Entertainment

Rating စနစ်ကို တောင်းဆိုနေကြတဲ့ ရုပ်ရှင်ဖန်တီးသူများ

Want create site? Find Free WordPress Themes and plugins.

မြန်မာ့ရုပ်ရှင်လောကမှာ အတားအဆီးတခုလို ဖြစ်နေတဲ့ ရုပ်ရှင်ဆင်ဆာစနစ်ကို ဖျက်သိမ်းပေးဖို့အတွက် ရုပ်ရှင်ဥပဒေအသစ်ကို ပြဋ္ဌာန်းနိုင်ဖို့ ရုပ်ရှင်ဖန်တီးသူ လူငယ်ဒါရိုက်တာများနဲ့ ဖန်တီးသူများက တောင်းဆိုနေကြပါတယ်။

ဒါတွေကိုတော့ လက်ရှိ လူမှုကွန်ရက် စာမျက်နှာမှာ “ရုပ်ရှင်ဆင်ဆာ မလိုအပ်” ဆိုတဲ့ ကမ်ပိန်းအနေနဲ့ ပြုလုပ်နေကြတာ တွေ့ရပါတယ်။ ဒီထဲကမှ ဝါရင့် ဒါရိုက်တာတဦးဖြစ်တဲ့ ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) နဲ့ လူငယ် ဒါရိုက်တာတွေ ဖြစ်ကြတဲ့ ဒါရိုက်တာ ဏကြီး၊ ထူးပိုင်ဇော်ဦး၊ ပြေဇင် စတဲ့သူတွေ ပြောထားတဲ့ အကြောင်းအရာများကို ဖော်ပြလိုက်ပါတယ်။

ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)

တခါတုန်းက တပ်က ပြောင်းလာတဲ့ ညွှန်ကြားရေးမှူး အသစ်တယောက် ရောက်လာပါတယ်။ ကျနော်ဇာတ်ကား တကား ဆင်ဆာ တင်ပါတယ်။ အဲဒီဇာတ်ကားမှာ မိဘကျေးဇူးကို သိတတ်သူ လူငယ်တဦး လူသတ်မှုဖြင့် သေဒဏ်ကျခံခဲ့ရပါတယ်။ ဇာတ်လမ်းက အင်္ဂလိပ်ခေတ် နောက်ခံ ဇာတ်လမ်း ဖြစ်ပါတယ်။ ထိုဇာတ်ကား၏ ဇာတ်သိမ်းခန်းလည်း ဖြစ်ပါတယ်။

ကြိုပေးရန် ပြင်ဆင်နေစဉ် ကြေးနန်းတစောင် ဝင်လာပါတယ်။ ထိုကြေးနန်းသည် ဝိတိုရိယဘုရင်မကြီး၏ မွေးနေ့ဖြစ်သဖြင့် ဘုရင်မကြီး၏ လက်အောက်ခံနိုင်ငံများမှ သေဒဏ်ကျခံရသော အကျဉ်းသားများအား ထောင်ဒဏ်သို့ လျှော့ပေါ့ရန် လွတ်ငြိမ်းချမ်းသာခွင့်ရခြင်းမှာ မဖြစ်နိုင်၍ ဆင်ဆာအဖွဲ့ ခွင့်မပြုနိုင်ကြောင်း ပြောပါတယ်။ ကျနော့်က စာထဲတွင် ဖတ်ဖူးကြောင်း ပြန်ငြင်းပါတယ်။ ထိုသူက အဲဒါဆို လက်တွေ့ပြရန် တောင်းဆိုသဖြင့် ကျနော်သည် မိတ်ဆွေတဦး၏ အကူအညီဖြင့် ၁၉၄၅ ခုနှစ်ဝန်းကျင်မှ သတင်းစာများကို ရခဲ့ပါသည်။

ကျနော်သည် ဝမ်းသာအားရဖြင့် ခက်ခဲလှစွာ ရှာထားသော သတင်းစာများကို တပွေ့တပိုက်ကြီး ပိုက်၍ ရုံးပေါ်သို့တက်သွားခဲ့ပြီး ၊ အောင်မြင်သူတဦးကဲ့သို့ ဒီမှာဟု ရှေ့စားပွဲပေါ် ချပြသောအခါ ထိုသူမှာ ခပ်အေးအေးပင် သတင်းစာထဲပါလည်း ကျနော်တို့က ခွင့်မပြုနိုင်ဘူး၊ အဖွဲ့နဲ့ဆုံးဖြတ်ထားတာဟု ပြန်လည်ဖြေကြားပြီး သူက မရဘူးပြောတာကို ကျနော်ကရအောင် ရှာလာသဖြင့် မကျေနပ်သော မျက်နှာကို ယနေ့တိုင် မှတ်မိနေပါတယ်။ ကျနော်ဟာ သက်တူရွယ်တူချင်း အနိုင်ကျင့်ခံရသလို ခံစားမိပါတယ်။ တခါတုန်းက ဖြစ်ပါတယ်။ ရုပ်ရှင်ဆင်ဆာ မလိုအပ်ပါ။

ဒါရိုက်တာ ဏကြီး

အခုချိန်မှာ Rating System က ကျနော်တို့ (ရုပ်ရှင်ရိုက်သူတွေ) ရဲ့စိတ်ထဲမှာ ရှေ့ဆုံးက ရှိနေမယ် ထင်တယ်။ Rating System ကို ဘာလို့လိုချင်တာလဲလို့ မေးရင် အရင်ဆုံးဖြေရမှာက ဆင်ဆာကို မလိုချင်တော့လို့ပါ။ ဂီတမှာလည်း ဆင်ဆာ မရှိတော့ပါဘူး။ စာပေမှာလည်း ဆင်ဆာ မရှိတော့ပါဘူး။ သဘင်မှာလည်း ဆင်ဆာ မရှိတော့ပါဘူး။ နောက်ဆုံး ရုပ်မြင်သံကြားမှာတောင် ဆင်ဆာ မရှိတော့ပါဘူး။

ကျနော်တို့ ရုပ်ရှင်တခုတည်းမှာပဲ ဆင်ဆာရှိနေတာပါ။ “ဟ သူတို့မှာတောင် ဆင်ဆာမရှိတော့ပဲ၊ မင်းတို့မှာပဲ ဆင်ဆာ ကျန်တာ မင်းတို့ ညံ့လို့ပေါ့” လို့ပြောရင်၊ “အင်းဟုတ်သားပဲ။ ငါတို့ညံ့တာပေါ့” လို့ တွေးရပါတယ်။ ပြီးမှ ကျနော်တို့ နေရင်းထိုင်ရင်း ဘယ်လိုညံ့သွားလဲ စဉ်းစားရပါတယ်။ ဆာတိုရီက ဒါရိုက်တာ ရီဇော် (ကိုမျိုးဇော်) ရှင်းပြမှ ကျနော်တို့ ဘာလို့ညံ့လဲ သေချာသိရပါတယ်။

၁၉၉၆ ရုပ်ရှင် ဥပဒေအရ ရုံတင်မည့် ရုပ်ရှင်ကားတိုင်း ဆင်ဆာခွင့်ပြုချက် လက်မှတ်ပါကို ပါရပါတယ်။ ၉၆ ရုပ်ရှင် ဥပဒေကို ဖျက်သိမ်းပြီး Rating System ပါတဲ့ ရုပ်ရှင်ဥပဒေသစ်ကို တင်သွင်း အတည်ပြုနိုင်မှ ဆင်ဆာစနစ်ကို ဖျက်သိမ်းလို့ရမှာပါ။

(ရုပ်ရှင် ဥပဒေမှာ ဆင်ဆာနဲ့ Rating အကြောင်းအရာပဲ ပါတာမဟုတ်ပါဘူး။ အခြား မူပိုင်ခွင့်၊ ရုံတင်ပြသရေး၊ စာချုပ်စာတမ်း စတဲ့ အကြာင်းအရာများစွာ ပါဝင်ပါတယ်။) ရုပ်မြင်သံကြားလိုင်းတွေလည်း ရုပ်သံ ဥပဒေသစ်ကို ပြဌာန်းပြီး ဆင်ဆာ လွတ်လပ်ခွင့် ရသွားခဲ့တာပါ။ ကျနော်တို့ ဆင်ဆာ မကောင်းကြောင်းတွေပဲ ပြောနေလို့မရပါဘူး။ Rating စနစ်ကို ရဖို့ ရုပ်ရှင် ဥပဒေသစ်ကို ပြဋ္ဌာန်းနိုင်မှ ရမှာပါ။

ဒါဆို ရုပ်ရှင်ဥပဒေသစ်က ဘယ်မှာလဲ။

ရုပ်ရှင်အစည်းအရုံးမှာရှိတယ်လို့ သိရပါတယ်။ ကျနော်တို့လည်း ဖတ်ချင်လို့ ရုပ်ရှင်အစည်းအရုံးမှာ copy သွားတောင်းကြပါတယ်။ သူတို့ ရှာမတွေ့လို့ မရခဲ့ပါဘူး။ ပြန်ဆက်သွယ်ပေးမယ်လို့ ပြောပါတယ်။ ကျနော်တို့လည်း လွှတ်တော် တင်ထားတဲ့ အခြေအနေကို မေးကြည့်ကြပါတယ်။ နာယကကြီး နှစ်ယောက်၊ သုံးယောက်က မကြိုက်လို့ မတင်ရသေးဘူးလို့ သိရပါတယ်။ (အဲဒီ မကြိုက်ဘူးဆိုတဲ့ နာယကကြီးတွေက လက်ရှိရုပ်ရှင် ရိုက်နေတဲ့သူတွေလားဆိုတော့၊ မဟုတ်ပါဘူးတဲ့။ ရုပ်ရှင်ရိုက်ဖို့ အစီအစဉ်ရှိတာလားဆိုတော့၊ မရှိပါဘူးတဲ့။ ဒါဆို ရုပ်ရှင် မရိုက်တော့တဲ့သူ နှစ်ယောက် သုံးယောက်က ရုပ်ရှင် ရိုက်နေတဲ့ သူတွေ အားလုံး အတွက် ဝင်ဆုံးဖြတ်လိုက်ကြတာပေါ့။)

ရုပ်ရှင်ဥပဒေသစ် မူကြမ်းက ဥပဒေပြုကောင်စီကိုလည်း မရောက်သေးပါဘူး။ လွှတ်တော်ထဲလည်း မရာက်သေးပါဘူး။ မကြိုက်လို့ ပြင်ဆင်ပြီး ရေးဆွဲနေကြလားဆိုလည်း မရေးဆွဲနေပါဘူးတဲ့။ ဟုတ်ကဲ့၊ ကျနော်တို့ ဒီက စရမှာပါ။ ကျနော်တို့ လူလိုပါတယ်။ ရုပ်ရှင်ကို ချစ်တဲ့သူတွေ လိုတာပါ။ ရုပ်ရှင်ကို တန်ဖိုးထားတဲ့သူတွေ လိုတာပါ။ (ဒီနေရာမှာ ကျွန်တော့်အတွက် Inde လည်း မရှိပါဘူး။ Mainstream လည်း မရှိပါဘူး။ ရုပ်ရှင်ကို ချစ်ပြီး ရုပ်ရှင်ရိုက်သူနဲ့ ရုပ်ရှင်ကို မချစ်ဘဲ ရုပ်ရှင်ရိုက်သူ နှစ်မျိုးပဲ ရှိပါတယ်။ ဒီအသုံးအနှုန်းကြောင့် နစ်နာတယ်ဆိုသူတွေအတွက်တော့ ကျနော့်မှာ ဖြေဆေး မရှိပါဘူး။)

ဒါရိုက်တာ ထူးပိုင်ဇော်ဦး

“သူစိမ်းအိမ်” ရုပ်ရှင်ရုံတင်တယ်။ ဘယ်သူမှ မသတ်မှတ်ဘဲ ကိုယ့်ကိုယ်ကို PG-13 ဆိုပြီး ခပ်တည်တည် Rating သတ်မှတ်လိုက်တယ်။ အဲ့လို သတ်မှတ်ရင် ၁၃ နှစ်အောက် ကလေးတွေ ကိုယ့်ရုပ်ရှင်ကို လာကြည့်ဖို့ခက်မယ်၊ သားသမီးတွေနဲ့ ရုပ်ရှင်လာကြည့်တတ်တဲ့ ပရိသတ်တွေအတွက်လည်း ရုပ်ရှင်လာကြည့်ဖို့က စဉ်းစားစရာတွေဖြစ်မယ်၊ ကျနော်တို့ရဲ့ လက်မှတ်ရောင်းအားလည်း အနည်းနဲ့အများ ထိခိုက်နိုင်တယ်။

ဒါပေမဲ့ ရုပ်ရှင်ဆိုတာ ကျနော်တို့အတွက် ပိုက်ဆံ တခုတည်း ဘယ်တုန်းကမှ မဟုတ်ခဲ့ပါဘူး။ (ဒါက တရားဝင် သတ်မှတ်ချက် မဟုတ်တဲ့အတွက် တချို့လည်း ကလေးတွေ နဲ့ လာကြည့်ကြတာတွေ့ရပါတယ်။) တကယ်သာ တရားဝင် သတ်မှတ်ပေးရင် ပိုစနစ်ကျတဲ့၊ ပိုရွေးချယ်ခွင့်ရှိတဲ့ ရုပ်ရှင်ကြည့်တဲ့ ပုံစံ ဖြစ်လာမှာပါ။

တရားဝင် Rating System သာ တကယ် အသက်ဝင်လာမယ်ဆိုရင်လည်း ဘယ်သူမှတော့ အမြဲ NC-17၊ R rated တွေ မရိုက်ကြ‌လောက်ပါဘူး။ ကျနော်တို့တွေလည်း တခါ‌တလေ ကလေးတွေအတွက် ရုပ်ရှင်တွေ ရိုက်ချင်ရိုက်မယ်။ တခါတလေ ကြမ်းချင်ကြမ်းမယ်။ တခါတလေ နုချင် နုမယ်။

ကျနော်တို့ ရုပ်ရှင်အတွက် ဖန်တီးမှုတွေဟာ ပိုပြီးတော့ ဘောင်ကျယ်သွားနိုင်ပါတယ်။ မသင့်တော်တဲ့ ၊ ဇွတ်ထည့်ထားတဲ့ ဇာတ်ဝင်ခန်း၊ အပြောအဆို၊ အပြုအမူ၊ မပါသင့်တဲ့ အနေအထားမျိုး ဖြစ်နေရင်လည်း ပရိသတ်တွေကိုယ်တိုင် အပြစ်တင်ပြောဆိုမှာပါ။ သေချာပါတယ်။ အဲဒီအတွက် ကိုယ်ဖန်တီးသမျှဟာ ကိုယ့်တာဝန် ဖြစ်လာပါမယ်။

နောက်ထပ် ပြဿနာတခုက ကိုယ့် မသိစိတ်က ဆင်ဆာပါ။ ကျနော့်ရုပ်ရှင်တွေဟာ ဆင်ဆာမှာ ကြီးကြီးမားမား အခက်အခဲ မရှိခဲ့ပါဘူး။ ဒါပေမယ့် ဇာတ်စဖန်တီးတဲ့ အချိန်ထဲက ဒီလို အကွက်၊ ဒီလို ဇာတ်ဝင်ခန်း ဆို ဆင်ဆာ မလွတ်လောက်ဘူး၊ အဖြတ်ခံရမှာပဲ ဆိုတဲ့ မသိစိတ်ရဲ့ စိုးရိမ်မှုကြောင့် ဘောင်ကန့်သတ်ထားတဲ့ အနုပညာတွေ ဖြစ်လာပါတယ်။ အဲဒါကတော်တော် ဆိုးလှပါတယ်။ အဲဒီအတွက် ပိုလွတ်လပ်သော Rating စနစ်ကို လိုလားတာပါ။

ဆင်ဆာ တင်းကျပ်တဲ့ နိုင်ငံတွေကနေ ကမ္ဘာကျော် ရုပ်ရှင်‌တွေထွက်လာတာတွေ ရှိတာလည်း သိပါတယ်။ ဒါပေမဲ့ ဘယ် အနုပညာရှင်မဆို လွတ်လပ်စွာ ဖန်တီးနိုင်ခွင့်ကို လိုလားပါတယ်။ ဒီလို ခေတ်ကာလ အခြေအနေမှာ ကျနော်တို့ ဒီအခွင့်အရေးလောက်တော့ ရထိုက်တယ် ထင်ပါတယ်။

သရုပ်ဆောင် ပြေဇင်

ရုပ်ရှင်ဆင်ဆာ မလိုအပ်ပါ။ စက်ဘီး စီးတတ်နေကြပါပြီ။ ဘေးကနေ လိုက်မထိန်းပေးကြပါနဲ့တော့။ အများအမြင် ရှက်ဖို့ ကောင်းလို့ပါ။ နဖူးကွဲကွဲ ဒူးပြဲပြဲ ကိုယ်ဖြစ်ကိုယ်ခံကြမှာပေါ့။ တချို့က ထိန်းတာထိန်းပေးတတ်တာ စက်ဘီးကျ မစီးတတ်ဘူး။ စတာ မဟုတ်ဘူး အတည်ပြောတာ။ ရုပ်ရှင်ဆင်ဆာ မလိုအပ်တော့ပါ။

You may also like these stories:

“ရုပ်ရှင်ဆင်ဆာစနစ်ဟာ အာဏာရှင်စနစ်ရဲ့ အကြွင်းအကျန်ပါ”

“ဘယ်သွားသွား စနစ်တကျ Mask တပ်ကြပါ”လို့ သက်မွန်မြင့် ပြော

“ကတ္တီပါဖိနပ်စီး ရွှေထီးဆောင်း” ရုပ်ရှင်နဲ့ Music Video ကို ချိတ်ပြီး ရိုက်ခဲ့တဲ့ မေ

Did you find apk for android? You can find new Free Android Games and apps.
Loading