အခုလ အစောပိုင်းတုန်းက စစ်တပ် အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး ဖမ်းဆီးခံ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လာစေချင်တဲ့ နိုင်ငံအဝန်းက သိန်းနဲ့ချီတဲ့ ပြည်သူတွေရဲ့ ၈ ရက်မြောက်နေ့ ဆန္ဒပြပွဲတွေထဲမှာ မြန်မာ့ ပင့်ကူလူသားတွေ ပါဝင်လာကြပါတယ်။
“စပိုက်ဒီ ထူး” လို့ နာမည်ပေးထားတဲ့ အသက် ၂၈ နှစ်အရွယ် လူငယ်တဦးဟာ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ဖို့ စင်ကာပူနိုင်ငံကနေ မကြာသေးခင်ကမှ ပြန်လာခဲ့သူ ဖြစ်ပါတယ်။ ဒါပေမဲ့ COVID-19 ကပ်ရောဂါ ဖြစ်ပွားနေမှုကြောင့် သူ့ရဲ့ အစီအစဉ်တွေ နောက်ဆုတ်ခဲ့ရတဲ့အပြင် သူ့ရဲ့အစီအစဉ်တွေကို ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းမှုက လမ်းချော်သွားစေမှာကို စိုးရိမ်နေရပြီ ဖြစ်ပါတယ်။
သူက “အာဏာသိမ်းမှုဟာ ကျနော့်ကို တော်တော်လေး ထိတ်လန့်သွားစေခဲ့တယ်” လို့ ဆိုပါတယ်။ စပိုက်ဒီထူးဟာ စစ်အာဏာ သိမ်းပြီးနောက် ဖမ်းဆီးမှုတွေ အများအပြား လုပ်လာချိန်မှာပဲ ဆန္ဒပြပွဲတွေမှာ သူဟာ စူပါဟီးရိုး ပင့်ကူလူသား ဝတ်စုံကို ဝတ်ဆင်ပြီး ထွက်လာခဲ့ပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာရုံးကတော့ မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးတဲ့နောက် ဖမ်းဆီးခံထားရသူတွေဟာ အယောက် ၃၅၀ ကျော်သွားပြီလို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ပြောဆိုထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာလည်း အာဏာသိမ်းတဲ့ ပထမဆုံးနေ့မှာကတည်းက အဖမ်းခံထားရတာဖြစ်ပြီး သူ့ကို ပြန်လွှတ်ပေးဖို့ ဆန္ဒပြသူတွေက တောင်းဆိုနေကြတာလည်း ဖြစ်ပါတယ်။
စပိုက်ဒီ ထူးကတော့ ဆန္ဒပြပွဲတွေမှာ သူ့ရဲ့ ပူးပေါင်းပါဝင်မှုဟာ သူ့ရဲ့ မိဘတွေအတွက် အကျပ်ရိုက်မှုဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ သူ့ကို မိဘတွေက ဆန္ဒထုတ်ဖော် ပြောဆိုတာမျိုး မလုပ်စေချင်ခဲ့ပေမယ့် ၂၀၁၁ ခုနှစ်မှာ နိုင်ငံကို ပြန်လည် မဖွင့်ပေးခင်အထိ နှစ်ပေါင်း ၅၀ နီးပါးကြာ စစ်အုပ်ချုပ်မှုလက်အောက်မှာ အထီးကျန်စွာ နေထိုင်ခဲ့တဲ့ နိုင်ငံမှာတော့ စစ်အုပ်ချုပ်မှုကို ထပ်မလိုချင်ခဲ့ဘူးလို့ သူက ဆိုပါတယ်။
စပိုက်ဒီထူးက “နောက်ဆုံးတော့ ဆန္ဒပြပွဲမှာ ပါဝင်ဖို့ ကျနော့်ကို သူတို့ခွင့်ပြုပေးခဲ့ပါတယ်” လို့ ပြောပါတယ်။ အဲ့ဒီပင့်ကူလူသား ဝတ်စုံကို ဝတ်ဆင်ပြီး ကြည့်ရှုသူတွေနဲ့ မီဒီယာတွေရဲ့ အာရုံစိုက်ကို ရယူနိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။
အာဏာပိုင်တွေကတော့ ၁၉၈၈ နဲ့ ၂၀၀၇ ခုနှစ်မှာ ဆန္ဒပြပွဲတွေကို သွေးချောင်းစီးအောင် ဖြိုခွင်းခဲ့ပါတယ်။ ဒါပေမဲ့ အခုနောက်ဆုံး ဆန္ဒပြပွဲတွေမှာတော့ ဝတ်စုံအမျိုးမျိုးကို ဝတ်ဆင်ထားကြတဲ့ လူတွေရဲ့ ပေါ့ပေ့ါပါးပါး ဆန္ဒထုတ်ဖော်မှုတွေ ပါဝင်လာတာကို တွေ့ရပါတယ်။
စပိုက်ဒီထူးက “ကျနော်တို့ရဲ့ ဆန္ဒပြမှုဟာ ဟိုးအရင် ဆန္ဒပြမှုတွေကနေ လုံးဝ တူညီမှုရှိမှာ မဟုတ်ပါဘူး။ ကျနော်တို့ရဲ့ အိုင်ဒီယာတွေနဲ့ ဖန်တီးမှုတွေကတော့ အရင်နည်းဗျူဟာတွေထက် ပိုပြီးတော့ အဆင့်မြင့်လာပါတယ်။ သူတို့ ကျနော်တို့ကို မနိုင်နိုင်ပါဘူး။ ကျနော်တို့ အနိုင်ရမှာပါ” လို့ ပြောဆိုခဲ့ပါတယ်။
Ref:timesofindia
You may also like these stories:
“အကြောက်တရားနဲ့ ဘဝကို မလိုချင်ရင် CDM လုပ်ပါ”လို့ သက်မွန်မြင့် ဆို
“ဗိုလ်ချုပ်မွေးနေ့ကို လိပ်ပြာသန့်သန့် ဂုဏ်ယူပါတယ်”
“ပြည်သူတွေ လိုလားတာ ဒီမိုကရေစီ စနစ်ပါ” လို့ ဖိုးချစ် ဆို