ကိုဗစ်နိုင်တင်း ကပ်ရောဂါကြောင့် မပေးဖြစ်ခဲ့သော ၂၀၁၉ ခုနှစ် မြန်မာရုပ်ရှင် ထူးချွန်ဆု အကယ်ဒမီ ဆုပေးပွဲအတွက် ရွေးချယ်ထားသော ဆုရသူများ အမည်စာရင်း ထည့်သွင်းထားသည့် ချိတ်ပိတ်ထားသော စာအိတ်များအား ဖွင့်ဖေါက်၍ အလဲအလှယ်ပြုလုပ်ခဲ့သည်။
ရွေးကောက်ခံ NLD အစိုးရလက်ထက် ၂၀၂၀ ခုနှစ် ဧပြီလတွင် ကျင်းပရန်ပြင်ဆင်ထားသော ၂၀၁၉ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို ကပ်ရောဂါထိန်းချုပ်ရေး တင်းကျပ်သော စည်းမျဉ်းစည်းကမ်းများကြောင့် ရွှေ့ဆိုင်းခဲ့ရရာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းအပြီး ၂ နှစ်ကျော်ကြာမှ တပေါင်းတည်း ကျင်းပရန် စီစဉ်နေခြင်းလည်း ဖြစ်သည်။
ဆုရမည့်သူများအား ထိုစဉ်က သက်ဆိုင်ရာရွေးချယ်ရေးအဖွဲ့က ၂၀၁၉ ခုနှစ် မတ်လတွင် ရွေးချယ်ခဲ့ပြီး စာအိတ်ထဲထည့်ကာ ချိတ်ပိတ်ထားခဲ့သည်။
အဆိုပါ စာအိတ်များအား စစ်ကောင်စီက ခန့်အပ်တာဝန်ပေးထားသော မြန်မာရုပ်ရှင်ထူးချွန်ဆုပေးပွဲအဖွဲ့က ၂၀၂၃ ခုနှစ် ဧပြီလဆန်းက ဖွင့်ဖေါက်၍ လဲလှယ်ခဲ့ခြင်းဖြစ်ကြောင်း အကယ်ဒမီဆုပေးပွဲနှင့် နီးစပ်သူတဦးက ပြောသည်။
သူ၏ အဆို စာအိတ်ထဲတွင် ၂၀၁၉ ခုနှစ် ရုပ်ရှင်ထူးချွန်ဆုအတွက် ဒါရိုက်တာဆုကို “ရိုးမပေါ် ကျတဲ့ မျက်ရည်”ဇာတ်ကားဖြင့် ဒါရိုက်တာ ကိုပေါက်၊ အမျိုးသမီးဇာတ်ဆောင်ဆုအတွက် “ဟစ်တိုင်” ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ခဲ့သော အိန္ဒာကျော်ဇင်၊ အမျိုးသားဇာတ်ဆောင်ဆုအတွက် “ရိုးမပေါ် ကျတဲ့မျက်ရည်”ဇာတ်ကားတွင် သရုပ်ထားသော မြင့်မြတ်တို့ကို ရွေးချယ်ခဲ့ကြောင်း သိရသည်။ သို့သော် မည်သူတို့နှင့် အလဲအလှယ် လုပ်သည်ကိုမူ အသေးစိတ် မသိရပါ။
ပေါက်ကောင်ကို မကြာခင် နေပြည်တော်တွင် ကျင်းပမည့် အကယ်ဒမီဆုပေးပွဲကျမှ သိရမည်။
ကိုဗစ်နိုင်တင်း ကပ်ရောဂါအား ကမ္ဘာလုံးဆိုင်ရာကူးစက်ရောဂါအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ၂၀၂၀ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင် ကြေညာခဲ့သည့်အတွက် မြန်မာနိုင်ငံတွင်လည်း သင်္ကြန်ပွဲတော် ပျော်ပွဲရွှင်ပွဲ လူစုလူဝေးပွဲနှင့် အခမ်းအနားများအား မကျင်းပရန် NLD အစိုးရက မတ်လ ၁၃ ရက်နေ့တွင် ကြေညာခဲ့သည်။
ထို့ကြောင့် ၂၀၂၀ ခုနှစ် ဧပြီလတွင် ကျင်းပရန် စီစဉ်ထားသော ၂၀၁၉ ခုနှစ်အတွက် မြန်မာရုပ်ရှင်ထူးချွန် ဆုပေးပွဲကို ရွှေ့ ဆိုင်းခဲ့ရပြီး ၂၀၂၂ ခုနှစ်အထိ ရုံတင်ပြသခဲ့သော ဇာတ်ကားများအတွက် ၃ နှစ်စာ အကယ်ဒမီဆုပေးပွဲအား ၂၀၂၃ ခုနှစ် မေလ ၆ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပရန်စီစဉ်ခဲ့သည်။
စစ်ကောင်စီက ကျင်းပမည့် မြန်မာရုပ်ရှင်ထူးချွန်ဆုပေးပွဲသို့ အနုပညာရှင်များ မဖြစ်မနေ တက်ရောက်ရန် စစ်ကောင်စီတာဝန်ရှိသူများနှင့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိသူများမှ ဖိအားပေး နေသည်။ ထို့အပြင် အကယ်ဒမီဆုပေးပွဲသို့ ကိုယ်ပိုင်ကားများဖြင့် တက်ရောက်ခွင့်မပြုပဲ စစ်ကောင်စီက စီစဉ်ပေးသော ကားများဖြင့်သာ ရန်ကုန်မှနေပြည်တော်သို့ သွားရမည် ဖြစ်သည်။
You may also like these stories:
မြန်မာ့ရုပ်ရှင်လောကကို သရော်ထားတဲ့ “ခြေလေးချောင်း” ရုပ်ရှင် ဒါရိုက်တာနှင့် မေးမြန်းခြင်း
အကယ်ဒမီပွဲတက်ရန် အနုပညာရှင်များကို စစ်ကောင်စီ ဖိအားပေးနေ
ဒီမိုကရေစီအရေးလှုပ်ရှားနေသည့် အနုပညာရှင်များ အကယ်ဒမီဆုပေးပွဲ စိတ်မဝင်စား
စစ်အာဏာသိမ်းမှုအောက်က တော်လှန်အနုပညာရှင်များ