သရုပ်ဆောင် ဒေါင်းက အပတ်စဉ် ထုတ်လွှင့်နေကျ “ရင်ဖွင့်နားစွင့် ပန်းတိုင်ဆီ ရွက်လွှင့်” ဒီအပတ် အစီအစဉ်မှာ ပြည်သူတွေအားလုံး အခုချိန်မှာ ခံစားနေကြရတဲ့ ခံစားချက်တွေနဲ့ ပတ်သက်ပြီး အတူတကွ ရင်ဖွင့်ခဲ့ပါတယ်။
“ကျနော် အရင်ဆုံး ဒီနေ့ ရင်ဖွင့်နားစွင့် ပန်းတိုင်ဆီ ရွှက်လွှင့်အစီအစဉ်မှာ ကျနော်တို့အားလုံး အခုချိန်မှာ ခံစားနေကြရတဲ့ ခံစားချက်တွေနဲ့ ပတ်သက်ပြီး အားလုံနဲ့ အတူတကွ ရင်ဖွင့်ချင်ပါတယ်။ အခုရက်ပိုင်းတွေမှာ ကျနော်တို့တွေရဲ့ နှလုံးသားမှာ နာကျင်စရာတွေ များလှပါတယ်”
“ကျနော်တို့ရဲ့ ပြည်သူတွေ၊ အနုပညာသမားတွေ၊ ကလေးသူငယ်တွေ၊ မိခင်တွေ၊ ဖခင်တွေဟာ စစ်ကောင်စီရဲ့ ရက်စက်စွာ သတ်ဖြတ်မှုတွေ၊ မတရားမှု လုပ်ရပ်တွေနဲ့ ထိုလုပ်ရပ်တွေ စနစ်ဆိုးတွေကြောင့် အသက်တွေ ဆုံးရှုံးခဲ့ရပါတယ်။ ဒါတွေဟာ ပြည်သူတွေပါ။ ကျနော်တို့ရဲ့ နှလုံးသားတွေပါ”လို့ ဒေါင်းက ပြောပါတယ်။
စစ်ကောင်စီရဲ့ အကြမ်းဖက် လုပ်ရက်တွေကြောင့် ဘယ်အခြေအနေမှာပဲဖြစ်ဖြစ် အလျှော့ပေးစရာ၊ နောက်ဆုတ်စရာ မရှိဘူးလို့ ဒေါင်းက ဆိုပါတယ်။
“ကျနော်တို့ နိုင်ငံအပေါ်မှာ စစ်ကောင်စီရဲ့အဆင်အခြင်မဲ့ အကြမ်းဖက် လုပ်ရပ်တွေကြောင့် ပြည်သူ တယောက်ချင်းစီရဲ့အသက်သွေး၊ ဘဝတွေ ရင်းနှီး ပေးဆပ်လိုက်ရတဲ့အတွက် ကျနော်တို့တွေ ဘယ်လို အခြေအနေမှာဖြစ်ဖြစ် အလျှော့ပေးစရာ၊ နောက်ဆုတ်စရာ မရှိတော့ပါဘူး”
“ကျနော်တို့ ပန်းတိုင်ကို ရောက်အောင် သွားကြရပါမယ်။ နာကျင်မှုတွေကို ခွန်အားအဖြစ် ပြောင်းလဲပြီး ကျဆုံးသွားသူတွေရဲ့ စိတ်ဝိဉာဉ်တွေက ပေးတဲ့ အင်အားကို ထပ်ပေါင်းထည့်ပြီး ကျနော်တို့ မတရား အကြမ်းဖက်ဝါဒကို ဆုပ်ကိုင်ထားတဲ့ အာဏာရူးများကို အမြစ်ဖြတ် ချေမှုန်းလိုက်ကြရအောင်”လို့ ဒေါင်းက ပြောပါတယ်။
ဆက်လက်ပြီး ဒေါင်းက “ကျနော်တို့ရဲ့ အနုပညာသမား တယောက်ဖြစ်တဲ့ ကိုရေမွန်အတွက်လည်း အင်မတန်မှ ကြေကွဲ ဝမ်းနည်းရပါတယ်။ တော်လှန်ရေး လုပ်နေရင်း လမ်းခုလတ်မှာ ကျဆုံးသွားတဲ့အတွက် ဒီကနေ အလေးပြုပါတယ်”လို့ ပြောထားပါတယ်။
ဒီတပတ် “ရင်ဖွင့်နားစွင့် ပန်းတိုင်ဆီ ရွက်လွှင့်” အစီအစဉ်မှာတော့ ဒေါင်းက အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ဆိုင်ရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နော်စူစန်နာလှလှစိုးနဲ့ တွေ့ဆုံပြီး ပြည်သူတွေသိချင်နေတဲ့ မေးခွန်းအချို့ကို မေးမြန်းထားပါတယ်။
အဆိုပါ “ရင်ဖွင့်နားစွင့် ပန်းတိုင်ဆီ ရွက်လွှင့်” အစီအစဉ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်လွှင့်ပေးနေတာဖြစ်ပြီး၊ PVTV ရဲ့ Channel များဖြစ်တဲ့ Facebook Page, Youtube Channel နဲ့ Mizzima, DVB ရုပ်သံလိုင်းတွေမှာ ဖမ်းယူ ကြည့်ရှုနိုင်တယ်လို့ သိရပါတယ်။
You may also like these stories:
“စိတ်ဓာတ်ကို အမြင့်ဆုံးထိထားပြီး အနိုင်ယူကြရအောင်”လို့ ဒေါင်း ပြော
“မျိုးဆက်သစ်အတွက် ကျနော်တို့ လုပ်ရပ်တွေက တန်ဖိုးရှိပါတယ်”လို့ ဒေါင်း ဆို
အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ဖော်ပြခဲ့ကြတဲ့ အနုပညာရှင်များ