The Committee to Protect Journalists ရဲ့ ၂၀၁၈ ခုနှစ်အတွင်း ထုတ်ပြန်ချက်တွေအရ ဒီနှစ်အတွင်းမှာ Professional Journalist ပေါင်း ၆၃ ဦးခန့်ဟာ အလုပ်တာဝန် ထမ်းဆောင်ရင်း အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရတယ်လို့ ဖော်ပြထားပြီး ၂၀၁၇ ခုနှစ်ထက်စာရင် သေဆုံးမှုနှုန်းဟာ ၁၅ ရာခိုင်နှုန်းခန့် မြင့်တက်လာတယ်လို့ Reporters without Borders (RSF) ရဲ့ နှစ်စဉ် စစ်တမ်းကောက်ယူမှုတွေမှာ ဖော်ပြထားပါတယ်။
ဂျာနယ်လစ်တွေအတွက် အန္တရာယ်အရှိဆုံး ထိပ်တန်း ၅ နိုင်ငံကတော့ အာဖဂန်နစ္စတန်၊ ဆီးရီးယား၊ မက္ကဆီကို၊ အိန္ဒိယနဲ့ အခုနောက်ပိုင်းမှာ အမေရိကန်နိုင်ငံပါ ပါဝင်လာခဲ့တာပဲ ဖြစ်ပါတယ်။
လွတ်လပ်စွာ ထုတ်ဖော်ရေးသားခွင့်နဲ့ ပြောဆိုခွင့်တွေပါ အပြည့်အဝ ရရှိထားပါတယ်ဆိုတဲ့ အမေရိကန်လို နိုင်ငံမျိုးဟာ ဒီစာရင်းထဲမှာ ပါဝင်လာတဲ့အတွက် အံအားသင့်စရာကိစ္စရပ်တခုပဲဖြစ်ပြီး ဂျာနယ်လစ်တွေအတွက် အန္တရာယ်အရှိဆုံး သတ်မှတ်ထားခံရတဲ့ တခြားသောနိုင်ငံတွေမှာလို အမေရိကန်နိုင်ငံဟာ စစ်ဖြစ်နေတာမျိုးကြောင့် မဟုတ်ဘဲ သွေးအေးအေးနဲ့ ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခံနေရတဲ့ဖြစ်ရပ်မျိုးတွေကြောင့်ပဲ ထိပ်တန်း ၅ နိုင်ငံစာရင်းမှာ ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံရဲ့ Maryland ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ Capital Gazette သတင်းစာက ဂျာနယ်လစ် ၅ ဦးဟာ ပြီးခဲ့တဲ့ ဇွန်လမှာ ပစ်ခတ်သတ်ဖြတ်ခံခဲ့ရပြီး မြောက်ကယ်ရိုလိုင်းနားပြည်နယ်က ဂျာနယ်လစ် ၂ ဦးဟာဆိုရင်လည်း မေလထဲမှာပဲ သတ်ဖြတ်ခံခဲ့ရတာ ဖြစ်ပါတယ်။
Capital Gazette က သေဆုံးသွားခဲ့တဲ့ ဂျာနယ်လစ် ၅ ဦးကို Time Magazine က “Person of the Year” အဖြစ် သတ်မှတ်ခဲ့ပြီး ဒါနဲ့ပတ်သက်လို့ RSF ရဲ့ တာဝန်ရှိသူတဦးဖြစ်တဲ့ Christophe Deloire က “ဂျာနယ်လစ်တွေဟာ နိုင်ငံရေးသမားတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ မုန်းတီးမှုကို အများဆုံး ခံနေရပြီး အခုနောက်ပိုင်းမှာဆိုရင် ဂျာနယ်လစ်တွေကို ရည်ရွယ်ချက်ရိရှိ တိုက်ခိုက်သတ်ဖြတ်မှုတွေဟာ ပိုမိုမြင့်တက်လာနေခဲ့တာပဲ ဖြစ်ပါတယ်” လို့ ဆိုပါတယ်။
လက်ရှိအချိန်အထိ စစ်တမ်းကောက်ယူချက်တွေအရ ဂျာနယ်လစ်ပေါင်း ၃၄၈ ဦးဟာ ဖမ်းဆီးထိန်းသိမ်းခံနေရပြီး ဖမ်းဆီးထိန်းသိမ်းခံရတဲ့ ဂျာနယ်လစ်အများစုဟာ အီရန်၊ ဆော်ဒီနဲ့ အီဂျစ်နိုင်ငံတွေမှာ ဖမ်းဆီးခံခဲ့ရတာပဲ ဖြစ်ပါတယ်။
Ref : www.thewrap.com