ခရီးသွားလုပ်ငန်း လုပ်ဆောင်နေကြသူတွေအနေနဲ့ နောက်ထပ် ဆွေးနွေးစရာ ကဏ္ဍတခု ရှိလာပါပြီ။ အဲဒါကတော့ ခရီးသွားအများအပြား လာရောက်လေ့ ရှိကြတဲ့နေရာတွေကို ခရီးသွားသင့်၊ မသွားသင့် ဆိုတဲ့ အကြောင်းအရာပါ။ ဒီအချက်ဟာ ကမ္ဘာကြီးရဲ့အထင်ကရ နေရာဒေသတွေကို ခရီးသွားလိုသူတွေအတွက် စိန်ခေါ်မှုတရပ်လည်း ဖြစ်လာနိုင်စရာ ရှိနေပါတယ်။
ဒေသခံတွေအတွက် ယဉ်ကျေးမှု အမွေအနှစ်တွေကို ဆက်လက် ထိန်းသိမ်းလိုတဲ့ ဆန္ဒ ရှိနေကြတဲ့အတွက် အဆမတန် များပြားလာတဲ့ ခရီးသွားတွေကို တစုံတရာ တားမြစ်တာမျိုး လုပ်ချင်နေကြပါတယ်။ ထင်ရှားတဲ့ နေရာဒေသတွေကို နိုင်ငံတကာ ခရီးသွား အများအပြား လာရောက်ကြတဲ့ အကြောင်းရင်းတွေထဲမှာ လေယာဉ်လက်မှတ်က ဝင်ငွေနဲ့ နှှိုင်းယှဉ်ရင် ဈေးပေါနေတဲ့ အတွက်ကြောင့်ဖြစ်သလို ဆိုရှယ် မီဒီယာတွေရဲ့ ဆွဲဆောင်မှုတွေကြောင့်လည်း ပါဝင်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က Oxford အင်္ဂလိပ်အဘိဓာန်မှာ စာလုံးတလုံး တိုးခဲ့ပါတယ်။ အဲဒီ စာလုံးကတော့ “Overtourism” ဆိုတဲ့ စကားလုံးပါ။ အဲဒီစကားလုံးရဲ့အဓိပ္ပါယ်ကတော့ ထင်ရှားတဲ့ နေရာဒေသတွေကို ခရီးသွား အများအပြား လာရောက် လည်ပတ်တာကို ဆိုလိုတာပဲ ဖြစ်ပါတယ်။ ဘာသာစကားဆိုတာလည်း လိုအပ်ချက်ကြောင့် ပေါ်လာရတာမျိုးပါ။ ဒါကြောင့်လည်း ခရီးသွားတွေကြောင့် သဘာဝပတ်ဝန်းကျင် မထိခိုက်စေဖို့နဲ့ ဒေသခံတွေရဲ့ လူမှုဘဝတွေကိုလည်း လေးစားမှုရှိဖို့ ပိုမို လိုအပ်လာပါတယ်။
ခရီးသွားတယ်ဆိုတာ ကိုယ့်အတွက် စိတ်ငြိမ်းချမ်းမှုကို ရှာဖွေတာမျိုး ဖြစ်ပါတယ်။ ဒီလိုဆိုရင် ခရီးသွားတွေ မလာရအောင် ထင်ရှားတဲ့ နေရာဒေသတွေကို တားမြစ်လိုက်ရတော့မှာလားလို့ မေးစရာ ရှိလာပါတယ်။ ဒါမှမဟုတ် ခရီးသွားတွေက ကိုယ်သွားရောက်ရာ ဒေသတွေကို လေးစားမှု ရှိကြမလား၊ ဒီလိုလည်း မေးခွန်း ထုတ်နိုင်ပါတယ်။
“ခရီးသွားလုပ်ငန်းဆိုတာ အခြား စက်မှုလုပ်ငန်း အမျိုးအစားတွေလိုပါပဲ။ ဒေသခံတွေရဲ့ အကျိုးစီးပွားကို ကာကွယ်နိုင်ဖို့ စည်းကမ်း သတ်မှတ်မှုနဲ့ စီမံခန့်ခွဲမှုမျိုး လိုအပ်ပါတယ်”လို့ “Overtourism” စကားလုံးကို တီထွင်ခဲ့တဲ့ Justin Francis က ပြောပါတယ်။ သူဟာ UK အခြေစိုက် ခရီးသွားလုပ်ငန်းတခုရဲ့ CEO တယောက်လည်း ဖြစ်ပါတယ်။
ကမ္ဘာ့ခရီးသွားနဲ့ ခရီးသွားလုပ်ငန်း ကောင်စီကလည်း ၂၀၁၈ ခုနှစ်အတွင်းက နိုင်ငံတကာ ခရီးသွားပေါင်း ၁ ဒဿမ ၄ ဘီလီယံ ရှိခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ နိုင်ငံတကာ ခရီးသွားအရေအတွက်တွေထဲကမှ ဘီလီယံတဝက် ဒါမှမဟုတ် ၃၆ ရာခိုင်နှုန်းကျော်လောက်က ကမ္ဘာပေါ်မှာ ထင်ရှားတဲ့ မြို့ပေါင်း ၃၀၀ လောက်ကို သွားရောက်ခဲ့ပြီး အခုချိန်ထိတိုင်အောင်လည်း ဆက်ပြီး အရေအတွက် တိုးနေတုန်းပဲလို့ ဆိုပါတယ်။
အခုအချိန်မှာဆိုရင် ဒေသအများအပြားက အစိုးရ တာဝန်ရှိသူတွေနဲ့ ခရီးသွားလုပ်ငန်း ဆောင်ရွက်နေကြသူ တွေဟာ “Overtourism” ကိစ္စကို အလေးထား ကိုင်တွယ်လာကြပါတယ်။ ဒါကြောင့်လည်း ဒေသခံ လူ့အဖွဲ့အစည်းနဲ့ နိုင်ငံတကာ ခရီးသွားတွေရဲ့အကြား ဖြေရှင်းလို့ရနိုင်တဲ့ နည်းလမ်းတွေကို ရှာဖွေတွေ့ရှိလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
နိုင်ငံတကာ ခရီးသွား အများအပြား လာရောက်မှုကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ ဒေသတွေကတော့ —
(၁) ပီရူးနိုင်ငံရဲ့ မာချူပီချူမြို့ဟောင်း
(၂) နယ်သာလန်နိုင်ငံရဲ့ အမ်စတာဒမ်မြို့တော်
(၃) အီတလီနိုင်ငံရဲ့ ဗင်းနစ်မြို့
(၄) ခရိုအေးရှားနိုင်ငံ
(၅) အိုက်စလန်နိုင်ငံ
(၆) ဘယ်လ်ဂျီယံနိုင်ငံရဲ့ Bruges မြို့
(၇) အင်ဒိုနီးရှားနိုင်ငံရဲ့ ဘာလီကျွန်း
(၈) အိန္ဒိယနိုင်ငံရဲ့ တာ့ချ်မဟာ
(၉) ဂရိနိုင်ငံရဲ့ ဆန်တိုရီနီကျွန်း
(၁၀) စကော့တလန်နိုင်ငံရဲ့ အီဒီဘတ်မြို့
(၁၁) အီတလီနိုင်ငံရဲ့ ရောမမြို့
(၁၂) စပိန်နိုင်ငံရဲ့ ဘာစီလိုနာမြို့ နဲ့
(၁၃) နယူးဇီလန်နိုင်ငံရဲ့ ကွင်းစတုန်းမြို့တို့ ဖြစ်ပါတယ်။
အခုဖော်ပြခဲ့တဲ့ ဒေသတွေဟာ နိုင်ငံတကာ ခရီးသွား အများအပြား လာရောက်တဲ့အတွက်ကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ သိရပါတယ်။
Ref: edition.cnn
You May Also Like These Stories:
နိုင်ငံတကာ ခရီးသွားတွေကို အစားအသောက်ကောင်းတွေနဲ့ ဆွဲဆောင်ဖို့ ကြိုးစားနေတဲ့ သီရိလင်္ကာနိုင်ငံ
တရုတ်ခရီးသွား ကျဆင်းသော်လည်း အိန္ဒိယခရီးသွား ထိုင်းသို့ ပိုမိုလာရောက်