၂၀၁၈ ခုနှစ် ဧပြီလမှာ ထွက်ရှိခဲ့တဲ့ Infinity War ဇာတ်ကားဟာ ကမ္ဘာမှာသာမက မြန်မာနိုင်ငံမှာပါ ကြည့်ရှုသူ အရမ်းများခဲ့တဲ့ ဇာတ်ကားတကားပါ။ ဒီဇာတ်ကား ထွက်ဖို့ Marvel ကုမ္ပဏီဟာ ၁၀ နှစ် အချိန်ကြာမြင့်ခဲ့ပြီး ဇာတ်လမ်း ပျိုးခဲ့တာကြောင့် ဇာတ်အိမ် အရမ်းခိုင်တဲ့ ဇာတ်ကားတကားလို့လည်း ဆိုနိုင်ပါတယ်။
ဒီလို ဇာတ်ကားတွေကို တချို့က ကလေးကြိုက်ကားတွေလို့ ပြောကြပေမယ့် စူပါဟီးရိုးပရိသတ်တွေကတော့ လက်မခံဘူးလို့ ချက်ကျလက်ကျ ပြန်ရှင်းပြထားတာတွေ အများကြီးပါ။ ဒီအထဲကမှ “Infinity War” ဇာတ်ကားမှာ ပါဝင်တဲ့ စူပါဟီးရိုးတွေဆီကနေ သင်ယူနိုင်တဲ့ ဦးဆောင်ခြင်းဆိုင်ရာ သင်ခန်းစာတွေကို ဖော်ပြပေးချင်ပါတယ်။
(၁) Captain America
Captain America ဟာ Marvel ရဲ့ စံပြဇာတ်ကောင် တယောက် ဖြစ်ပါတယ်။ သူဟာ အမြဲ ပြည်သူတွေကို ဦးစားပေးလေ့ ရှိသူဖြစ်ဦး သူ့ရဲ့ အဖွဲ့ဝင်တွေကို ကောင်းမွန်စွာ အမြဲ ဦးဆောင်နိုင်သူ တဦးပါ။ သူဟာ လူသားတဦးဖြစ်ပေမယ့် လူသားတဦးထက်ပိုတဲ့ စွန့်လွှတ်မှုတွေကို လုပ်ခဲ့သူပါ။
စူပါဟီးရိုး၊ စစ်သားတွေကို အုပ်ထိန်းရတဲ့အခါမှာလည်း သူဟာ တယောက်ချင်းစီရဲ့ စွမ်းရည်တွေကို လေ့လာပြီး လေ့ကျင့်ပေးလေ့ ရှိသူပါ။ ဒီနေရာမှာ သရုပ်ဆောင်တဲ့ မင်းသား Steve Roger ကလည်း “ကျနော်က အမေရိကန်နိုင်ငံကို ကိုယ်စား မပြုနိုင်ပါဘူး။ ဒါပေမဲ့ အမေရိကန်ပြည်သူတွေကို ကိုယ်စားပြုတဲ့ ဟီးရိုးပါ”လို့ ပြောကြားခဲ့ပါတယ်။
(၂) Iron Man
လူကြိုက်အများဆုံး ဇာတ်ကောင်တွေထဲက တယောက်ဖြစ်တဲ့ Iron Man ကတော့ ဘယ်အရာကိုမှ လိုက်ခံစားခြင်း မရှိပေမယ့် အလုပ်ကိုတော့ တိတိကျကျ လုပ်တတ်သူပါ။ ခေါင်းဆောင်ကောင်းတယောက် ဖြစ်ဖို့အတွက် လိုအပ်တာက အလုပ်ကို တိကျသေချာစွာလုပ်ဖို့ ဖြစ်လို့ မကြာခဏ ပြောလေ့ရှိသူလည်း ဖြစ်ပါတယ်။
စစ်လက်နက်ရောင်းချတဲ့ ဘဝကနေ လူတွေရဲ့ အသက်ကို ကယ်တင်သူဖြစ်လာတဲ့ Iron Man ဟာ ဉာဏ်ကြီးရှင် သူဌေးတဦး ဖြစ်ပြီး သူ့လုပ်ရပ်တိုင်းကို တာဝန်ယူမှု အပြည့်ရှိသူတဦး ဖြစ်ပါတယ်။ ခေါင်းဆောင်လုပ်မယ့်သူဟာ အမြဲ တာဝန်ယူမှုအပြည့် ရှိနေရမယ်လို့ သူက ဆိုပါတယ်။
(၃) Black Panther
Black Panther ရုပ်ရှင်ဟာ “တကယ်ကို Masterpiece ဖြစ်တယ်” လို့ ပရိသတ်တွေက ဆိုပါတယ်။ တည်ငြိမ်ပြီးတဲ့ တိုင်းပြည်တခုကို အုပ်ချုပ်ရတဲ့ လူငယ် ဘုရင်တယောက်မှာ ရှိသင့်ရှိထိုက်တဲ့ အရည်အချင်းတွေကို စနစ်တကျ ရိုက်ကူးထားတဲ့ ဇာတ်ကားလည်းဖြစ်ပါတယ်။
သူစိမ်းတွေ၊ ကိုယ့်နိုင်ငံသား မဟုတ်သူတွေကို မယုံကြည်ဖို့နဲ့ ကိုယ့်ကို ယုံကြည်နေတဲ့ ပြည်သူတွေရဲ့ ယုံကြည်ချက်ကို ဘယ်တော့မှ မဖျက်ဖို့ Wakanda ဘုရင် Black Panther ကဆိုပါတယ်။
(၄) Thor
Marvel က ရိုက်တဲ့ စူပါဟီးရိုး ဇာတ်ကားတွေမှာ လူသားဟီးရိုးတွေ ပါသလို နတ်တွေလည်းပါပါတယ်။ Thor နတ်ဘုရားရဲ့ အဓိက လက်နက်က တူဖြစ်ပြီး မိုးကြိုးကိုလည်း ထုတ်လွှင့်နိုင်ပါတယ်။ သူ့ရဲ့ ဖခင်ဖြစ်တဲ့ Odin က တူကို ကိုင်ထားတဲ့ သားဖြစ်သူ နတ်သားကို တူကို လက်နက်အဖြစ် သုံးတာဟာ အာဏာကို ထိန်းသိမ်းဖို့ ဖြစ်ပြီး လက်နက်ကိုင်ရလို့ လက်နက်မဲ့တွေကို ညှင်းပန်းနှိပ်စက်ခွင့် မရှိဘူးဆိုပြီး ဆုံးမထားပါတယ်။
Ref : prospects.com