သရုပ်ဆောင် အိစိကွေးဟာ ပြီးခဲ့တဲ့ ဇွန်လအတွင်း ပြည်တွင်းပြည်ပမှ ကောက်ခံ ရရှိတဲ့ အလှူငွေတွေကို ရွာလုံးကျွတ် မီးရှို့ခံခဲ့ရတဲ့ ကင်းမရွာအတွက် သွားရောက် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
“ပြည်တွင်းပြည်ပမှ ကောက်ခံ ရရှိသမျှ အလှူငွေတွေကို ကင်းမရွာအတွက် တအိမ်ထောင်ကို ၃၀၀၀၀ ကျပ်နှုန်းဖြင့် သွားရောက် လှူဒါန်းခဲ့ပါတယ်။ ကင်းမရွာသားတွေအတွက် ကူညီပေးနေတဲ့ ဘုန်းကြီးကျောင်းကိုလည်း ၁ သိန်းကျော် လှူဒါန်းပေးခဲ့ပါတယ်”လို့ အိစိကွေးက ဆိုပါတယ်။
အဆိုပါ လှူဒါန်းမှုကို အိစိကွေး ဦးဆောင်ကာ ပြည်တွင်းပြည်ပမှ အလှူရှင်များနဲ့ စုပေါင်း လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

“ကင်းမရွာကို သွားလှူနိုင်အောင် ကူညီပေးပါသော ရွှေမြိုင်ဆရာတော်ကို ဒီကနေ ဦးတင်ပြီး ကျေးဇူးတင်ကြောင်း လျှောက်ထားပါတယ်ဘုရား။ ခရီးစဉ်တောက်လျှောက် ကူညီပေးပါသော ဦးဇင်း Pawara ကိုလည်း ကျေးဇူးတင်ပါတယ်ဗျ။ လှူဒါန်းခဲ့ကြတဲ့ အလှူရှင်တိုင်းကို အထူးကျေးဇူးတင်ပါတယ်”လို့ အိစိကွေးက ပြောပါတယ်။
အိစိကွေးဟာ ပြီးခဲ့တဲ့လအတွင်း ရွှေဘိုမြို့မ ဈေးကြီး မီးလောင်မှုအတွက် လှူဒါန်းပေးခဲ့ပြီး၊ ထပ်မံကာ အောက်ဆီဂျင် လိုအပ်တဲ့ နေရာတွေမှာ လှူဒါန်းသွားမယ်လို့ ဆိုပါတယ်။

“အောက်ဆီဂျင်အတွက်လည်း ကျနော်တို့ ထပ်ပြီး ကူနိုင်အောင် အလှူကောက်ခံပါဦးမယ်။ အဲ့ကျရင်လည်း ပါဝင်ပေးကြပါဦးနော်”လို့ အိစိကွေးက ပြောထားပါတယ်။
သရုပ်ဆောင် အိစိကွေးဟာ ယခုကာလမှာ ခက်ခဲနေတဲ့ ပြည်သူတွေအတွက် သူတတ်နိုင်တဲ့ဘက်ကနေ ဦးဆောင်ကာ စုပေါင်း လှူဒါန်းပေးနေတာ ဖြစ်ပါတယ်။