ကိုဗစ်ကာလ အလှူဒါနအဖြစ် ပန်းချီကို ချစ်မြတ်နိုးတဲ့ အနုပညာရှင် ၁၆ ဦးတို့ရဲ့ ပန်းချီကားလက်ရာများကို “3 Color ပန်းချီပြခန်း”ကနေ လေလံတင် ရောင်းချပြီး အလှူပြုလုပ်သွားမယ်လို့ သိပါတယ်။
“လက်ရှိ ကိုဗစ်ကာလဖြစ်တဲ့အတွက် ပရဟိတ အလှူဒါနလေးတွေနဲ့ စတင်ချင်တဲ့အတွက် အနုပညာနယ်ပယ် အရပ်ရပ်မှ အနုပညာရှင် ၁၆ ဦးဆီမှ ကိုယ်တိုင် ရေးခြယ်ထားတဲ့ ပန်းချီကားလေးများကို အလှူခံခဲ့ပါတယ်။ အနုပညာရှင် ၁၆ ဦးထဲမှာ လေးစားရတဲ့ ဝါရင့်ပန်းချီဆရာကြီးများ၊ ရုပ်ရှင် ဂီတမှ အနုပညာရှင်ကြီးများ၊ လူငယ် အနုပညာရှင်များလည်း ပါဝင်ခဲ့ပါတယ်”
“အားလုံးကတော့ ချစ်မြတ်နိုးရတဲ့ ပန်းချီအနုပညာနဲ့ လက်ရှိ လိုအပ်လျက်ရှိတဲ့ ကိုဗစ် အလှူဒါနအတွက် လှူဒါန်းခဲ့ကြပါတယ်”လို့ ပွဲစီစဉ်သူက ပြောပါတယ်။
ပန်းချီလက်ရာ ပိုင်ရှင်များကတော့ စာပေ၊ ဂီတ၊ ရုပ်ရှင်၊ ပန်းချီ နယ်ပယ်အသီးသီးတို့မှ အနုပညာ ၁၆ ဦး ဖြစ်ပါတယ်။
အဆိုပါ အနုပညာရှင် ၁၆ ဦးကတော့ ပန်းချီဆရာကြီး ဒါရိုက်တာ ဦးဝင်းဖေ၊ ပန်းချီစိုးမိုး၊ ဒါရိုက်တာ ကိုပေါက်၊ အိန္ဒြာကျော်ဇင်၊ ပိုင်တံခွန်၊ တေးရေး မြင့်မိုးအောင်၊ ဟန်ထူးလွင်၊ ဂျီလတ်၊ ဇော်ဝင်းထွဋ်၊ နေမျိုးဆေး၊ နေဒီလင်း၊ ဆန်းထွဋ်၊ မောင်မျိုးမင်း (ရင်တွင်းဖြစ်)၊ ဒါရိုက်တာ အောင်မင်းသိမ်း၊ အရိုး၊ ပြေသုဒြာတို့ရဲ့ကိုယ်တိုင် ရေးဆွဲထားတဲ့ ပန်းချီလက်ရာများ ဖြစ်ပါတယ်။
သူတို့ရဲ့လက်ရာပန်းချီကားများကိုတော့ တချပ်ချင်းစီကို ကြမ်းခင်းဈေး သတ်မှတ်ကာ လေလံတင် ရောင်းချသွားမှာဖြစ်ပြီး ရောင်းလို့ရသမျှ ငွေကြေးများကိုတော့ အကုန်လုံး လှူဒါန်းသွားမယ်လို့ သိရပါတယ်။
“ဒီအလှူအစီစဉ်လေးမှာ အူဝဲနဲ့ သမီးလေး မယ်သုရဲ့ ပန်းချီလက်ရာလေးလည်း ပါဝင်ထားပါတယ်။ အူဝဲ ချစ်ခင် လေးစားရတဲ့ ပန်းချီအနုပညာရှင်ကြီးတွေနဲ့ အတူတူ ပါဝင်ခွင့်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်။ ကိုယ်ချစ်တဲ့ ပန်းချီပညာနဲ့ လှူခွင့်ရတဲ့အတွက်လည်း အတိုင်းမသိ ဝမ်းသာမိပါတယ်။ မကြာခင်မှာ ပန်းချီကားများကို ကြမ်းခင်းဈေး သတ်မှတ်ပြီး ရောင်းချပေးသွားတော့မှာပါ”လို့ အိန္ဒြာကျော်ဇင်က ဆိုပါတယ်။
အခြားသော အနုပညာရှင်များစွာကလည်း ပန်းချီကို ချစ်မြတ်နိုးကြသူများအား အဆိုပါ ကိုဗစ် အလှူဒါနမှာ ပါဝင်ကြဖို့ တိုက်တွန်း ဖိတ်ခေါ်ထားပါသေးတယ်။
ယနေ့၊ အောက်တိုဘာလ ၂၈ ရက်နေ့မှာတော့ ပန်းချီဆရာကြီး၊ ဒါရိုက်တာ ဦးဝင်းဖေရဲ့ “ဖရဲသီးစားကြသူများ” ပန်းချီကားကို ကြမ်းခင်းဈေး ၁၀ သိန်းဝန်းကျင်နဲ့ လေလံတင်ထားပြီး အောက်တိုဘာလ ၃၁ ရက်နေ့မှာတော့ လေလံပိတ်မှာ ဖြစ်ပါတယ်။
ဒီပန်းချီကားများကိုတော့ “3 Color ပန်းချီပြခန်း” Facebook Page မှာ ဝင်ရောက် ကြည့်ရှုနိုင်ပြီး ဒါရိုက်တာ ကိုပေါက်နဲ့ Myanmar Media 7 မှ ကိုဝေမင်းမောင်တို့က ဦးစီးလုပ်ကိုင်နေတာ ဖြစ်ပါတယ်။