Entertainment

CDM (အာဏာဖီဆန်ရေး လှုပ်ရှားမှု) မှာ ပါဝင်ကြဖို့ ရွှေသမီး တောင်းဆို

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်တပ်မှ အာဏာသိမ်းလိုက်တဲ့အပေါ် သရုပ်ဆောင် ရွှေသမီးက အာဏာသိမ်းလိုက်တာဟာ နောင်လာမယ့် မျိုးဆက်သစ်အတွက် မျှော်လင့်ချက် မဲ့စေတယ်လို့ ဆိုပါတယ်။

“အာဏာသိမ်းလိုက်တာကို ပြည်သူတယောက်အနေနဲ့ အလိုမရှိပါဘူး။ အခုလို အာဏာသိမ်းလိုက်တာဟာ နောင်လာမယ့် မျိုးဆက်သစ်တွေအတွက် မျှော်လင့်ချက်မဲ့စေတယ်လို့ ပြောလို့ရပါတယ်။ တိုးတက်ရမယ့်ဟာ ဆုတ်ယုတ်သွားတယ်။ ဘာလို့ နောက်ပြန်လှည့်ချင်ကြတာလဲ”လို့ ရွှေသမီးက ပြောပါတယ်။

အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အနေနဲ့ လုပ်ဆောင်နေကြတဲ့ Civil Disobedience Movement (အာဏာဖီဆန်ရေး လှုပ်ရှားမှု) မှာ ပြည်သူ့ဝန်ထမ်းတွေ ပါဝင်ပေးကြပါလို့ ဆိုပါတယ်။

“CDM မှာ ပါဝင်ပေးကြပါလို့ တောင်းဆိုပါတယ်။ မပါဝင်ကြသေးတဲ့သူတွေ ရှိသလို ပါဝင်ဖို့ နှောင့်နှေးနေကြတဲ့သူတွေလည်း ရှိကောင်း ရှိနိုင်ပါတယ်။ သူတို့တွေကိုလည်း ဖိအား မပေးဘဲ ငြိမ်းချမ်းစွာ ပါဝင်လာကြဖို့ ရွှေတို့က တောင်းဆိုနေတာပါ။ တော်တော်များများလည်း ပါဝင်လာကြပါတယ်။ CDM မှာ ပါဝင်တဲ့သူတွေကိုလည်း ရွှေက လေးစားပါတယ်။ ကျေးဇူးတင်ပါတယ်”လို့ ရွှေသမီးက ပြောပါတယ်။

ဆက်လက်ပြီးလည်း CDM မှာ ပါဝင်ပေးကြဖို့နဲ့ အခက်အခဲ ရှိသူတွေကို ကူညီပေးဖို့ အဖွဲ့အစည်းတွေ အဆင်သင့်ရှိနေတယ်လို့ ဆိုပါတယ်။

သရုပ်ဆောင် ရွှေသမီး (ဓာတ်ပုံ – Shwe Thamee’s Facebook)

“ဆက်လက်လည်း ပါဝင်ပေးကြပါ။ CDM မှာ ပါဝင်တဲ့သူတွေ အခက်အခဲများ ရှိခဲ့ရင် ကူညီပေးဖို့ အဖွဲ့အစည်းတွေကလည်း အသင့်ပါပဲ။ အခက်အခဲဖြစ်နေတဲ့သူတွေ အကယ်လို့ ရှိခဲ့ရင် ရွှေတို့ကို ဆက်သွယ်ပါ။ ရွှေတို့က တကယ်ကူညီပေးမှာပါ။ CDM မှာ ပါဝင်ဖို့ တောင်းဆိုပါတယ်။ အနာဂတ် မျိုးဆက်သစ်တွေအတွက်၊ ရှေ့ဆက်ရမယ့် အနာဂတ်တွေအတွက် CDMမှာ ပါဝင်ပေးကြပါ”လို့ ရွှေသမီးက ပြောပါတယ်။

ပြည်သူတွေ ဘေးကင်းဖို့ ဆုတောင်းပေးသလို ကိုယ်တိုင်လည်း ဆန္ဒဖော်ထုတ်နေတယ်လို့ ဆိုပါတယ်။

“ရွှေတို့ ပြည်သူတွေ ဘေးကင်းကြပါစေ။ ထိပ်တိုက် မတွေ့ပါနဲ့။ ငြိမ်းချမ်းစွာ စည်းကမ်းရှိစွာ အရေးတော်ပုံ အောင်မြင်အောင် တော်လှန်ကြပါမယ်။ နေ့စဉ်အမျှ ဆုတောင်းပေးသလို ကိုယ်တိုင်လည်း ပါဝင်နေပါတယ်”လို့ ရွှေသမီးက ပြောပါတယ်။

You may also like these stories:

CDM ကာလအတွင်း လူနာတွေအတွက် အခမဲ့ ဆေးခန်းမှာ ကူညီမယ့် နီနီခင်ဇော်

“အဓမ္မ အာဏာသိမ်းတာကို မကြိုက်လို့ ဆန္ဒပြတာပါ”လို့ ထက်ထက်ထွန်း ဆို

“အာဏာသိမ်းမှုကြောင့် ကျနော်တို့ခေတ်မှာ အနာဂတ် မဲ့ပြီးပြီ”

Loading