မြန်မာ့ရုပ်ရှင်သက်ကြီးပူဇော်ပွဲကို နှစ်စဉ် အောက်တိုဘာလ ၁၃ ရက်၌ ကျင်းပလေ့ရှိပြီး ယခုနှစ်တွင်လည်း ရန်ကုန်မြို့ ဝင်္ကပါ လမ်းရှိ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးနေရာ၌ ပြုလုပ်ရာ အခမ်းအနားကို စစ်ကောင်စီအဖွဲ့ဝင်များ တက်ရောက်ပြီး ငွေကျပ် သိန်း ၁၀၀ ကို လှူဒါန်းခဲ့ကြောင်း စစ်ကောင်စီ၏ သတင်းစာများတွင် ဖော်ပြထားသည်။
သက်ကြီး အနုပညာရှင်တဦးဖြစ်သည့် ဒေါ်နွဲ့နွဲ့စန်းက “ကျမတို့ သက်ကြီးအနုပညာရှင်တွေကို နိုင်ငံတော် ဝန်ကြီးချုပ်က လည်း ကြည့်တယ်။ ပြန်ကြားရေးဝန်ကြီးကလည်း ကြည့်တယ်ဆိုတော့ ကျမတို့အတွက် အားလည်း ရှိတယ်။ မူလက တည်းက ကျမတို့က အဖြူရောင် အနုပညာရှင်တွေပါ။ အနုပညာရှင်ဟာ အနုပညာရှင်နေရာမှာပဲ နေရမှာပါ။ ဒီနေ့မှာ ဝန်ကြီးချုပ်ကြီးနဲ့ မမကြူတို့က ငွေကျပ်သိန်း ၁၀၀ လှူတဲ့အတွက် အထူးကို ကျေးဇူးလည်း တင်တယ်။ ကြည်နူးတယ်။ ကျမ ဝမ်းသာခြင်း သုံးမျိုးကို ခံစားရတာကို ဝန်ကြီးချုပ်ကြီးနဲ့ တွေ့တဲ့အခါမှာ ပြောပါမယ်။ အခုလို အနုပညာရှင် သက်ကြီး ပူဇော်ပွဲကို ထောက်ပံ့မှုပေးတဲ့အပေါ် အတိုင်းမသိ ကျေးဇူးတင်ရပါတယ်” ဟု ပြောသည်။
ထို့ပြင် သက်ကြီးအနုပညာရှင်များအား ငွေကျပ် ၁၀ သိန်း ဆန်တအိတ်၊ ဆီနှင့် ကြက်ဥအလုံး ၅၀ တို့ကိုလည်း လှူဒါန်းခဲ့ ကြောင်း သိရသည်။
ရုပ်ရှင် သရုပ်ဆောင် ဒေါ်ပုလဲက “အခုချိန်မှာ အမေတို့လို အနုပညာရှင်တွေ အခက်အခဲရှိသလို ကျန်တဲ့သူတွေလည်း အခက်အခဲ ရှိနေကြတာလေ။ အမေတို့ ရုပ်ရှင်လောကကို မရောက်မီကတည်းက မြန်မာ့ရုပ်ရှင်ဟာ စည်းစည်းလုံးလုံးနဲ့ နေထိုင်ခဲ့ကြတာ။ အခုဆိုရင် မြန်မာ့ရုပ်ရှင်ရဲ့အသိုက်ကြီးဟာ ပျက်နေသလို ခံစားရတယ်။ အားလုံး စည်းစည်းလုံးလုံးနဲ့ အနုပညာ တာဝန်ကို ထမ်းရမှာဟာ အမေတို့ လောကသားတွေရဲ့တာဝန်ပါ။ အမေဆိုရင် နှစ် ၅၀ ရွှေရတုလည်း မီခဲ့တယ်။ အခုဆိုရင် မြန်မာ့ရုပ်ရှင် နှစ် ၁၀၀ တောင် ကျော်သွားပြီ” ဟု ပြောသည်။
နှစ်စဉ် ကျင်းပခဲ့သည့် မြန်မာ့ရုပ်ရှင် သက်ကြီးပူဇော်ပွဲသည် ယခုနှစ်တွင် ၄၄ ကြိမ် ရှိခဲ့ပြီဖြစ်သည်။ ယခင်က မြန်မာ့ ရုပ်ရှင် သက်ကြီး ပူဇော်ပွဲကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ ဦးဆောင်၍ ရုပ်ရှင်အနုပညာရှင်များစွာနှင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သော်လည်း ယခုနှစ်တွင် စစ်ကောင်စီမှ ခန့်အပ်သည့် ပြန်ကြားရေးဝန်ကြီးနှင့် သက်ကြီးအနု ပညာရှင်တချို့သာ တက်ရောက်ခဲ့သည်ကို တွေ့ရသည်။
အာဏာသိမ်းစစ်ကောင်စီက ၎င်းတို့ကို ဆန့်ကျင်သည့် အနုပညာရှင်များကို ဖမ်းဆီးအကျဉ်းချထားသလို ဖမ်းဝရမ်းထုတ်၍ လိုက်လံဖမ်းဆီးလျက်ရှိပြီး တဖက်တွင် ပြည်သူများကို ဖျော်ဖြေရေးဖြင့် ပြန်လည်စိတ်လည်လာအောင် ဆွဲဆောင်မှုများ ရှိနေသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း၌ ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းက တနိုင်ငံလုံးတွင် ရှိသည့် ရုပ်ရှင်ရုံများအား ပြန်လည် ဖွင့်လှစ်ရန်နှင့် ရုပ်ရှင်ရိုက်ကူးရေးများ ရိုက်ကူးခွင့် ပြုမည့်အကြောင်း ပြောဆိုသည်။
ယခုပြုလုပ်ခဲ့သည့် သက်ကြီးပူဇော်ပွဲနှင့် ပတ်သက်၍ လွတ်မြောက်နယ်မြေသို့ ရောက်ရှိနေသည့် ဒါရိုက်တာ သည်ခေတ် နေက “အသုံးချတဲ့ သူတွေရှိလို့ အသုံးချခံရတဲ့ ပြဿနာတွေ ရှိလာတာပါ။ ငြင်းပယ်ခြင်းကလည်း အလှတမျိုးပဲလေ။ သူ့ ပရိသတ်နဲ့ သူပါပဲ။ သမိုင်းက လူကို အဆုံးအဖြတ်ပေးပါလိမ့်မယ်” သုံးသပ်ပြောဆိုသည်။
စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတော် အကြည်ညိုပျက်စေမှု ၅၀၅ (က) ဖြင့် ဖမ်းဆီးထားသည့် အနုပညာ ရှင် ၂၀ ဦးထက်မနည်း ရှိနေပြီး ဖမ်းဝရမ်း ထုတ်ခံရသူ ၁၀၀ ကျော်ရှိနေဆဲ ဖြစ်သည်။
မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းမှု သုံးကြိမ်လုပ်ခဲ့ရာ အနုပညာနယ်ပယ်မှ သူများကို ငွေကြေးနှင့် မြေကွက် စသည့် အခွင့်အလမ်းများ ပေးကာ ပုံစံအမျိုးမျိုးဖြင့် စည်းရုံးရေး လုပ်ငန်းများ လုပ်ဆောင်ခဲ့ပြီး အကျိုးပြုဟု ဆိုကာ မိမိတို့နှင့် ဆန့်ကျင်ဘက် အဖွဲ့အစည်းများကို မကောင်းသော သူများအဖြစ် ပုံဖော်ကာ ရုပ်ရှင်များ ရိုက်စေခြင်း၊ တေးသီချင်းများ သီဆိုစေခြင်းစသည်တို့ ပြုလုပ်ခဲ့သည်ကို တွေ့ရသည်။
You may also like these stories:
အာဏာရှင် မပြုတ်မချင်း ပြည်သူတယောက်အနေနဲ့ ဆက်လုပ်နေမှာပဲ
မြန်မာစစ်ဗိုလ်များ နိုင်ငံကြီးပွားရေးအစား စီးပွားပျက်ရန်သာ လုပ်တတ်သည်
ပိုင်တံခွန် အမှုစစ်ဆေးရန် ရွှေ့ဆိုင်းခံရ၍ နစ်နာ