Entertainment

CDM သမားတွေကို လှူဖို့ ဗမာဝတ်စုံ အပ်ထည် လက်ခံမယ့် ဒီဇိုင်နာ ဂမ်

CDM (အာဏာဖီဆန်ရေး လှုပ်ရှားမှု) မှာ ပါဝင်သူများအတွက် လှူဒါန်းဖို့ ဒီဇိုင်နာ ဂမ် (Gam Htoi Lazing) က သူတတ်တဲ့ ပညာကို အသုံးချပြီး လှူဒါန်းမှုမှာ ပါဝင်သွားမယ်လို့ ဆိုပါတယ်။

“CDM သမားတွေကို မလှူဘူးတို့၊ တကယ် ထိထိရောက်ရောက် မလုပ်ပေးဘူးတို့၊ ပို့စ်တွေအောက်မှာ မန့်ထားတာမြင်ရင် တကယ် စိတ်မကောင်းဘူး။ လိပ်ပြာမလုံသလို ခံစားရတယ်။ အလှူခံဖို့ ကြံတာ။ ထုတ်ရောင်းစရာ မရှိတော့ ပညာကို အသုံးချပြီး လှူချင်စိတ်က ပေါ်လာတယ်”

“အခု လုပ်မယ့် အစီအစဉ်ကကျတော့ အကောင့်ထဲက အမျိုးသမီးအများစု ဖြစ်တဲ့အတွက် မြန်မာဝတ်စုံကိုလည်း မြန်မြတ်နိုးနိုး တန်ဖိုးထားဝတ်ကြမယ်လို့ ယူဆရပါတယ်။ အဲ့ဒါကြောင့် ဒီနေ့ကနေ စပြီး နောက်လ ၁၅ ရက်နေ့အထိ ကိုယ် တပိုင်တနိုင်လေး အပ်ထည် လက်ခံပါမယ်”လို့ ဒီဇိုင်နာ ဂမ်က ပြောပါတယ်။

ဗမာဝတ်စုံ ဝမ်းဆက် ဖြစ်တဲ့အတွက် ချုပ်ခကို အားလုံး ပါဝင်နိုင်တဲ့ ပမာဏ သတ်မှတ်ထားပြီး၊ လှူချင်သလောက် လှူသွားပါလို့ ဒီဇိုင်နာ ဂမ်က ဆိုပါတယ်။

ဒီဇိုင်နာ ဂမ် (ဓာတ်ပုံ – Gam Htoi’s Facebook)

“ဗမာဝတ်စုံ ဝမ်းဆက် ဖြစ်တဲ့အတွက် ချုပ်ခကို ၃ သောင်းမှ ၅ သောင်းကြား သတ်မှတ်ပါမယ်။ အားလုံး ပါဝင်နိုင်တဲ့ ပမာဏဖြစ်မယ် ထင်ပါတယ်။ လှူချင်သလောက် လှူသွားပါ။ လာအပ်တဲ့ ချုပ်ခတွေကို ကျနော့်ကို တပြားမှ ပေးစရာ မလိုပါဘူး။ CDM သမားတွေအတွက် တကယ် ထိထိရောက်ရောက် လုပ်ပေးနေတဲ့သူတွေဆီကို အင်္ကျီ လာအပ်တဲ့အချိန် တန်းလွှဲရမှာပါ”

“ဒီပို့စ်ကို မြင်တဲ့သူတွေထဲက အလှူတိုက်ရိုက် လှူပေးနေတဲ့သူများ အကောင့်ထဲကို လွှဲစေချင်ရင် ဆက်သွယ်ပေးပါနော်။ အပ်ထည်အပ်မယ်ဆို Only by Appointment ပါ။ စမ်းချောင်းထဲ လမ်းကြုံလို့ တံခါးလာမခေါက်ပါနဲ့။ ကြိုပြောပြထားပါတယ်နော် Please”လို့ ဒီဇိုင်နာ ဂမ်က ပြောပါတယ်။

ဆက်လက်ပြီး ဒီဇိုင်နာ ဂမ်က အပ်ထည်ချုပ် လက်ခံတာကို ဒီနေ့ကနေ နောက်လ ၁၅ ရက်နေ့အထိ သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။

“ကျနော့် အကောင့်နဲ့ Friend မဖြစ်သူများထဲက ချုပ်ချင်တယ် ဆိုရင် Mutual friend ထဲက တယောက်ယောက်ကို တဆင့် ပြောခိုင်းပေးပါ။ ဝမ်းဆက် ချုပ်မယ့် ပိတ်စနဲ့ ကိုက်ရေ ညီမျှသော ကော်ပိတ် ယူလာပေးပါရန်။ အပ်ထည် လက်ခံတာကို ဒီနေ့ကနေ နောက်လ ၁၅ ရက်နေ့အထိ သတ်မှတ်ထားပါတယ်”

ဒီဇိုင်နာ ဂမ် (ဓာတ်ပုံ – Gam Htoi’s Facebook)

“ရိုးရိုး ထသွားထလာမှသည် ပွဲတက် နီးနီးထိ တန်အောင် ဝတ်ရစေချင်ပါတယ်။ ပါဝင်ပေးကြဖို့ ဖိတ်ခေါ်ပါတယ်။ ကျနော်လည်း တတ်နိုင်သလောက်လေး ပညာနဲ့ ဝိုင်းကူတဲ့ သဘောပါ။ အလှူငွေ များများ လှူချင်ပါတယ်။ ရှေ့ဆက်ဖို့ အားတင်ထားကြပါနော်။ ပြည်သူတွေမှာ ပြည်သူတွေပဲ ရှိပါတယ်”လို့ ဒီဇိုင်နာ ဂမ်က ပြောထားပါတယ်။

ဒီဇိုင်နာ ဂမ်ကတော့ စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် လူမှုကွန်ရက်မှာ Speak Out လုပ်ပေးနေသူဖြစ်ပြီး၊ ပြီးခဲ့တဲ့ ဧပြီလအတွင်းကလည်း ဒီဇိုင်နာ ဂမ်က CRPH (ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ) ကို လှူဒါန်းဖို့ ကိုယ်တိုင်ချုပ် ညနေခင်း ဝတ်စုံတွေ ရောင်းချခဲ့ပါတယ်။

You may also like these story:

ကိုယ်တိုင်ချုပ် ညနေခင်း ဝတ်စုံတွေ ရောင်းပြီး CRPH ကို လှူမယ့် ဒီဇိုင်နာ

Loading