ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်တွင် သူ၏ အရုပ်ကို သွားပြန်ကောက်သည့် မြေးဖြစ်သူအား ကာကွယ်ရန် ကြိုးစားသည့် သက်ကြီးရွယ်အိုတဦးအား စစ်ကောင်စီတပ်က စနိုက်ပါဖြင့် ပစ်သတ်လိုက်သည်ကို ၂၀၂၁ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့တွင် တွေ့ရပြီးနောက် အလွတ်ဓာတ်ပုံသတင်းထောက် ကိုအောင်အောင်သည် စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်မှုများကို ပြတ်သားစွာ ဆက်လက် မှတ်တမ်းတင်ရန် ဆုံးဖြတ်လိုက်သည်။
ထိုသို့ ကံဆိုးမိုးမှောင်ကျသည့်နေ့ တရက်တည်းတွင်ပင် စစ်ကောင်စီတပ်များသည် လှိုင်သာယာမြို့နယ်မှ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြ လူအုပ်အတွင်း ရမ်းသမ်း ပစ်ခတ်ပြီး လူ ၈၀ ခန့် သေဆုံးကာ ထို့ထက် အများအပြား ဒဏ်ရာရသည်။
“အဲဒီလို မြင်ကွင်းတွေကို ရုပ်ရှင်ထဲမှာပဲ မြင်ဖူးတာ။ စစ်ကောင်စီရဲ့ ဗြောင်ကျတဲ့ ရက်စက်ကြမ်းကြုတ်မှုက ကျနော့်ကို တုန်လှုပ်စေတယ်” ဟု ကိုအောင်အောင်က ပြန်ပြောပြသည်။
ဓာတ်ပုံသတင်းသမားတယောက် အနေဖြင့် စစ်ကောင်စီ၏ ဖြိုခွဲမှုများကို သတင်းယူရင်း မိန်းကလေးများ အပါအဝင် လူငယ်များကို စစ်ကောင်စီတပ်များက ရက်စက်ကြမ်းကြုတ်စွာ ရိုက်နှက်သည်ကို တွေ့ခဲ့ရသည်။
“ကျနော့်ရဲ့ ရည်ရွယ်ချက်က စစ်ကောင်စီရဲ့ မတရားမှုတွေကို ကျနော့်ဓာတ်ပုံတွေကနေ ဖော်ထုတ်ဖို့ပဲ။ စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ကမ္ဘာတဝန်းက ပြည်သူတွေ မြင်စေချင်တယ်။ ကျနော် လုပ်နိုင်တာက သူတို့ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို မှတ်တမ်းတင်တာပဲရှိတယ်” ဟု ကိုအောင်အောင်က ပြောသည်။

သို့သော် သူသည် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလတွင် ရန်ကုန်မှ လျှပ်တပြက် ဆန္ဒပြပွဲတခုကို သတင်းယူနေစဉ် ဆန္ဒပြသူများနှင့်အတူ ဖမ်းဆီးခံရသည်။ စစ်ကြောရေး ပြုလုပ်စဉ် ပြင်းထန်သော ရိုက်နှက်မှုကို ခံစားရသည်။
“တခြားသူတွေနဲ့ နှိုင်းယှဉ်လိုက်ရင် ကျနော်ခံစားရတာတွေက အသေးအဖွဲပဲ။ အဖမ်းခံထားရတဲ့ ၁၆၊ ၁၇ နှစ်အရွယ် လူငယ်တွေဟာ အရမ်းပြင်းထန်တဲ့ ရိုက်နှက်မှုတွေကို ခံရတယ်။ သူတို့ရဲ့ စူးရှနာကျင်တဲ့ အော်သံတွေကို ကျနော်ကြားခဲ့ရတယ်။ တချို့တွေက လျှပ်စစ်နဲ့တို့ပြီး နှိပ်စက်ခံရသလို တချို့က တွဲလောင်းချည်ပြီး ရိုက်နှက်ခံရတယ်” ဟု ကိုအောင်အောင်က ပြောသည်။
သူနှင့် အချုပ်ခန်း တခန်းတည်းတွင် ဖမ်းဆီးခံထားရသူများအနက် နှစ်ဦးကို ရွှေပြည်သာမြို့နယ်မှ စစ်ကြောရေးစခန်းတွင် သေသည်အထိ ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်လိုက်ကြောင်း ကိုအောင်အောင်က ပြောသည်။
ပင်ပန်းဆင်းရဲသော ၁၀ လကြာ တရားခွင်အပြီးတွင် သူ့ကို ထောင် ၃ နှစ်ချလိုက်ပြီး လွတ်ငြိမ်းသက်သာခွင့်ဖြင့် ၂၀၂၄ ခုနှစ်တွင် ပြန်လွှတ်ပေးလိုက်သည်။
“တခြားသူတွေနဲ့ နှိုင်းယှဉ်လိုက်ရင် ကျနော်ခံစားရတာတွေက အသေးအဖွဲပဲ။ အဖမ်းခံထားရတဲ့ ၁၆၊ ၁၇ နှစ်အရွယ် လူငယ်တွေဟာ အရမ်းပြင်းထန်တဲ့ ရိုက်နှက်မှုတွေကို ခံရတယ်။ သူတို့ရဲ့ စူးရှနာကျင်တဲ့ အော်သံတွေကို ကျနော်ကြားခဲ့ရတယ်။ တချို့တွေက လျှပ်စစ်နဲ့တို့ပြီး နှိပ်စက်ခံရသလို တချို့က တွဲလောင်းချည်ပြီး ရိုက်နှက်ခံရတယ်”
“အန္တရာယ်ရှိပေမယ့် ဓာတ်ပုံသတင်းသမားပဲ ဆက်လုပ်မယ်။ ဒါပေမယ့် အခုလောလောဆယ် လုံခြုံရေး ပြဿနာတွေကြောင့် ကျနော်အလုပ်ကို ပြန်မစနိုင်သေးဘူး” ဟု လုံခြုံရေးအရ အမည်ပြောင်းထားသော ကိုအောင်အောင်က ပြောသည်။
အာဏာသိမ်းပြီးနောက် မကြာမီ လွတ်လပ်သော မီဒီယာအဖွဲ့အစည်းများနှင့် သတင်းသမားများသည် တနိုင်ငံလုံးမှ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ငြိမ်းချမ်းသော ဆန္ဒပြပွဲများကို သတ်ဖြတ်နှိမ်နင်းမှုများ အပါအဝင် စစ်ကောင်စီ၏ လုပ်ရပ်များကို ဆက်လက် သတင်းဖော်ထုတ် တင်ပြနေသောကြောင့် စစ်ကောင်စီအတွက် ပစ်မှတ်ဖြစ်လာသည်။
ထိုအချိန်မှ စတင်ပြီး စစ်ကောင်စီသည် မီဒီယာ ကုမ္ပဏီများကို ပိတ်ပင်ကာ ရုံးခန်းများကို ဝင်ရောက်စီးနင်းပြီး သတင်းသမားများကို ထောင်ချသည်။ အချို့သည် ဖမ်းဆီးခံရချိန်တွင် သေသည်အထိ ညှဉ်းပန်းနှိပ်စက်ခံရသည်။

သို့သော် ဖမ်းဆီး ညှဉ်းပန်း နှိပ်စက် သတ်ဖြတ်ခံရမည့် အန္တရာယ် ရှိသော်လည်း သတင်းသမား အများအပြားသည် စစ်အာဏာရှင်စနစ်အောက် နိုင်ငံတွင် ဖြစ်ပျက်သမျှကို ဆက်လက် ဖော်ထုတ်ရန် ဆုံးဖြတ်ထားကြသည်။
ကိုအောင်အောင်ကဲ့သို့ပင် အမျိုးသမီး ဗီဒီယိုသတင်းသမား အလှလေးသူဇာသည် စစ်ကောင်စီ၏ ရန်ကုန်မှ အမည်ဆိုး ကျော်ကြားသည့် ရေကြည်အိုင် စစ်ကြောရေးတွင် ၂၉ ရက်ကြာ စစ်မေးခံရစဉ်အတွင်း နှစ်ရက်ကြာ အပြင်းအထန် ရိုက်နှက်မှု ခံရသည်။
စစ်ကောင်စီဆန့်ကျင်ရေး ငြိမ်းချမ်းသော ဆန္ဒပြပွဲများကို ရက်စက်ကြမ်းကြုတ်စွာ ဖြိုခွဲမှုများအား တိုက်ရိုက် ထုတ်လွှင့်သောကြောင်း သူ့ကို စစ်ကောင်စီက ပစ်မှတ်ထားခြင်းဖြစ်သည်။
စစ်ကောင်စီက သူ့ကိုဖမ်းဆီးရန် ကနဦး ကြိုးစားမှုများဖြစ်သည့် ၂၀၂၁ ခုနှစ်၊ မေလ ၁ ရက်နေ့က သူ၏အိမ်ကို ဝင်ရောက်စီးနင်းမှုတွင် လွတ်မြောက်ခဲ့သော်လည်း သူ၏ခင်ပွန်း သတင်းသမား ဖမ်းဆီးခံရသည်။ ကံကောင်းသောကြောင့် သူသည် ရက်အနည်းငယ်အကြာတွင် ပြန်လည် လွတ်မြောက်လာသည်။
“ဘာမေးခွန်းမှ မမေးဘဲ ကျမရဲ့ပေါင်ကို ဝါးလုံးနဲ့ ငါးချက်ရိုက်တယ်။ နာကျင်လွန်းလို့ နောက်ထပ် နှိပ်စက်တာတွေကို မမှတ်မိနိုင်လောက်အောင် ဖြစ်ရတယ်”
သို့သော် နောက် လေးလအကြာ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့က ရန်ကုန်တွင် သတင်းယူသည့်အခါ စစ်ကောင်စီတပ်များ၏ ဖမ်းဆီးခြင်းခံရပြီး အလှလေးသူဇာအတွက် ကံမကောင်းတော့ပေ။
သူ၏ ပင်ပန်းဆင်းရဲလှသော အတွေ့အကြုံကို ပြန်လည်ပြောကြားရာတွင် ၎င်းက အတင်းအကျပ် လက်ထိပ်ခတ် ခံရခြင်း၊ ဖမ်းဆီးချိန်တွင် မျက်လုံးများကို အဝတ်ဖြင် စည်းထားခြင်းနှင့် ရေကြည်အိုင် စစ်ကြောရေးသို့ ချက်ချင်း အပို့ခံရခြင်းများကို ပြောပြခဲ့သည်။
“ဘာမေးခွန်းမှ မမေးဘဲ ကျမရဲ့ပေါင်ကို ဝါးလုံးနဲ့ ငါးချက်ရိုက်တယ်။ နာကျင်လွန်းလို့ နောက်ထပ် နှိပ်စက်တာတွေကို မမှတ်မိနိုင်လောက်အောင် ဖြစ်ရတယ်” ဟု ၎င်းကပြောသည်။
စစ်ကောင်စီ စစ်ကြောရေးသမားများက သူနှင့် သူ၏ လုပ်ဖော်ကိုင်ဖက်များသည် နိုင်ငံကို ရောင်းစားသည်ဟု စွပ်စွဲခံရပြီး သတင်းတင်ပြသည့်အတွက် အမေရိကန်ဒေါ်လာ မည်မျှရသည်ကို မေးမြန်းသောကြောင့် စစ်ကောင်စီက လွတ်လပ်သော မီဒီယာကို မည်မျှ မထေမဲ့မြင်ပြုသည်ကို ဖော်ပြနေသည်။
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့က အင်းစိန်ထောင်တွင် သူ့ကို ရာဇဝတ်မှု ဥပဒေ ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲပြီး ထောင် နှစ်နှစ်ချသည်။ သူသည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် လွတ်ငြိမ်းသက်သာခွင့်နှင့် ပြန်လည် လွတ်မြောက်လာသည်။
“ဘဝတူ အကျဉ်းသားတွေကို ထောင်ထဲမှာ ထားခဲ့ရလို့ ငိုပြီးတော့ ထောင်ကနေ ကျမ ထွက်လာခဲ့တာ။ ထပ် အဖမ်း မခံရအောင် ဂရုစိုက်ဖို့နဲ့ စစ်ကောင်စီထောင်ထဲမှာ ဖြစ်ပျက်နေတာကို ဖွင့်ချဖို့ သူတို့က ကျမကို မှာတယ်” ဟု သူကပြောသည်။
သတင်းတင်ပြသည့်လုပ်ငန်း ဆက်လက် လုပ်ကိုင်ရန်အတွက် မတ်လလယ်တွင် ထိုင်းနိုင်ငံ၊ မဲဆောက်သို့ တဦးတည်း ထွက်လာသည်။ ထို့နောက် လအနည်းငယ်အကြာတွင် ကရင်ပြည်နယ်၊ မြဝတီ နယ်စပ်တဖက်တွင် ခင်ပွန်းသည်၊ သမီးတို့နှင့် ပြန်လည် ဆုံစည်းခဲ့သည်။
“စစ်အာဏာသိမ်းမှု မတိုင်မီက ကိုယ်ပိုင်စီးပွားရေးလုပ်ဖို့ သတင်းလုပ်ငန်းကို စွန့်လွှတ်မယ်လို့ ကျမ ဆုံးဖြတ်ခဲ့ဖူးတယ်။ ဒါပေမယ့် စစ်အာဏာသိမ်းမှုက ကျမကို သတင်းသမားဘဝကို ပြန်လှည့်ဖို့ ဖြစ်စေခဲ့တယ်” ဟု အလှလေးသူဇာက ပြောသည်။
သူနယ်စပ်ကို ဖြတ်ကျော်လာသောအခါ သူ့အတွက် စိန်ခေါ်မှုများ မပြီးဆုံးသေးပေ။ သူတို့မိသားစုသည် ထိုင်းနိုင်ငံတွင် တရားမဝင်နေထိုင်ကြရသည်။

မြန်မာပြည်သူများကို စည်းရုံးသိမ်းသွင်းနိုင်သည့် စွမ်းရည်အတွက် ပြင်းထန်သော ခြိမ်းခြောက်မှု ဖြစ်သည်ဟု စစ်တပ်က မီဒီယာကို မြင်သောကြောင့် အာဏာသိမ်းပြီးနောက် သတင်းလွတ်လပ်ခွင့် သိသိသာသာ ကျဆင်းကြောင်း စစ်အုပ်ချုပ်ရေးအောက်မှ သတင်းလွတ်လပ်ခွင့်နှင့် မီဒီယာလုပ်ငန်း အခြေအနေအကြောင်း သရုပ်ခွဲလေ့လာမှု ပြုလုပ်ရန် မကြာသေးမီက ကူညီခဲ့သည့် Freedom Rights Myanmar မှ နိုင်ငံခြားသား သုတေသီတဦးက ဧရာဝတီသတင်းဌာနသို့ ပြောသည်။
လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကာကွယ်သည့် နိုင်ငံတကာဥပဒေကို စစ်ကောင်စီက မီဒီယာအပေါ် ဆင်ဆာ တည်းဖြတ်ခြင်းနှင့် သတင်းသမားများကို အကြမ်းဖက်တိုက်ခိုက် ဖမ်းဆီးခြင်း အပါအဝင် ဖြစ်နိုင်သည့် နည်းလမ်းအားလုံးဖြင့် ကြိုးစားနေကြောင်း၊ စစ်ကောင်စီသည် မီဒီယာကို ဆင်ဆာတည်းဖြတ်ရန်နှင့် သတင်းသမားများ ကိုယ့်တရားဝင်အလုပ်ကို ကိုယ်လုပ်ခြင်းအတွက် အပြစ်ပေးခြင်း တိုးမြှင့်ရန် ဥပဒေများကို တရားမဝင် ပြင်ဆင်နေကြောင်း အဆိုပါ သုတေသီက ထောက်ပြသည်။
မြန်မာ မီဒီယာအဖွဲ့အစည်းများနှင့် သတင်းသမားများသည် စစ်ကောင်စီအောက်မှ ဘဝနှင့်ပတ်သက်သည့် အမှန်တရားများကို ဖော်ထုတ်ရန် ရဲရင့်စွာ ကြိုးစားနေကြောင်း ၎င်းကပြောပြီး ထိုသို့ ဆက်လုပ်နိုင်ရန်အတွက် ဒီမိုကရေစီတော်လှန်ရေး အောင်မြင်စေလိုသည့် ရက်ရောသော အလှူရှင်များထံမှ ထပ်မံရရှိမည့် ငွေကြေးအကူအညီ အပါအဝင် အကူအညီ ဆက်လက်ရရန် လိုအပ်ကြောင်းလည်း ပြောသည်။
“မီဒီယာက ဒီမိုကရေစီ လှုပ်ရှားမှုအတွက် အားပေးတဲ့ အောက်ဆီဂျင်ဖြစ်ပြီး သတင်းဌာနတခု ပိတ်လိုက်ရတိုင်း ဒါမှမဟုတ် သတင်းသမားတယောက် အဖမ်းခံရတိုင်း လှုပ်ရှားမှုတခုလုံးအနေနဲ့ ခံစားရတယ်” ဟုလည်း ၎င်းကပြောသည်။
မြန်မာ မီဒီယာအဖွဲ့အစည်းများနှင့် သတင်းသမားများသည် စစ်ကောင်စီအောက်မှ ဘဝနှင့်ပတ်သက်သည့် အမှန်တရားများကို ဖော်ထုတ်ရန် ရဲရင့်စွာ ကြိုးစားနေကြောင်း ၎င်းကပြောပြီး ထိုသို့ ဆက်လုပ်နိုင်ရန်အတွက် ဒီမိုကရေစီတော်လှန်ရေး အောင်မြင်စေလိုသည့် ရက်ရောသော အလှူရှင်များထံမှ ထပ်မံရရှိမည့် ငွေကြေးအကူအညီ အပါအဝင် အကူအညီ ဆက်လက်ရရန် လိုအပ်ကြောင်းလည်း ပြောသည်။
နောက်ထပ် အမြင်တခုသည် ဧရာဝတီတိုင်း၊ မအူပင်မြို့မှ အသက် ၅၂ နှစ်အရွယ် သတင်းသမား ဦးအောင်မြသန်းထံမှ ဖြစ်သည်။ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးလှုပ်ရှားမှုကို တက်ကြွစွာ သတင်းတင်ပြရင်း စစ်ကောင်စီဖမ်းဆီးမှုကို ရှောင်ရှားနေစဉ် မအူပင်မြို့နယ်မှ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူများနှင့် သတင်းသမားများကို ဖမ်းဆီးရန် တာဝန်ပေးခံရသည့် အထူးတပ်ဖွဲ့ခေါင်းဆောင် ဒုဗိုလ်မှူးကြီး နိုင်လွင်က သူနှင့် ပူးပေါင်းဆောင်ရွက်ရန် ဦးအောင်မြသန်းကို ချဉ်းကပ်သည်။
“မိသားစု လုံခြုံရေးအတွက် စိုးရိမ်ရလို့ ပုန်းနေရာကနေ ထွက်ပြီး သူ့ကို တွေ့ဆုံရတယ်။ စစ်ကောင်စီ ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို သူ့ဆီ တနေ့သုံးကြိမ် မိုဘိုင်းဖုန်းကနေ စာတိုရိုက်ပြီး သတင်းပေးဖို့ ကျနော့်ကို ခိုင်းတယ်။ ပထမတော့ အဖမ်းမခံရဖို့ သဘောတူချင်ယောင် ဆောင်ရတယ်” ဟု ၎င်းက ရှင်းပြသည်။
ထိုသို့ ခိုင်းသည့်အလုပ်ကို လုပ်ဆောင်ရန် ပျက်ကွက်ပြီး မိသားစုကို ရွှေ့ပြောင်းရန် ကြိုးစားနေစဉ်အတွင်း ၂၀၂၁ ခုနှစ်၊ မေလလယ်က သူ့အိမ်ကို စစ်ကောင်စီတပ်က ညပိုင်းတွင် ဝင်ရောက်စီးနင်းပြီး သူ့ကိုဖမ်းသည်။ အမှတ် ၂၁၆ ခြေလျင်တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီး သက်လွင်ဦး ဦးဆောင်သည့် စစ်ကောင်စီစစ်သားများ၏ ရက်စက်ကြမ်းကြုတ်စွာ နှိပ်စက်ခံရပြီးနောက် သူသည် ယာယီအားဖြင့် မလှုပ်ရှားနိုင်တော့ပေ။
“မြေကြီးပေါ်မှာ မလှုပ်နိုင်ဘဲ လဲကျသွားပြီး ပြန်မထနိုင်တဲ့အထိ ကျနော့်ကို နှိပ်စက်တယ်။ စစ်ကောင်စီ စစ်သားတွေတောင်မှ ကျနော် မရှင်နိုင်တော့ဘူးလို့ ထင်ကြတယ်” ဟု ဦးအောင်မြသန်းက ပြောသည်။
နောက် နှစ်ရက်ကြာသောအခါ သူသည် အမှတ် ၂၇ ခြေလျင်တပ် ဌာနချုပ်တွင် စစ်ကြောခံရသည်။ နောက်တနေ့တွင် သူ့ကို ရာဇဝတ်ဥပဒေ ပုဒ်မ ၅၀၅ (က) အရ တရားစွဲပြီး မအူပင်တွင် ထောင်ဒဏ်ချလိုက်သည်။
သုံးလ ကြာသောအခါ စစ်ကောင်စီ လွတ်ငြိမ်းသက်သာခွင့်ဖြင့် ပြန်လွတ်လာပြီးနောက် မည်သည့်အကြောင်း ပြချက်မျှ မပေးဘဲ ၁၀ ရက် ထပ်မံဖမ်းဆီးခံရသည်။ နောက်ထပ် ၁၀ ရက်ကြာသောအခါ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၏ ထောက်ခံမှုဖြင့် သူ့ကို ပြန်လွှတ်ပေးသည်။ ပြန်လည် လွတ်မြောက်လာသောအခါ ထပ်မံ ဖမ်းဆီးခံရမည်နှင့် သတင်းသမား ဆက်မလုပ်နိုင်မည်ကို စိုးရိမ်ပြီး မဲဆောက်သို့ သူတကိုယ်တည်း ထွက်ပြေးခဲ့ရသည်။
နောင်တွင် စစ်ကောင်စီအရာရှိများက သူ့ကို အကြမ်းဖက်မှု ဥပဒေဖြင့် စွပ်စွဲသောကြောင့် သူ၏တွက်ကိန်း မှန်ကန်ကြောင်း သက်သေပြနေသည်။ သူ၏ အိမ်ကိုသိမ်းလိုက်ပြီး သူ၏ဇနီးနှင့် ကလေးကို ခဏကြာ ဖမ်းဆီးသည်။ ထို့နောက်သူသည် သူ့မိသားစုနှင့် မဲဆောက်တွင် ပြန်လည်ဆုံစည်းခွင့်ရသည်။ သူသည် စစ်ကောင်စီတပ်များ ညှဉ်းပန်းနှိပ်စက်စဉ်က ရရှိခဲ့သော ကျောက်ကပ်၊ အသည်း၊ နှလုံး၊ ကျောရိုးနှင့် ဦးခေါင်းတို့တွင် ပြင်းထန်သည့် ဒဏ်ရာများကြောင့် မဲဆောက်မှ ဆေးရုံတရုံတွင် တလကြာ ဆေးဝါးကုသမှု ခံယူရသည်။
ဦးခေါင်း ဒဏ်ရာကြောင့် မှတ်ဉာဏ်ပြဿနာနှင့် ဆေးကုသမှုအတွက် ငွေပေးချေရန် အခက်အခဲများ ရှိသော်လည်း သူသည် ဆုံးဖြတ်ချက် ပြတ်သားနေဆဲ ဖြစ်သည်။ “စစ်ကောင်စီက အရပ်သားတွေကို အငြင်းပွားဖွယ် သတ်ဖြတ်မှုနဲ့ နေအိမ် မီးရှို့မှုတွေ ဆက်လက် လုပ်ကိုင်နေတယ်။ နောက်ဆုံး ထွက်သက်အထိ သူတို့ရဲ့ မတရားမှုတွေကို ကျနော် ဆက်လက်ဖော်ထုတ်မယ်။ သတင်းလုပ်ငန်းကို ကျနော် မစွန့်လွှတ်ဘူး” ဟု ဦးအောင်မြသန်းက ပြောသည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု နောက်ပိုင်းတွင် အရှေ့တောင်အာရှမှ မြန်မာနိုင်ငံသည် သတင်းသမားကို ထောင်ချသည့် အရေအတွက်အရ ကမ္ဘာတွင် အဆိုးရွားဆုံး နိုင်ငံထဲ ပါဝင်နေပြီး လွန်ခဲ့သော သုံးနှစ်အတွင်း အမျိုးသမီး ၃၁ ဦး အပါအဝင် သတင်းသမား ၂၀၆ ဦးကို ထောင်ဒဏ်ချသည်ဟု International Center for Not-For-Profit Law (ICNL) ၏ အစီရင်ခံစာအရ သိရသည်။
မြန်မာသည် တရုတ်ပြီးလျှင် သတင်းသမားများကို ထောင်ဒဏ်ချသည့် ဒုတိယ အဆိုးဆုံးနိုင်ငံဖြစ်သည်။
စစ်ကောင်စီသည် ဖမ်းဆီးသည့် သတင်းသမားများကို သီးခြားဥပဒေ ကိုးခုဖြင့် တရားစွဲကြောင်း၊ အဓိကအားဖြင့် သွေးထိုးလှုံ့ဆော်မှု၊ သတင်းမှား ဖြန့်ချိမှုများနှင့် တရားစွဲသလို အကြမ်းဖက်မှု တိုက်ဖျက်ရေး ပြဋ္ဌာန်းချက်များကိုလည်း လက်နက်သဖွယ်သုံးကြောင်း ICNL အစီရင်ခံစာက ဖော်ပြသည်။
မေလ ၃ ရက်နေ့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ အထိမ်းအမှတ် ထုတ်ပြန်သည့် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) က ထုတ်ပြန်သည့် အစီရင်ခံစာပါ သတင်းလွတ်လပ်ခွင့် အညွှန်းကိန်းတွင် မြန်မာသည် နိုင်ငံပေါင်း ၁၈၀ အနက် အဆင့် ၁၇၁ တွင်ရှိကာ ညှဉ်းပန်းနှိပ်စက်၊ ထောင်ချ၊ သတ်ဖြတ်ခံရမည့် အန္တရာယ် ကြီးမားစွာရှိနေသည့် သတင်းသမားများအတွက် အန္တရာယ် အများဆုံး နေရာတခု ဆက်လက်ဖြစ်နေသည်။
သတင်းသမား ၆၀ ခန့်သည် သံတိုင်များနောက် ရောက်နေဆဲဖြစ်ပြီး လက်ရှိအချိန်အထိ သတင်းသမား အနည်းဆုံး ငါးဦးသည် စစ်ကောင်စီတပ်များ၏ သတ်ဖြတ်မှုခံရသည်ဟု နိုင်ငံတကာ သတင်းလွတ်လပ်ခွင့် အခွင့်အရေး အဖွဲ့များက ပြောသည်။
သတ်ဖြတ်ခံရသော သတင်းသမားများ
Western News သတင်းသမား ကိုဖိုးသီဟ
သတင်းသမား ကိုဖိုးသီဟကို စစ်ကောင်စီတပ်များက ရခိုင်ပြည်နယ်၊ သမိုင်းဝင်မြို့တော် မြောက်ဦးမှ ရက်ပ် အဆိုတော်တဦး အပါအဝင် အရပ်သား ဖမ်းဆီးထားသူ ခြောက်ဦးနှင့်အတူ စစ်ကောင်စီခြေလျင်တပ် ၃၈၇ တွင် ဖမ်းဆီးထားစဉ် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့က သေနတ်ဖြင့် ပစ်သတ်လိုက်သည်။
အာရက္ခတပ်တော် (AA) က ထိုစစ်ကောင်စီစခန်းကို သိမ်းပိုက်ပြီးနောက် ၎င်းတို့၏ အလောင်းများအား ဗုံးခိုကျင်းတခုတွင် မြှုပ်နှံထားသည်ကို တွေ့သည်။ AA က ဖမ်းဆီးထားသည့် စစ်ကောင်စီ အရာရှိများကလည်း ထို ရခိုင်အရပ်သား ခုနစ်ဦးကို သတ်ဖြတ်ရာတွင် ပါဝင်ပတ်သက်ကြောင်း ဝန်ခံထွက်ဆိုသည်။
ခိုနူမ်းသုန် သတင်းဌာန ပူးတွဲတည်ထောင်သူနှင့် အယ်ဒီတာချုပ် Pu Tui Dim
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလက ချင်းပြည်နယ်၊ မတူပီမြို့နယ်တွင် အခြားအရပ်သား ကိုးဦးနှင့်အတူ Pu Tui Dim ကို စစ်ကောင်စီတပ်က ရိုင်းစိုင်းစွာ ညှဉ်းပန်းနှိပ်စက်ပြီး သတ်ဖြတ်လိုက်သည်။
၎င်းတို့အားလုံးကို မသတ်ဖြတ်မီ ချင်းပြည်နယ်တွင် လှုပ်ရှားနေသည့်စစ်တပ်က လူသားဒိုင်းအဖြစ်လည်း အသုံးပြုခဲ့သည်။
ဓာတ်ပုံသတင်းသမား ကိုစိုးနိုင်
ရန်ကုန်တွင် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလက တနိုင်ငံလုံးမှ ပြည်သူများ စစ်ကောင်စီအပေါ် ဆန့်ကျင်ကြောင်း ဆန္ဒပြပြီး နေအိမ်တွင်နေကာ အသံတိတ် သပိတ်တွင် ပါဝင်ဆင်နွဲနေစဉ် လူသူကင်းမဲ့သည့်လမ်းများကို ဓာတ်ပုံရိုက်နေသော ကိုစိုးနိုင်ကို အခြား ဓာတ်ပုံသတင်းသမားတဦးနှင့်အတူ ဖမ်းဆီးခဲ့သည်။
ထို့နောက် စစ်ကောင်စီက ကိုစိုးနိုင် သေဆုံးကြောင်းပြောပြီး အလောင်းကို ရန်ကုန်ရှိ စစ်ဆေးရုံတွင် လာရောက် ယူဆောင်ရန် သူ့မိတ်ဆွေများကို အကြောင်းကြားသည်။
ဓာတ်ပုံသတင်းသမား ကိုအေးကျော်
အာဏာသိမ်းပြီးနောက် စစ်ကောင်စီဆန့်ကျင်ရေး ဆန္ဒပြပွဲများကို သတင်းယူသည် ဓာတ်ပုံသတင်းသမား ကိုအေးကျော်သည် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့က စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ရှိ သူ၏နေအိမ်တွင် စစ်ကောင်စီတပ်များ၏ ဖမ်းဆီးမှု ခံရပြီး နာရီပိုင်းအတွင်း သေဆုံးသည်အထိ ညှဉ်းပန်းနှိပ်စက်ခံရသည်ဟု ပြောကြသည်။
ဖက်ဒရယ် သတင်းဂျာနယ် အယ်ဒီတာ အေစိုင်းကေ
အယ်ဒီတာ အေစိုင်းကေသည် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်နေ့က ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင် စစ်ကောင်စီတပ်များနှင့် တိုက်ပွဲအတွင် အရပ်သားများ ထွက်ပြေးရသည်ကို သတင်းယူနေစဉ် စစ်ကောင်စီ လက်နက်ကြီး ထိမှန်သေဆုံးသည်။
စစ်ကောင်စီ၏ ဖိနှိပ်မှု
စစ်ကောင်စီသည် ဖမ်းဆီးသည့် သတင်းသမားများကို သီးခြားဥပဒေ ကိုးခုဖြင့် တရားစွဲကြောင်း၊ အဓိကအားဖြင့် သွေးထိုးလှုံ့ဆော်မှု၊ သတင်းမှား ဖြန့်ချိမှုများနှင့် တရားစွဲသလို အကြမ်းဖက်မှု တိုက်ဖျက်ရေး ပြဋ္ဌာန်းချက်များကိုလည်း လက်နက်သဖွယ်သုံးကြောင်း ICNL အစီရင်ခံစာက ဖော်ပြသည်။
စစ်ကောင်စီ၏ ဟန်ပြ တရားရုံးများသည် ပြည်တွင်းနှင့် နိုင်ငံတကာ ဥပဒေများကို လျစ်လျူရှုပြီး လုပ်ထုံးလုပ်နည်းကို ဂရုမစိုက်ဘဲ သတင်းသမားများကို နှစ်ပေါင်း ၂၀ အထိ ရှည်ကြာသည့် ထောင်ဒဏ်များ ချမှတ်နေသည်။
၂၀၂၁ ခုနှစ်တွင် စစ်တပ်က ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ အရပ်သားအစိုးရကို အာဏာသိမ်းပြီး မကြာမီ စစ်ကောင်စီသည် လွတ်လပ်သော မီဒီယာများ၏ လိုင်စင်များကို ပြန်လည် ရုတ်သိမ်းကာ အကြောင်းပြချက် မပေးဘဲ ရုံးခန်းများကို ဝင်ရောက်စီးနင်းသည်။
ဧရာဝတီ သတင်းဌာန အပါအဝင် လွတ်လပ်သော သတင်းအဖွဲ့အစည်း အများအပြားသည် ၎င်းတို့၏ လုပ်ငန်းများကို ပြည်ပတွင် ဆက်လက်လုပ်ကိုင်ရသည်။
စစ်ကောင်စီနှင့် နီးကပ်သော ဆက်ဆံရေး သို့မဟုတ် အချိတ်အဆက်ရှိသည့် သတင်းဌာနများကိုသာ နိုင်ငံတွင်း ဆက်လက် လုပ်ကိုင်ခွင့်ပေးသည်။ ပြည်ပ မီဒီယာ အနည်းငယ်ကိုလည်း ပြည်တွင်းတွင် ဆက်လက် လုပ်ကိုင်ခွင့် ပေးသည်။
သို့သော် သေခြင်းတရား၊ ဖမ်းဆီးမှုနှင့် ချုပ်နှောင်မှုများကို ရင်ဆိုင်ပြီး သတင်းသမား အများအပြားသည် နိုင်ငံတွင်းတွင် ဆက်လက် လုပ်ကိုင်နေကြသည်ဟု Karen Information Center နှင့် လွတ်လပ်သော မြန်မာ သတင်းကောင်စီ (IPCM) ဥက္ကဋ္ဌ နန်းဖော့ဂေက ပြောသည်။
“သူတို့ရဲ့ လုံခြုံရေးအတွက် စိုးရိမ်စရာတွေ အများကြီးရှိတယ်။ နိုင်ငံတွင်းမှာ အလုပ်လုပ်ရတာ သူတို့အတွက် အရမ်း အန္တရာယ်များလို့ပဲ” ဟု ၎င်းကပြောသည်။

ကိုဗညားသည် မြန်မာနိုင်ငံအတွင်း လျှို့ဝှက်စွာ ဆက်လက် လုပ်ကိုင်နေသည့် သတင်းသမားများအနက် တဦးဖြစ်သည်။ ဖမ်းဆီး ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခံရမည့် အခြေအနေများ ပိုမိုဆိုးရွားလာသော်လည်း သူသည် စစ်ကောင်စီ၏ ဖိနှိပ်အာဏာချုပ်ကိုင်မှုများ အကြားတွင် သူ့အတတ်ပညာအတိုင်း ဆက်လက် လုပ်ကိုင်ရန် ပြတ်ပြတ်သားသား ဆုံးဖြတ်ထားသည်။
“တနိုင်ငံလုံးက အရပ်သားတွေကို စစ်ကောင်စီက ကျူးလွန်တဲ့ မပြီးဆုံးနိုင်သော ရက်စက်ကြမ်းကြုတ်မှုတွေကို သတင်းတင်ပြပြီးတော့ စစ်ကောင်စီတပ်တွေက လိုက်ဖမ်းတာ ခံရတဲ့ အိပ်မက်ဆိုးတွေ မက်တယ်” ဟု ကိုဗညားက ပြောပြီး လက်ရှိအခြေအနေတွင် သတင်းသမားအဖြစ် လုပ်ကိုင်ရခြင်းကြောင့် သူ၏ ပေးဆပ်ရမှုများကို ပြောပြသည်။
စစ်တပ်က မကြာသေးမီက အသက်သွင်းလိုက်သည့် အတင်းအကျပ် စစ်သားစုဆောင်းသည့် အသက်တွင် အကျုံးဝင်နေသူ တဦးအနေဖြင့် သူသည် ထိုခြိမ်းခြောက်မှုကိုလည်း ရင်ဆိုင်နေရသည်။
“ကျနော့် ဂျာနယ်လစ်အဖြစ် အတတ်ပညာနဲ့လုပ်တဲ့အလုပ်ကို မစွန့်လွှတ်ဘူး။ အထူးသဖြင့် အခုလို စစ်အာဏာရှင်စနစ်အောက်လို စိန်ခေါ်မှုများတဲ့အချိန်မှာ ကျနော် မစွန့်လွှတ်နိုင်ဘူး။ နိုင်ငံမှာဖြစ်နေတဲ ပကတိအခြေအနေတွေ၊ မတရားမှုတိုင်းကို ဖော်ထုတ်ဖို့ဆိုတာဟာ သတင်းသမားတွေ အနေနဲ့ ကျနော်တို့တာဝန်ပဲ” ဟု ကိုဗညားပြောသည်။ (လုံခြုံရေးအတွက် အမည်ပြောင်းလဲထားပါသည်။)
သတင်းသမားများသည် ယခင်မကြုံဖူးသည့် မလုံခြုံမှုနှင့် ရင်ဆိုင်နေရကြောင်း IPCM အတွင်းရေးမှူး ဦးတိုးဇော်လတ်က ပြောသည်။
“သတင်းသမားတွေက စစ်မှန်တဲ့ အညတရ သူရဲကောင်းတွေပဲ” ဟု သူက အလေးအနက်ပြောသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ ခွာညိုနှင့် နေ့သစ်တို့၏ ‘Unsung Heroes’: Myanmar’s Independent Journalists Vow to Continue Their Work ကို ဘာသာပြန်သည်။)
You may also like these stories:
ကမ္ဘာမြေအတွက် မြန်မာ့သတင်းမီဒီယာ
ဥပဒေပြင်ပြီး မီဒီယာကို စစ်ကောင်စီ ပိုကျပ်
စစ်ကောင်စီ ဆိုရှယ်မီဒီယာက အမျိုးသမီးများကို ပစ်မှတ်ထားခြိမ်းခြောက်
လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ ဖွဲ့စည်း
မီဒီယာ ကြိုးကိုင်ခြယ်လှယ်ရန် တရုတ်ထံမှ စစ်ကောင်စီ လေ့လာနေ
သတင်းမီဒီယာအပေါ် စစ်ကောင်စီကျူးလွန်မှုများ တရားမျှတမှုရရေးကြိုးပမ်းမည်ဟု NUG ဆို
အမှောင်ကမ္ဘာထဲက မြန်မာ့သတင်းမီဒီယာ