင် ဘေးကင်းရာရွှေ့ပြောင်းသည့် အားထုတ်မှုများကို ကူညီခဲ့ပြီး အပြင်ထန်ဆုံးခံရသည့် ဒေသများသို့ အရေးပေါ် စားနပ်ရိက္ခာအကူအညီများနှင့် ယာယီအမိုးအကာများ ဆက်လက်ထောက်ပံ့နေသည်။
“ကျနော်တို့ကိုယ်တိုင်လည်း မုန်တိုင်းအတွင်း ဆုံးရှုံးထားတာတွေ ရှိတယ်။ ကျနော်တို့ ရုံးခန်းအပြင် လူနာတင်ကား သုံးစီး အပါအဝင် ယာဉ် စုစုပေါင်း လေးစီး ပျက်စီးသွားတယ်။ ဒါပေမယ့် ပြည်သူတွေကို ကူညီဖို့ ကျနော်တို့ အကောင်းဆုံး လုပ်ဆောင်နေတယ်” ဟုလည်း ၎င်းကပြောသည်။
သို့သော် ဒေသခံကူညီရေးအဖွဲ့များသည့် အခြေအနေကို ရေရှည်မကိုင်တွယ်နိုင်သောကြောင့် ကုလသမဂ္ဂ အေဂျင်စီများထံမှ လူသားချင်းစာနာမှု အကူအညီများ နှောင့်နှေးနေသည်ကို စိုးရိမ်နေကြသည်။
“ကျနော်တို့အဖွဲ့ မုန်တိုင်းဒဏ်ခံ လူမှုအသိုက်အဝန်းတွေကို ကူညီဖို့ လှူဒါန်းမှုတွေကို မှီခိုအားထားရတယ်။ ကျနော်တို့မှာ နောက်တလစာလောက်ပဲ အကူအညီရှိတော့တယ်” ဟု စေတနာ့ဝန်ထမ်းတဦးက ပြောသည်။
ကုန်ဈေးနှုန်းများ မြင့်တက်ခြင်းနှင့် ရန်ပုံငွေ အကန့်အသတ်ဖြင့်သာ ရခြင်းသည် လုံလောက်သော အကူအညီပေးရန် အကန့်အသတ်ဖြစ်စေပြီး ရသေ့တောင်နှင့် ကျောက်တော် မြို့နယ်များမှ မုန်တိုင်းဒဏ်ခံ ဆင်းရဲနွမ်းပါးသည့် လူမှုအသိုက်အဝန်း အများအပြားသည် အကူအညီများ ရောက်ရှိချိန်ကို စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း စေတနာ့ဝန်ထမ်းတဦးက ပြောသည်။
“(ရခိုင်ပြည်နယ်မှာ) လူမျိုးစုငယ်တွေနေတဲ့ အလှမ်းဝေးတဲ့ဒေသတွေက မုန်တိုင်းဒဏ်ခံ လူမှုအသိုက်အဝန်းတွေကို ကျနော်တို့ ဆက်လက် ကူညီချင်ပေမယ့် ကျနော်တို့မှာ ရန်ပုံငွေ လုံလုံလောက်လောက် မရှိသေးဘူး” ဟု စေတနာ့ဝန်ထမ်းတဦးက ပြောသည်။
ရိုဟင်ဂျာ ကျေးရွာတရွာ အပါအဝင် စစ်တွေမြို့နယ်မှ မုန်တိုင်းဒဏ်ခံ လူမှုအသိုက်အဝန်းများသို့ စားနပ်ရိက္ခာများ လှူဒါန်းထားကြောင်း ရခိုင်လူငယ်မျိုးဆက်များ အများအားဖြင့် ပါဝင်သည့် အခြား ဒေသခံ စေတနာ့ဝန်ထမ်းအဖွဲ့တခုက ပြောသည်။
“စားစရာမရှိတော့ဘူးလို့ ကြားတာနဲ့ ဗေဒါရွာကို စနေနေ့က ဆန် ၁၅ အိတ်လှူခဲ့ပေမယ့် မလုံလောက်သေးတော့ အခုမရှိတော့မှာ စိုးရိမ်နေရတယ်” ဟု ထိုအဖွဲ့မှ ပြောခွင့်ရသူတဦးက ပြောသည်။
ထိုရွာမှ မိသားစုတစုလျှင် လူ ငါးဦးမှ ၁၂ ဦးအထိ ရှိသောကြောင့် မိသားစုတစုသို့ ဆန် နှစ်ကီလို လှူဒါန်းခြင်းသည် တရက်စာမျှသာဖြစ်သည်။
“အရေးပေါ် စားနပ်ရိက္ခာ အပြင်းအထန် လိုအပ်နေတဲ့ ရွာတွေကို ကူညီဖို့ ကျနော်တို့ အကောင်းဆုံး ကြိုးစားပေမယ့် ဗေဒါရွာက တချို့မိသားစုတွေမှာ လူဦးရေ ၁၀ ဦး ကျော်တယ်။ အဲဒီလို မိသားစုတွေအတွက် ကျနော်တို့ ကူညီတဲ့ဆန်က တရက်စာပဲရှိတယ်” ဟုလည်း ၎င်းကပြောသည်။
ဘူးပင်ကျေးရွာအုပ်စုမှ တံငါရွာတခုဖြစ်သော အိမ်ထောင်စု ၃၉၃ စု ရှိသည့် ဗေဒါရွာတွင် လူအနည်းဆုံး ၂၃ ဦး သေဆုံးပြီး ငါးဖမ်းလှေ ၉၇ စီး ပျက်စီးသွားသည်။
မုန်တိုင်းအတွင်း သေဆုံးသူတဦးစီအတွက် ကျန်ရစ်သူမိသားစုများကို စစ်ကောင်စီက ငွေ ၃ သိန်းစီ လှူဒါန်းကြောင်း ဒေသခံသတင်း ရင်းမြစ်များက ပြောသည်။
“မိသားစုတစုကို စစ်ကောင်စီက အသင့်စား ခေါက်ဆွဲခြောက် နှစ်ထုပ်၊ သုံးထုပ်ပဲပေးတယ်” ဟု အခြားရွာသားတဦးက ပြောသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ International Aid Urgently Needed in Cyclone-Hit Rakhine, Local Volunteers Say ကို ဘာသာပြန်သည်။)
You may also like these stories:
ဆိုင်ကလုန်းမိုခါကြောင့် ရခိုင်ပြည်နယ်မှ ငါးဖမ်းကျေးရွာများ အကြီးအကျယ် ပျက်စီး
ပယောဂတွေ မပါဖို့တော့ အရေးကြီးတာပေါ့
စာရေးဆရာဝေဟင်အောင်နှင့်အဖွဲ့အား ဖမ်းဆီးမှု၊ ကူညီကယ်ဆယ်ရေးကို ခြိမ်းခြောက်ရာ ရောက်
မြန်မာတွင် မုန်တိုင်း ကယ်ဆယ်ရေးအတွက် ကုလသမဂ္ဂက ဒေါ်လာ ၃၃၃ သန်း တောင်းထား
ရခိုင်ဒေသသို့ နိုင်ငံတကာ အကူအညီ စစ်ကောင်စီ ခွင့်မပြု
ဆိုင်ကလုန်းမိုခါကြောင့် ရခိုင်ပြည်နယ်မှ ကျွဲနွား အများအပြား သေဆုံး