Entertainment

သမ္မတ ထရမ့်နဲ့ အလုပ်အတူ တွဲလုပ်ရတဲ့အကြောင်း Kim Kardashian ဖွင့်ဟ

အစီအစဉ် တင်ဆက်သူ David Letterman ရဲ့ အင်တာဗျူးတခုမှာ နာမည်ကျော် ရုပ်သံစတား Kim Kardashian က သူနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ကြား ဆက်ဆံရေးအကြောင်း ပြောပြခဲ့ပါတယ်။

အသက် ၃၉ နှစ်အရွယ် ရသစုံအစီအစဉ်စတား Kim ဟာ ရုပ်သံအစီအစဉ်တင်ဆက်သူ David ရဲ့ “My Next Guest Needs No Introduction” အစီအစဉ်အင်တာဗျူးမှာ ပါဝင်ခဲ့တာလည်း ဖြစ်ပါတယ်။ အဲ့ဒီ အင်တာဗျူးအတွင်းမှာ Kim ဟာ ရာဇဝတ်မှုဆိုင်ရာ တရားမျှတမှု ပြုပြင်ပြောင်းလဲရေးကိစ္စနဲ့ ပတ်သက်လို့ အိမ်ဖြူတော်နဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့အကြောင်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

တသက်တကျွန်း ပြစ်ဒဏ်နဲ့ ဆယ်စုနှစ် နှစ်ခုကျော်ကြာ ထောင်ဒဏ်ကျခံခဲ့နေရတဲ့ Alice Marie Johnson ဆိုသူကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ ၂၀၁၈ ခုနှစ်ကစလို့ Kim ဟာ သမ္မတထရမ့် အစိုးရနဲ့အတူ လက်တွဲလုပ်ကိုင်နေတာ ဖြစ်ပါတယ်။

Kim က “ကျမကို ယုံကြည်ကြပါ။ လူတိုင်းက ကျမကိုပြောတယ် ခင်ဗျား အိမ်ဖြူတော်ကို ခြေတလှမ်း ချရဲရင်ချကြည့်၊ ခင်ဗျားရဲ့ နာမည်ဂုဏ်သတင်း အဆုံးသတ်သွားမယ်တဲ့လေ။ ပြီးတော့ ကျမက ပြောလိုက်တယ်။ ကျမ အဲ့ဒီကို ခြေချမှဖြစ်မယ် မဟုတ်ရင် လူတွေရဲ့ ဘဝအတွက် အခွင့်အလမ်းတွေရမှာမဟုတ်တော့ဘူး” လို့ David ကို ပြောဆိုခဲ့ပါတယ်။

Kim က “နောက်ထပ် အစိုးရ ၂ ဆက်လောက်အတွက်ကတော့ ကျမဟာ အိမ်ဖြူတော်နဲ့ ဆက်အလုပ်လုပ်နေဦးမှာဖြစ်ပြီး လွတ်ငြိမ်းချမ်းသာခွင့်ရဖို့ သူတို့ကို ကူညီပေးနေဦးမှာပါ” လို့ဆိုပါတယ်။

အဲ့ဒီအခါမှာ David က “ခင်ဗျားရဲ့ကောင်းမွန်တဲ့အလုပ်က တကယ့်ကိုပဲ မွန်မြတ်ပါတယ်။ ဒါပေမဲ့ သမ္မတရဲ့ လက်ခံနိုင်ဖွယ် မရှိတဲ့ အပြုအမူတွေအကြောင်း ကျနော် စဉ်းစားမိတာဆိုရင် အကောင်းဘက်မှာ သိပ်မရှိသလိုပဲ” လို့ ပြန်လည် ပြောဆိုခဲ့ပါတယ်။

သမ္မတထရမ့်ရဲ့ လက်မခံနိုင်ဖွယ် အပြုအမူဆိုတဲ့ စကားရပ်ကို Kim က အသိအမှတ် မပြုခဲ့တဲ့အပြင် သမ္မတနဲ့ ပတ်သက်တဲ့ David ရဲ့မေးခွန်းတွေကိုလည်း ဖြေဆိုခြင်း မရှိခဲ့ပါဘူး။ David က “ဒါပေမဲ့ အောင်မြင်နိုင်စွမ်း စင်္ကြန်လမ်းမထက်မှာ ဒီမိုကရေစီရဲ့ ချိန်ခွင်လျှာကို နောက်ပြန်လှည့်ခွင့်ပြုနေတဲ့ ဒီလက်ရှိ အစိုးရကနေတဆင့် ထောင်ဒဏ် ပြုပြင်ပြောင်းလဲမှုကို ကိုယ်စားဆောင်ရွက်ပေးနေရတယ်လို့ ခံစားရလား” လို့ Kim ကို မေးမြန်းခဲ့ပါတယ်။

အဲ့ဒီအခါ Kim “ရှင်ဘာပြောချင်တာလဲဆိုတာ ကျမ မသိပါဘူး” လို့ ပရိသတ်ရှေ့ဘက်လှည့်ပြီး ရယ်မောခဲ့ပါတယ်။ David က “ခင်ဗျားလုပ်ဆောင်နေတဲ့ အရာတွေအတွက် ကျနော် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ လက်ရှိအစိုးရနဲ့ ပတ်သက်လို့ ပိုပြီးကောင်းမွန်ပါတယ်ဆိုတဲ့ ခံစားချက်ကိုတော့ ခံစားလို့မရဘူး” လို့ ဆိုပါတယ်။ Kim က “ကျမ အဲ့ဒါကို နားလည်ပါတယ်” လို့ ပြန်ပြောခဲ့ပါတယ်။

ရာဇဝတ်မှုဆိုင်ရာ တရားရေးပြုပြင်ပြောင်းလဲမှုနဲ့ ပတ်သက်လို့ အစိုးရရဲ့ လုပ်ဆောင်ချက်တွေအတွက် အထူးကျေးဇူးတင်ပြီး သူ့ရည်မှန်းချက်တွေကိုသာ အာရုံစိုက်ဖို့ ဆုံးဖြတ်ထားတဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။ အဲ့ဒီ အင်တာဗျုးအတွင်းမှာတော့ Kim က “ကျမ ဘယ်သူ့ကို မဲပေးရမလဲဆိုတာကို သိတယ်” လို့ ဆိုပေမယ့် ဘယ်သူ့ကို မဲပေးမှာလဲဆိုတာ တိတိကျကျ ပြောဆိုခဲ့တာ မရှိခဲ့ပါဘူး။

အခု အင်တာဗျုးဟာ ဒီမိုကရက်တီပါတီ ကိုယ်စားပြု သမ္မတလောင်းအဖြစ် ဂျိုးဘိုက်ဒန် တရားဝင်သတ်မှတ် မခံရမီနဲ့ Kim ရဲ့ခင်ပွန်း Kanye West ဟာ သမ္မတရွေးချယ်ပွဲမှာ ပါဝင်ခြင်းမပြုမီ မေးမြန်းထားတာလည်း ဖြစ်ပါတယ်။ “My Next Guest Needs No Introduction” ရဲ့ တတိယမြောက် Season ကို အောက်တိုဘာလ ၂၁ ရက်နေ့မှာ Netflix ကနေ ဖြန့်ချိတော့မှာ ဖြစ်ပါတယ်။

Ref: justjared

You may also like these stories:

ဂျက်ကီချန်းရဲ့ “Vanguard” ရုပ်ရှင် တရုတ်နိုင်ငံမှာ အခြေမလှဖြစ်နေ

အိန္ဒိယနိုင်ငံမှာ ရုပ်ရှင်ရုံတွေ ပြန်ဖွင့်ပြီ

ပထမဆုံး “Wonder Woman” ရုပ်ရှင်အတွက် ဒေါ်လာ ၃ သိန်းသာရခဲ့တဲ့ Gal Gadot

Loading