Health

ကျန်းမာရေးအတွက် အိမ်အတွင်းမှာ စိုက်ပျိုးထားသင့်တဲ့ အပင်များ

မိမိတို့အိမ် ပတ်ဝန်းကျင်က မီးခိုးငွေ့၊ ဆေးလိပ်ငွေ့တွေနဲ့ သန့်ရှင်းရေး ပြုလုပ်တဲ့အခါ အသုံးပြုတဲ့ ဆေးရည်တွေကနေ ထွက်လာတဲ့ အငွေ့တွေဟာ အိမ်တွင်းလေထုကို ညစ်ညမ်းစေပြီး ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ အခုဖော်ပြပေးမယ့် အပင်တွေကတော့ စိုက်ပျိုးဖို့ မခဲယဉ်းသလို ကျန်းမာရေးကိုလည်း အထောက်အကူ ဖြစ်စေပါတယ်။

(၁) ရှားစောင်းလက်ပပ်ပင်

ကျန်းမာရေးအတွက်ရော အလှအပအတွက်ပါ အသုံးတည့်တဲ့ ရှားစောင်းလက်ပပ်ပင်ဟာ စိုက်ပျိုးဖို့ မခဲယဉ်းတဲ့ အပင်တမျိုးပါ။ အကြမ်းခံတဲ့ အပင်မျိုးဖြစ်တဲ့အပြင် အောက်ဆီဂျင်ကို ၂၄ နာရီအပြည့် ထုတ်လွှတ်ပေးနိုင်တာကြောင့် အိမ်မှာ စိုက်ပျိုးထားသင့်ပါတယ်။

(၂) နဂါးစက်ပင် (Snake Plant)

နဂါးစက်ပင်လို့လည်း ခေါ်သလို မြွေပင်လို့လည်း ခေါ်ဝေါ်ကြတဲ့ Snake Plant ပင်တွေဟာ အကြမ်းခံတဲ့အပြင် အခန်းတွင်းလေထုကို သန့်စင်ပေးနိုင်တာကြောင့် ကမ္ဘာနဲ့တဝှမ်း အိမ်တွင်းအလှစိုက်ပင်အဖြစ် ကျော်ကြားလှပါတယ်။

(၃) ရှင်သီဝလိဂမုန်း (Peace Lily)

မြန်မာလို “ရှင်သီဝလိ ဂမုန်း” လို့ခေါ်ကြတဲ့ Peace Lily ပင်ဟာဆိုရင် အလင်းရောင် အနည်းငယ်နဲ့ ရရုံနဲ့ ရှင်သန်နိုင်တဲ့ အပင်တမျိုးပါ။ လေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေတဲ့ Carbondioxide, Carbonmonoxide နဲ့ Formaldehyde တို့ကို ဖယ်ရှားပေးနိုင်တာကြောင့် အိမ်တွင်းလေထုကို သန့်စင်ပေးနိုင်ပါတယ်။

(၄) ပင်စိမ်း

ဟင်းလျာ ချက်ပြုတ်ရာမှာ ထည့်သွင်း အသုံးပြုလေ့ရှိတဲ့ ပင်စိမ်းပင်ဟာ လေထုတွင်းက ဘက်တီးရီးယားပိုးမွှားတွေကို ဖယ်ရှားပေးနိုင်တဲ့အပြင် ပင်စိမ်းရနံ့ဟာ စိတ်ဖိစီးမှုကို သက်သာစေနိုင်ပါတယ်။

(၅) ရွှေလာငွေလာဂမုန်း (Golden Pothos)

ရွှေလာငွေလာဂမုန်း အပါအဝင် ဂမုန်းပင်အများစုဟာ အခန်းတွင်းက ဆေးလိပ်ငွေ့လို အဆိပ်အတောက် ရှိတဲ့ ဓာတ်ငွေ့တွေကို စုပ်ယူပေးနိုင်ပြီး ၂၄ နာရီလုံး အောက်ဆီဂျင် ထုတ်လွှတ်ပေးနိုင်တာကြောင့် သင့်ကျန်းမာရေးအတွက် အိမ်မှာ စိုက်ပျိုးထားပေးသင့်တဲ့ အပင်တပင်ပဲ ဖြစ်ပါတယ်။

Ref. www.onegreenplanet.org

You may also like these stories:

တောရိုင်း တိရစ္ဆာန် အစိတ်အပိုင်းနဲ့ လုပ်ထားတဲ့ အရုပ်တွေက အစ ဥပဒေ အရ ငြိစွန်းပါတယ်

ဆွမ်းမွှေးရွက်ရဲ့ ကျန်းမာရေး ကောင်းကျိုးများ

Loading