သြစတြေးလျနိုင်ငံရဲ့ ဒုတိယအကြီးဆုံး မဲလ်ဘုန်းမြို့မှာ နိုင်ငံတကာ လေကြောင်းခရီးစဉ် ဆင်းသက်ခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကြောင့် နိုင်ငံတကာ လေကြောင်းခရီးစဉ်တွေ ပိတ်ထားခဲ့ရာက ၅ လအတွင်း ပထမဆုံးအကြိမ် ပြန်လည် ဆင်းသက်ခွင့်ရခဲ့တဲ့ ခရီးစဉ်ပါ။
ဒီဇင်ဘာ ၇ ရက်က နိုင်ငံတကာ လေကြောင်းခရီးစဉ်နဲ့ ပါလာသူ အားလုံးဟာ ဗစ်တိုးရီးယားပြည်နယ်က ချမှတ်ထားတဲ့ ဟိုတယ် Quarantine စနစ်သစ်အတိုင်း နေထိုင်သွားရမှာ ဖြစ်ပါတယ်။ သြစတြေးလျနိုင်ငံမှာ မတ်လကတည်းက ဗိုင်းရပ်စ် ကူးစက်မှုတွေကြောင့် နိုင်ငံသား မဟုတ်သူတွေကို ပြည်ဝင်ခွင့်ပိတ်ပင်ခဲ့ပေမယ့် ဗစ်တိုးရီးယားပြည်နယ်၊ မဲလ်ဘုန်းရှိ လေဆိပ်တွေမှာတော့ ဝင်ထွက်ခွင့် ပေးခဲ့ပါတယ်။
ဇွန်လ နောက်ဆုံးပတ်မှာတော့ COVID-19 ကူးစက်မှုတွေကြောင့် ဆိုက်ရောက် ခရီးစဉ်တွေကို လက်မခံတော့ဘဲ လေဆိပ်တွေ ပိတ်ထားခဲ့တာပါ။ နိုင်ငံခြားက ပြန်လာတဲ့သူတွေကနေတဆင့် ဗစ်တိုးရီးယားပြည်နယ်က ဟိုတယ်ဝန်ထမ်း ၂၀,၀၀၀ ကျော် လောက်ကို COVID-19 ကူးစက်ခဲ့တာကြောင့် ပြည်နယ်အစိုးရက တင်းကျပ်တဲ့ စည်းမျဉ်းတွေ ချမှတ်ဖို့ ပြောကြားခဲ့ပါတယ်။
အပတ်စဉ် ဗစ်တိုးရီးယားပြည်နယ်ကို လူဦးရေ ရာဂဏန်းလောက် ပြန်ဝင်ရောက်လာတာကြောင့် ကျန်းမာရေး လမ်းညွှန်ချက်တွေကို လိုက်နာကြဖို့ တိုက်တွန်းနေပါတယ်။ ပြည်နယ်ရဲ့ Quarantine စနစ်သစ် ထုတ်ပြန်ခဲ့ပြီး သီရိလင်္ကာလေကြောင်းလိုင်းနဲ့ ရောက်လာသူတွေဟာ နေထိုင်ရမယ့် ဟိုတယ်ခန်းကနေ အပြင်ထွက်ရမှာ မဟုတ်တော့ပါဘူး။
အဆိုပါ Quarantine စနစ်သစ်ဟာ သြစတြေးလျရဲ့ အကြီးဆုံးပြည်နယ် နယူးဆောက်ဝေးရှိ ဆစ်ဒနီမြို့မှာ ကျင့်သုံးနေတဲ့အတိုင်း ပုံစံတူ ယူထားတာပါ။ ဆစ်ဒနီမြို့ကို ထောင်သောင်းချီတဲ့ နိုင်ငံခြားပြန်တွေ ဝင်ရောက်နေပေမယ့် အစုလိုက် ကူးစက်မှုမျိုး မရှိခဲ့ပါဘူး။ နိုဝင်ဘာလအတွင်း ပြည်တွင်းကူးစက်မှု ၁ ခုသာ ရှိခဲ့တာကြောင့် Social distancing ကန့်သတ်ချက်တွေကို ဖြေလျှော့သွားဖို့ ရှိနေပါတယ်။
ဒီဇင်ဘာ ၈ ရက်ကစလို့ နယူးဆောက်ဝေးနဲ့ ဗစ်တိုးရီးယားပြည်နယ်တို့ကို လာရောက်မယ့် ခရီးစဉ်တွေအတွက် သတ်မှတ်ထားတဲ့ ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးတော့မှာပါ။ တနိုင်ငံလုံးနီးပါး ပြည်တွင်း ခရီးစဉ်တွေကို ပြန်ခွင့်ပြုလာနေတာကြောင့် Qantas နဲ့ Virgin Australia က လေကြောင်းခရီးစဉ်တွေကိုပါ တိုးမြှင့်နေပါတယ်။
သြစတြေးလျနိုင်ငံဟာ COVID-19 ကူးစက်မှုပေါင်း ၂၈,၀၀၀ နီးပါး ရှိခဲ့ပြီး၊ သေဆုံးသူ ၉၀၈ ဦးရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။ ပျောက်ကင်း သက်သာလာသူ ၂၅,၀၀၀ ကျော် ရှိပါတယ်။
Ref: Reuters