မြန်မာနိုင်ငံမှာ လက်ရှိ စစ်တပ်ရဲ့ အာဏာသိမ်းမှုအပေါ် ဇာတ်မင်းသား ဖိုးချစ်က ဒီမိုကရေစီ စနစ်ကို ကြိုးစား ရုန်းကန်ခဲ့ကြပြီးမှ အခုလို ပြန်ပြောင်းလဲတာကို မကြိုက်ဘူးလို့ ဆိုပါတယ်။
“စနစ် မကောင်းလို့ ကျနော်တို့က ပြုပြင် ပြောင်းလဲခဲ့ကြတာလေ။ ယခင် အာဏာသိမ်းခဲ့တဲ့ ပုဂ္ဂိုလ်များသည်ပင်လျှင် တိုင်းပြည်အတွက်ရော၊ ကမ္ဘာနဲ့ ဆက်ဆံတဲ့အခါမှာရော မကောင်းလို့၊ အဆင်မပြေလို့ ပြည်သူကလည်း ဒီမိုကရေစီ စနစ်ကို လိုလားလို့ အများကြီး ပေးဆပ်ပြီး ပြောင်းလဲခဲ့ကြပြီးပြီ။ ဒါကို နောက်ကြောင်း ပြန်လှည့်ဖို့ ဆိုတာ မသင့်တော်ဘူး၊ မဖြစ်သင့်ဘူး”
“နှစ်ပေါင်းများစွာလည်း လုပ်ခဲ့လို့ မကောင်းဘူးဆိုတာကို သိနေပြီဗျာ။ မြန်မာပြည်သူ ပြည်သားတွေ ဆန္ဒကလည်း ဒီမိုကရေစီ စနစ်၊ ဒီမိုကရေစီ စနစ်ကို ကြိုးစား ရုန်းကန်ခဲ့ကြပြီးမှ အခုလို ပြန်ပြောင်းလဲတာတော့ ကျနော်တို့ မကြိုက်ဘူး”လို့ ဖိုးချစ်က ပြောပါတယ်။
ဆန္ဒပြမှုတွေမှာ အနုပညာရှင်တွေ၊ ပြည်သူတွေ အားလုံး ပါဝင်လာကြပြီး အကြမ်းဖက်မှု မပါဘဲ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒဖော်ထုတ်နေကြတာလို့ ဆိုပါတယ်။
“ကျနော်တို့နဲ့ အတူ ပြည်သူတွေ အားလုံး ပါဝင်လာတယ်။ ရုန့်ရင်းကြမ်းတမ်း အကြမ်းဖက်မှု မပါဘူး။ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒဖော်ထုတ်ရတယ်။ လူတယောက်မှာ ကိုယ်ကြိုက်တယ်၊ မကြိုက်ဘူးဆိုတာကို ထုတ်ဖော်ခွင့် ရှိရမှာပေါ့။ အားလုံးလည်း ပါဝင်နေပြီဆိုတော့ လူငယ်တွေရဲ့ တိုင်းပြည် အနာဂတ်ကို ပြည်သူတွေကပဲ ထုဆစ်နေကြတာဆိုတာ နိုင်ငံအတွက် ကောင်းတဲ့ အလားအလာပါ”လို့ ဖိုးချစ်က ပြောပါတယ်။
ငြိမ်းချမ်းသော ဆန္ဒဖော် ထုတ်ခြင်းနဲ့ အတူ ဒီမိုကရေစီ ဖော်ဆောင်နိုင်မယ်ဆိုတာ ယုံကြည်တယ်လို့ ဖိုးချစ်က ဆိုပါတယ်။
“အကြမ်းမဖက်ဘဲ ငြိမ်းငြိမ်းချမ်းချမ်း ဖော်ထုတ်ပြီးတော့ ကျနော်တို့ လိုချင်တဲ့ အနာဂတ်ကို ဆက်သွားရမှာ ဖြစ်ပါတယ်။ ကျနော်တို့က ပန်းတိုင်ကို ညီညီညွတ်ညွတ်နဲ့ ချီတက်နေကြတာ။ စည်းလုံးတယ်၊ ငြမ်းချမ်းတယ်။ ဆက်ပြီးတော့ အင်အားတွေကို လိုတဲ့နေရာ အသုံးချပြီး ဘယ်သူ့ကိုမှ မထိခိုက်သော ငြိမ်းချမ်းသော ဆန္ဒဖော်ထုတ်ခြင်းနဲ့ အတူ ဒီမိုကရေစီ ဖော်ဆောင်နိုင်မယ်ဆိုတာ ယုံကြည်ပါတယ်”လို့ ဖိုးချစ်က ပြောပါတယ်။
ကမ္ဘာကြီးဟာ ရွာဖြစ်တာကြောင့် တနိုင်ငံတည်း ရပ်တည်လို့ မရဘဲ၊ တိုင်းပြည်ကို တကယ်ကောင်းစေချင်ရင် ငြိမ်းငြိမ်းချမ်းချမ်း အဖြေရှာကြည့်ပါလို့ ဆိုပါတယ်။
“အားလုံးလည်း သူ့အပိုင်း၊ ကိုယ့်အပိုင်းမှာ ကန့်သတ်ချက် ရှိပါတယ်။ ကမ္ဘာကြီးက ရွာပါ။ တနိုင်ငံတည်း၊ တရပ်ကွက်တည်း ရပ်တည်လို့ရတာ မဟုတ်ပါဘူး။ ကျနော် မှားလည်း ကျနော် ခံရမယ်။ သူမှားလည်း သူခံရမယ်။ ဘယ်လို အကြောင်းတရားကြောင့်ပဲပြောပြော အမှားအမှန်နဲ့ တရားခြင်း၊ မတရားခြင်းဟာ အဖြေပေါ်ပါလိမ့်မယ်”
“ကျနော့် အနေနဲ့ ဘာမှားတယ်၊ ဘယ်လိုဆိုတာ မပြောလိုပါဘူး။ ပြည်သူအများစုရဲ့ ဆန္ဒ ဖော်ထုတ်နေကြပြီပဲ။ တိုင်းပြည်ကို တကယ်ချစ်လား။ တကယ် ကောင်းစေချင်တာလား။ ငြိမ်းငြိမ်းချမ်းချမ်း အဖြေရှာကြည့်ပါ၊ တွေ့ပါလိမ့်မယ်”လို့ ဖိုးချစ်က ပြောပါတယ်။
You may also like these stories:
CDM (အာဏာဖီဆန်ရေး လှုပ်ရှားမှု) မှာ ပါဝင်ကြဖို့ ရွှေသမီး တောင်းဆို
CDM ကာလအတွင်း လူနာတွေအတွက် အခမဲ့ ဆေးခန်းမှာ ကူညီမယ့် နီနီခင်ဇော်
“အဓမ္မ အာဏာသိမ်းတာကို မကြိုက်လို့ ဆန္ဒပြတာပါ”လို့ ထက်ထက်ထွန်း ဆို