မျှစ်ကနေ ရရှိတဲ့ ကျန်းမာရေး အာဟာရဓာတ်တွေက အရမ်း များပြားပါတယ်။ မျှစ်ဟာ နှလုံးကို ကျန်းမာစေသလို၊ သွေးပေါင်ကျစေပြီး သွေးတွင်း ကိုလက်စထရောကိုလည်း ထိန်းညှိပေးပါတယ်။
မျှစ်စားသုံးခြင်းဟာ ကင်ဆာရောဂါ ကာကွယ်ပေးသလို အသက်ရှုလမ်းကြောင်းဆိုင်ရာ ကျန်းမာစေခြင်းစတဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေ များစွာ ရရှိစေပါတယ်။ ဒါကြောင့် မျှစ်ကို အသုံးပြုပြီး ဂျပန်အစားစာ တမျိုး ဝေမျှပေးချင်ပါတယ်။ ပုံမှန်ဆို မျှစ်နုလေးတွေကို အသီးရွက်၊ အသား၊ ငါးတွေနဲ့ ကြော်စားလေ့ ရှိကြသလို အရည်သောက်လည်း ချက်စားကြပါတယ်။
ဒီတခါတော့ နွေဦးရာသီမှာ တွေ့ ရတဲ့ Takenoko မျှစ်နုလေးတွေကိုသုံးပြီး မျှစ်ထမင်းချက်နည်းပါ။
လိုအပ်တာတွေကတော့ —
မျှစ်နု
ရှီတာကီမှို
ဆန်
Mirin ဆော့စ် (ဂျပန်စာချက်တဲ့အခါ အသုံးများတဲ့ ဆန်အရက်တမျိုး)
ပဲငံပြာရည် နဲ့
Cooking sake တို့ ဖြစ်ပါတယ်။
အရင်ဆုံး ထမင်းထဲထည့်ချက်မယ့် ရှီတာကီမှိုကို နူးညံ့သွားတဲ့အထိ ရေစိမ်ထားပါ။ ရေစိမ်တာ နူးသွားပြီဆိုရင် ရှီတာကီမှို နဲ့ မျှစ်နုလေးတွေကို တခါစားအရွယ် အတုံးလေးတွေ တုံးထားပါ။ ပြီးရင် ထမင်းချက်ပါမယ်။ ထမင်းပေါင်းအိုးထဲကို ဆန်ထည့်ပြီး ခုနက ရှီတာကီမှို စိမ်ထားတဲ့ ရေကို ထည့်၊ နောက် ထပ်လိုသလောက် ရေရိုးရိုး ထပ်ထည့်ပါ။
ချက်မယ့် ဆန်အိုးထဲကို Mirin ဆော့စ်နဲ့ Cooking sake အနည်းငယ်စီ ထည့်ပါ။ တခါစားအရွယ် တုံးထားတဲ့ ရှီတာကီမှိုနဲ့ မျှစ်နုလေးတွေကိုပါ ချက်မယ့် ဆန်အိုးထဲ ထည့်ချက်ရပါမယ်။ အားလုံးထည့်ပြီးရင် ပုံမှန်တည်နေကျအတိုင်း ဆန်ကို ချက်ထားပါ။
ထမင်းအိုး ကျက်ပြီဆိုတာနဲ့ အငွေ့သေအောင် ၁၀ မိနစ်လောက် ခဏ ထားပြီး ထမင်းအိုးကို အပေါ်အောက် နှံ့အောင် မွှေပေးပါ။ ပြီးရင်တော့ အရသာလည်းရှိ၊ ကျန်းမာရေးနဲ့လည်း ညီညွတ်တဲ့ မျှစ်ထမင်းကို စားသုံးနိုင်ပါပြီ။
ဂျပန်လူမျိုးတွေကတော့ Takenoko မျှစ်ထမင်းကို အသားဟင်း တခွက်နဲ့ တွဲဖက်စားလေ့ ရှိပါတယ်။
Ref: Japan Centre