သတင်း

မြန်မာတွင် မုန်တိုင်း ကယ်ဆယ်ရေးအတွက် ကုလသမဂ္ဂက ဒေါ်လာ ၃၃၃ သန်း တောင်းထား

မိုခါမုန်တိုင်းကြောင့် ထိခိုက်သူ ၁ ဒသမ ၆ သန်းအတွက် မိုးရာသီမတိုင်မီ အမိုးအကာ၊ ဆေးကုသရန် အဆောက် အအုံ၊ အစားအစာနှင့် သန့်ရှင်းသောရေ ထောက်ပံ့ရန် အရေးပေါ်ရန်ပုံငွေ အမေရိကန် ဒေါ်လာ ၃၃၃ သန်း လိုအပ် ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုရေးရာရုံးက မေလ ၂၃ ရက်နေ့တွင် မေတ္တာရပ်ခံ လိုက်သည်။

မေလ ၁၄ ရက်နေ့က မိုခါမုန်တိုင်းသည် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တွင် မိုးသည်းထန်စွာရွာပြီး တနာရီလျှင် မိုင် ၁၂၀ ရှိသော လေပြင်းများ တိုက်ခတ်သဖြင့် အဆောက်အအုံများပြိုကျကာ လမ်းများသည် မြစ်များ သဖွယ် ရေလွှမ်းမိုးသွား ပြီး နိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်တွင် လူပေါင်း ၁၄၈ ဦး သေသည်ဟု စစ်ကောင်စီက ပြောသည်။

ဌာနေလူသားချင်းစာနာမှု ညှိနှိုင်းရေးမှူး မစ္စတာ ရာမာနသန် ဘာလာခရစ်ရှနန်က “မုန်တိုင်းဒဏ်ခံ လူမှုအသိုက်အဝန်း အားလုံးက ပြည်သူတွေကို ထောက်ပံ့ဖို့နဲ့ ရေကြောင့်ဖြစ်တဲ့ရောဂါတွေ တားဆီးဖို့ ကျနော်တို့ အချိန်လုနေရတယ်”ဟု ကြေညာချက်တစောင်တွင် ပြောသည်။

ယခုနှစ် မြန်မာအတွက် လူသားချင်းစာနာမှု အကူအညီအရ ဒေါ်လာ သန်း ၂၀၀ ကျော် ရမည်ဖြစ်ပြီး မုန်တိုင်းကြောင့် ထိခိုက်သူများကို ထောက်ပံ့ရန် ဒေါ်လာ ၁၂၂ သန်း တောင်းခံထားသည်။

ကုလသမဂ္ဂသည် ရခိုင်ပြည်နယ်မှ လူမှုအသိုက်အဝန်းများသို့ အကူအညီများ ဖြန့်ဝေရန် ခွင့်ပြုချက်ရမည်ဟု မျှော်လင့်ကြောင်း မစ္စတာ ဘာလာခရစ်ရှနန်က သတင်းထောက်များကို ပြောသည်။

ရခိုင်ပြည်နယ်သည် သိန်းနှင့်ချီသော ရိုဟင်ဂျာများ နေထိုင်ရာနေရာဖြစ်ပြီး အများစုသည် လူမျိုးရေး ပဋိပက္ခအပြီး ဆယ်စုနှစ်များတွင် နေရပ်စွန့်ခွာစခန်းများတွင် နေထိုင်ကြသည်။

၂၀၁၇ ခုနှစ်တွင် မြန်မာစစ်တပ်က နှိမ်နင်းသောကြောင့် လူသတ်မှု၊ အဓမ္မပြုကျင့်မှုနှင့် မီးရှို့မှုများဖြစ်ပြီး သိန်းနှင့်ချီ သော ရိုဟင်ဂျာများ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးကြသည်။

ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာများကိုထားသော စခန်းများသို့ ကုလသမဂ္ဂ အဖွဲ့အစည်းများကို သွားရောက်ခွင့်ပေးမည်၊ မပေးမည်ဆိုသည့် AFP ၏ မေးခွန်းကို စစ်ကောင်စီပြောခွင့်ရသူက တုံ့ပြန်ခြင်းမရှိပေ။

၂၀၁၇ ခုနှစ်က နှိမ်နင်းမှုကို ဦးဆောင်သူ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က ရိုဟင်ဂျာဆိုသော စကားလုံးကို လက်မခံပေ။

ဘင်္ဂလားဒေ့ရှ်တွင် မုန်တိုင်းကြောင့် အသေအပျောက်မရှိကြောင်း၊ မုန်တိုင်းမှာ ရိုဟင်ဂျာ ၁ သန်းခန့်နေသည့် ဒုက္ခသည်စခန်းများအနီးမှ ဖြတ်သန်းသွားကြောင်း အာဏာပိုင်တို့က AFP သို့ ပြောသည်။

ရန်ပုံငွေအခက်အခဲကြောင့် ဘင်္ဂလားဒေ့ရှ်ရှိ စခန်းများတွင် နေထိုင်သော ရိုဟင်ဂျာ ၁ သန်းအတွက် အစားအစာ အကူအညီများကို သုံးလအတွင်း ဒုတိယအကြိမ် လျှော့ချရမည်ဟု ကုလသမဂ္ဂ စားနပ်ရိက္ခာအေဂျင်စီက မေလ ၂၂ ရက်နေ့တွင် ကြေညာပြီးနောက် ယခုကဲ့သို့ ရန်ပုံငွေမေတ္တာရပ်ခံခြင်း ဖြစ်သည်။

ကိုးကား ။ ။ AFP သတင်း UN Appeals for $333 Million for Cyclone Mocha Relief in Myanmar

You may also like these stories:

လျစ်လျူရှုခံနေရတဲ့ မုန်တိုင်းသင့် ချင်းဒေသက ပြည်သူများ

ဆိုင်ကလုန်းမိုခါကြောင့် ရခိုင်ပြည်နယ်မှ ကျွဲနွား အများအပြား သေဆုံး

မသေသင့်ဘဲ သေရတာ

ရခိုင်ဒေသသို့ နိုင်ငံတကာ အကူအညီ စစ်ကောင်စီ ခွင့်မပြု

မုန်တိုင်းဒဏ်ခံရသူများ စားနပ်ရိက္ခာလိုအပ်၊ ကုလက သွားခွင့်ရရန် ညှိနှိုင်းနေဆဲ

စစ်ကောင်စီ ကန့်သတ်ချက်ကြောင့် မိုခါမုန်တိုင်း နောက်ဆက်တွဲ ကူညီရေး အဟန့်အတားဖြစ်

Loading