အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာပေ တို့မှ အနုပညာရှင် များ ယမန်နေ့ အောက်တိုဘာလ ၃၁ ရက်က တွေ့ဆုံခဲ့ကြရာတွင် အဆိုပါ နယ်ပယ် ၄ ခုအတွက် ငွေကျပ်သိန်း ၁၀၀၀ စီ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံမှုကို ရန်ကုန်တိုင်း စစ်ဌာနချုပ်၊ ကုန်းမြင့်သာရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်တွင် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။
စစ်ကောင်စီ ဥက္ကဋ္ဌက ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာပေ ရပ်ဝန်း အသီးသီးအတွက် ငွေကျပ် သိန်း ၄၀၀၀ နှင့်အတူ ဆန် အိတ် ၁၀၀ ၊ ဆီ ပိဿာ ၅၀၀ နှင့် ပဲ ပိဿာ ၃၀၀ တို့ ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပေးအပ်ပွဲသို့ မြန်မာနိုင်ငံ စာရေးဆရာအသင်း အတွင်းရေးမှူး ဦးညွန့်တင်၊ တွဲဖက် အတွင်းရေးမှူး ဦးမျိုးထွန်း (မောင်စိမ်းနောင် (လယ်ဝေး)၊ မြန်မာနိုင်ငံ ရုပ်ရှင်ကဏ္ဍမှ အနုပညာရှင်များ ကိုယ်စား မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဒုဥက္ကဋ္ဌ ဦးအေးကြူလေး၊ အတွင်းရေးမှူး ဦးဇော်မြင့်ဦး၊ မြန်မာနိုင်ငံ သဘင်ပညာရှင်များ ကိုယ်စား မြန်မာနိုင်ငံသဘင် အစည်းအရုံး အမှုဆောင် ဦးဌေးလွင်၊ မြန်မာနိုင်ငံဂီတ ပညာရှင်များကိုယ်စား မြန်မာနိုင်ငံဂီတ အစည်းအရုံး(ဗဟို)မှ ယာယီ အမှုဆောင်အဖွဲ့့ ဥက္ကဋ္ဌ ဦးလွင်မြင့်တို့က လက်ခံရယူခဲ့ကြောင်း စစ်ကောင်စီ၏ ဝက်ဘ်ဆိုက်တွင် သတင်း ထုတ်ပြန်ထားသည်။
အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး နာယကနှင့် ယာယီ ဦးစီးကော်မတီ ဥက္ကဋ္ဌ အကယ်ဒမီ ဒါရိုက် တာ စည်သူ၊ ဦးကြည်စိုးထွန်း၊ ရန်အောင်၊ မိုးယံဇွန်၊ ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး) ၊ ယုန်လေး ၊ အောင်ခိုင်၊ ဂျေနီ၊ မယ်လိုဒီ၊ ယဉ်လတ်၊ တက္ကသိုလ် လဲ့လဲ့၊ အမေထားနှင့် အနုပညာရှင်များ တက်ရောက်ခဲ့ကြောင်း ဓာတ်ပုံများနှင့် ဖော်ပြထားသည်။
စစ်ကောင်စီက ပြီးခဲ့သည့် အောက်တိုဘာလ ၁၃ ရက်တွင် ပြုလုပ်သည့် မြန်မာ့ရုပ်ရှင် သက်ကြီးပူဇော်ပွဲတွင်လည်း ငွေ ကျပ်သိန်း ၁၀၀ ပေးခဲ့သည်။
You may also like these stories:
စစ်ကောင်စီက ရုပ်ရှင်သက်ကြီး ပူဇော်ပွဲသို့ ငွေကျပ်သိန်း ၁၀၀ လှူ
လွတ်ငြိမ်းထဲ မပါလာသည့် အနုပညာရှင်များအတွက် မိသားစုဝင်များ စိုးရိမ်နေ